၂၀၂၂ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ ညနေခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဖက်ဒရယ်ရှမ်းပြည်ကို ပြန်အသက်သွင်းမယ်လို့ ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ထုတ်ပြန်
📌ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်ပြီလို့ မှားယွင်းပြောမိတဲ့အပေါ် ဟွန်ဆန်တောင်းပန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဖက်ဒရယ်ရှမ်းပြည်ကို ပြန်အသက်သွင်းမယ်လို့ ရှမ်းပြည် ညီညွတ်ရေး ကော်မတီ ထုတ်ပြန်လိုက်ပါတယ်
ဖက်ဒရယ် ရှမ်းပြည်အဖြစ် ပြန်လည်အသက်သွင်းခြင်းသည် ပြည်နယ် တည်ဆောက်ရေးအတွက် အရေးကြီး လိုအပ်ချက်ဖြစ်တယ်လို့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၇ ရက်နေ့သည် ၇၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့ ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကလည်း ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ဘေးလွတ်လုံခြုံစွာရှိကြပါစေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သော အဆိုပါသဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်း လက်တွဲဆောင်ရွက်ကြရန်လည်း တိုက်တွန်းဖိတ်ခေါ်ကြောင်းပါရှိပါတယ်။ ၇၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့တွင် ရှည်းပြည်ညီညွတ်ရေးကော်မတီ CSSU မှလည်း ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး မူဝါဒ ကြေညာစာတမ်းကိုထုတ်ပြန်ခဲ့ကြရာ ထိုကြေငြာစာတမ်းတွင် " လွတ်လပ်ရေးရပီးနောက်ပိုင်း နိုင်ငံရေးခေါင်းဆောင်အဆက်ဆက်က ပင်လုံစာချုပ်ပါကတိကဝတ်များကိုလိုက်နာရန်ပျက်ကွက်ခဲ့မှုနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်လည်းပျက်ကွက်ခဲ့ကြောင်း ရေးသားထားပါတယ်။ ပြည်နယ်ပေါင်းစုံညီလာခံတွင်္ငဆုံးဖြတ်ခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခြေခံမူကို ပြည်ထောင်စုဖြိုခွဲမယ့် မူအဖြစ်စွပ်စွဲကာ ၁၉၆၂ မှစလို့ ပြည်ထောင်စုတခုလုံးစစ်အာဏာရှင်လက်အောက်ရောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ယခုအခါတွင် အာဏာသိမ်းစစ်တပ်နှင့်သာမက တိုင်းရင်းသားတပ်အချင်းချင်း ဝမ်းနည်းဖွယ်ရာတိုက်ပွဲများဖြစ်နေကြပီး ထိုပဋိပက္ခများကိုဖြေရှင်းနိုင်ရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်ရေးမူများကို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နစ်နာမှုအမျိုးမျိုးနှင့်လွတ်လပ်မှုပျောက်ဆုံးခဲ့ရတဲ့သင်ခန်းစာများကိုနမူနာယူရမည်။ အာဏာရှင်ဟူသမျှရှင်သန်အုပ်ချုပ်ခွင့်မရစေရန် ရှမ်းပြည်နယ်သားများသည် ဓမ္မနှင့်အဓမ္မခွဲခြားသုံးသပ်ပီး ဓမ္မဘက်ကရပ်တည်ကာ တွန်းလှန်သွားကြမည့်အကြောင်းလည်း ထည့်သွင်းရေးသားပါရှိပါတယ်။
အဓိကအနေဖြင့် အနာဂါတ်ပြည်နယ်ကို ဖက်ဒရယ်ရှမ်းပြည်အဖြစ် ပြန်လည်အသက်သွင်းရန် လိုအပ်ပါမယ်လို့ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
"ကျွန်တော်တို့ ထုတ်ပြန်တဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ခြင်းဆိုတာမှာ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီးပိုင်ခွင့်နဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်တွေကို အခြေခံ ထားတာမို့လို့ အဲ့ဒီ အပေါ်မှာ ယုံကြည် သက်ဝင်သူတွေ အနေနဲ့ ပူးပေါင်း ပါဝင် လာလိမ့်မယ်လို့ မျှော်လင့်တယ် " ဟု CSSU ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ်က ထုတ်ပြန်ချက်နဲ့ပက်သက်ပြီး ပြောဆိုပါတယ်။
CSSU ကို ရှမ်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သော RCSS ၊ SSPP အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNLD) နှင့် အခြား ရှမ်းအရပ်ဘက် အဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။
မကြာခင်ကျင်းပမယ့် စိန်ရတုပြည်ထောင်စုနေ့တွင်လည်း အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဘက်က ထာဝရငြိမ်းချမ်းရေးအမည်ကို ထပ်မံအသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုတွေကတော့ အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအစစ် တည်ဆောက်ဖို့ ကြွေးကြောာ်သံများနှင့်အတူ ခုခံတော်လှန်စစ်များ ပြင်းထန်နေချိန်လည်းဖြစ်ပါတယ်။
========================
📌📌ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်ပြီလို့ မှားယွင်းပြောမိတဲ့အပေါ် ဟွန်ဆန်တောင်းပန်
ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ် ပြန်လွတ်လာပြီလို့ မှားယွင်းပြောမိတဲ့အပေါ် တောင်းပန်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ အဲဒီလိုပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြခဲ့တာပါ။
သတင်းအချက်အလက် မှားယွင်းတာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း မရည်ရွယ်တဲ့ မှားယွင်းမှုဖြစ်လို့ ခွင့်လွှတ်ပါလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ Facebook ကနေတစ်ဆင့် အသိပေးခဲ့တဲ့အကြောင်း သိရပါတယ်။
ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ Khmer Times သတင်းဌာနရဲ့ဖော်ပြချက်ဟာ မှားယွင်းကြောင်း စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ဗီအိုအေကို ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ တောင်းဆိုချက်အရဆိုပြီး ပါမောက္ခ ရှောင်တာနဲလ်ကို ဖေဖေါ်ဝါရီ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ Khmer Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၆ ရက်နေ့ဟာ အကြမ်းဖက်စစ်အုပ်စုက မစ္စတာရှောင်တာနဲလ်ကို ဖမ်းဆီးထားတာ တစ်နှစ်ပြည့်နေ့ဖြစ်ပြီး သူ့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပါမောက္ခ ရှောင်တာနဲလ်ကို ဖမ်းဆီးပြီးနောက် သူ့ရဲ့ ကွန်ပျူတာကရတဲ့ အချက်အလက်တွေအရဆိုပြီးထောင်ဒဏ် ၁၄ နှစ်အထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဖမ်းဆီးထားတာပါ။
သူ့ကို ဖမ်းဆီးထားခြင်းဟာ တရားမျှတမှုမရှိတဲ့ အကြောင်းနဲ့ သူ့အပေါ် စွပ်စွဲထားမှုတွေကို သြစတြေးလျအစိုးရက လက်မခံကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment