သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ရက်စွဲနဲ့ ကြေငြာချက်တရပ် ထုတ်ပြန်
📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံ
📌အာဏာသိမ်းလူသတ် အကြမ်းဖက်စစ်တပ်က ထာဝရငြိမ်းချမ်းရေးလို့သုံးနှုန်းပြီး အပစ်ရပ်ကမ်းလှမ်းမှုကို သွေးရူးသွေးတန်းဖြစ်နေတယ်လို့ KNU ကပြောဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ရက်စွဲနဲ့ ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
ထိုကြေငြာချက်အပြည့်အစုံမှာ
ယာယီဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်း ကောင်စီများ၏ ကြားကာလပညာရေး၊သင်ကြားရေးအစီအစဉ်များနှင့်ပတ်သက်သောထုတ်ပြန်ကြေညာချက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စစ်အာဏာရှင် တော်လှန်ရေး ကာလတစ်လျှောက် ကြားကာလပညာရေးသင်ကြားရေးအစီအစဉ်များကို ဆောင်ရွက်လျက် ရှိရာ ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများအတွက် ပြည်တွင်း/ပြည်ပမှ ပညာရှင် များ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ယာယီဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်း ကောင်စီများနှင့်လက်တွဲ၍ ထိန်းချုပ်နယ်မြေများရှိ ဆေးရုံ/ဆေးခန်းများတွင် စာတွေ့လက်တွေ့ သင်ကြားမှုများ၊ အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
၂။ သက်ဆိုင်ရာအတန်းအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်းများတွင် တက်ရောက် လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အချင်းဆန်းစစ်မှု စာမေးပွဲများနှင့် အတန်းတင်စာမေးပွဲများကို ကျင်းပပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိပြီး မကြာမီကာလအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ပြည်သူ လူထုက အသိအမှတ်ပြုလက်ခံထားခြင်း မရှိသောကြောင့် ၎င်းတို့ တရားမဝင် ဖွင့်လှစ် သင်ကြားဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ အရည်အချင်းဆန်းစစ်မှု စာမေးပွဲများ၊ အတန်းတင် စာမေးပွဲများနှင့် ဘွဲ့လက်မှတ်များကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ပါ။
၄။ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ယာယီ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်/ကျောင်းကောင်စီ များ၏ ထုတ်ပြန်ကြေညာချက်များ၊ မူဝါဒများနှင့်အညီ ထောက်ခံရပ်တည်လျက်ရှိပြီး စစ်ကောင်စီသင်တန်းများက ပေးအပ်သည့် အသိအမှတ်ပြုလက်မှတ်များ၊ ဘွဲ့လက်မှတ်များ အသုံးပြု၍ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားခြင်းနှင့် အလုပ် အကိုင်များ လျှောက်ထားခြင်းတို့ကိုလည်း ထောက်ခံအသိအမှတ်ပြုမည်မဟုတ်ပါ။
၅။ အကြမ်းဖက်စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနတွင် စစ်ကောင်စီအလိုကျ ဆောင်ရွက် နေသော ဆရာ၊ ဆရာများနှင့် ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေးနှင့်အညီ အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ တရားမဝင် သင်တန်းများတွင် တက်ရောက်နေ သော ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာ ယာယီ ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းကောင်စီများ၏ ထုတ်ပြန်ကြေညာချက်များ၊ မူဝါဒများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
(ပုံ) ဒေါက်တာဇော်ဝေစိုး ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာနဟူ၍ ဖြစ်ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံခဲ့တဲ့သတင်းကို တင်ဆက်ပေးပါ့မယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဟာ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အဆိုပါတွေ့ဆုံမှုတွင် ဒေါက်တာနော်လင်းဟေဇာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့သည်နှင့် စပ်လျဥ်း၍ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာပြည်သူများ၏ အသံသည်သာ အဓိကကျကြောင်းနှင့် အထူးအလေးထားကြောင်း ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် မိမိ၏တာဝန်သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ဖြစ်သောကြောင့်နားလည်ပေးစေလိုပါကြောင်း၊ မိမိ၏ အဓိကမျှော်မှန်းချက်သည် မြန်မာနိုင်ငံကိုအကူအညီပေးရန်သာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ပိုမိုနားလည်စေရန် လေ့လာကြားနာ သွားလိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း စစ်အုပ်စု၏ အာဏာသိမ်းရန် ကြံစည်မှု၏ နောက်ဆက်တွဲဆိုးကျိုးများအနေနှင့် ဖြစ်ပေါ်လာရသော လူအခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူများအပေါ်လူသားချင်း စာနာထောက်ထားမှုပေးရန်အရေးပေါ် လိုအပ်နေမှုအခြေအနေ များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါတယ်။ ဆက်လက်ပီးတော့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က မြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုများ၊ ယမန်နေ့ကဖြစ်ပွားခဲ့သော ၁၇ နှစ်အရွယ်ကျောင်းသားတဦးအား ရန်ကုန်မြို့လည်ခေါင်တွင် သေနတ်နှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှု အပါအဝင် အကြမ်းဖက်ဖမ်းဆီးနှိပ်စက်နေမှုများကို ဖော်ပြဆွေးနွေးပါတယ်။ အရပ်သား ကျေးရွာများကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေမှုများသာမက လေကြောင်း တိုက်ခိုက်မှုများ ၊ စသည့် တို့အပြင်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုများကို ဖက်ဒရယ်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပြည်သူလူထု က ညီညီညွတ်ညွတ်ဆန့်ကျင်တော်လှန်နေကြသည့် အခြေအနေ အရပ်ရပ် ကိုလည်း ပြောကြားခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုရဲ့ လှုပ်ရှားမှုများနှင့်အတူတကွ NUG အစိုးရရဲ့ ပေါင်းစပ် ဆောင်ရွက်ချက်များ စသည့် တို့ ကိုလည်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။ နိုင်ငံခြားရေးကြီး ဒေါ်ဇင်မာအောင်က ကုလသမဂအထူးကိုယ်စားလှယ်နဲ့ သူမတွေ့ဆုံတဲ့သတင်းကို လူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ဖက်ဒရယ်ဒီမိုကရေစီနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားနေမှုအပါအဝင် လူသားချင်းစာနာထောက်ထားမှု၊ အကာအကွယ်ပေးရေးနှင့် နိုင်ငံရေးနည်းလမ်းများကို ဆက်လက်တွန်းအားပေးလုပ်ဆောင်နေသည် သိခွင့်ရတဲ့အတွက် ဝမ်းမြောက်မိတဲ့အကြောင်း ရေးသားထားပါတယ်။
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ဇန်နဝါရီ ၃၁ ရက်တွင် စင်္ကာပူအခြေစိုက် CNA သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ရာမှာ မြန်မာ့အရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ချန်ထားခဲ့၍မရဘဲ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန်လိုအပ်ကြောင်း ထည့် သွင်းဖြေကြားခဲ့ပြီး အဆိုပါပြောဆိုချက်အပေါ်မှာ စစ်အာဏာရှင်အလိုမရှိ ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့အင်အားစုများဘက်က ပြင်းထန်စွာဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။
ကုလအထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်အပေါ် ဥရောပဆိုင်ရာကရင်အဖွဲ့အစည်း (European Karen Network)က ငြင်းပယ်ကန့်ကွက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကသာလျှင် မြန်မာနိုင်ငံရှိ ပြဿနာများအားလုံးရဲ့ အကြောင်းရင်းတရားခံဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်က အမှန်တကယ်နားမလည်ကြောင်း ဒီမိုကရေစီအင်အားစုများဘက်က ဝေဖန်သံတွေထွက်ပေါ်ခဲ့အပြီးမှာ အခုလို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံရေးဝန်ကြီးနှင့် တွေ့ဆုံမှုများ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
========================
📌📌အာဏာသိမ်းလူသတ် အကြမ်းဖက်စစ်တပ်က ထာဝရငြိမ်းချမ်းရေးလို့သုံးနှုန်းပြီး အပစ်ရပ်ကမ်းလှမ်းမှုကို သွေးရူးသွေးတန်းဖြစ်နေတယ်လို့ KNU ကပြောဆိုလိုက်ပါတယ်။
ဥပဒေမဲ့အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူပေါင်း ၁၅၀၀ ကျော်ကိုသတ်ဖြတ်ပစ်ခဲ့တဲ့အပြင် စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ ပြည်သူကိုအရှင်လတ်လတ်မီးရှို့သတ်ခြင်း မြို့ရွာများကိုမီးရှို့ခြင်း လက်နက်ကိုင်နယ်မြေများကို လေယာဉ်ဗုံးကြဲခြင်းစတဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာကို ကျူးလွန်ထားပြီဖြစ်ပါတယ်။ အခုလိုအာဏာရှင်စစ်တပ်ကို နိုင်ငံတကာတရားစီရင်ရေးအရ တရားစွဲနိုင်ဖို့ NUG အပါအဝင် အဖွဲ့အစည်းများက ကြိုးစားနေကြပါတယ်။ အာဏာသိမ်းတနှစ်ပြည့်ပီးနောက် ရက်ပိုင်းမှာပဲ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာတေ့ ထာဝရငြိမ်းချမ်းရေးတွက် လက်နက်ကိုင်တပ်တွေအားလုံးကို ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ကမ်းလှမ်းချက်မှာ NCA လက်မှတ်ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်လို့ ဆိုထားပါတယ်။ မကြာသေးခင်က တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအပြီး ယခုနှစ်ကုန်ပိုင်း်တွင် အပစ်ခတ်ရပ်စဲရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပါဝင်တဲ့ကတိအတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပေမယ့် မကြာခင်ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာလည်း စစ်အုပ်စု ကိုယ်စားလှယ်များဟာ ဖိတ်ကြားအသိအမှတ်ပြုခြင်းမခံခဲ့ရပါဘူး။
အကြမ်းဖက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှု သည် သွေးရူးသွေးတန်း လုပ်နေခြင်းဖြစ်လို့ ခေါင်းထဲ ထည့်စရာမလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။
"ဒီအချိန် ဒီကာလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာညာ လာပြောစရာ အကြောင်း ကို မရှိတာ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်။ ဒါက အသစ်အသစ်သော တိုင်းပြည်၊ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားမှာဖြစ်တဲ့အတွက် နောက်လှည့်ပြီးတော့ သူတို့ပြောတာတွေ ကို ခေါင်းထဲမှာ ထည့်စရာအကြောင်းမရှိတော့ဘူး။" လို့ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။
ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနှစ်ရှည်ထောင်ဒဏ်ချနေပေမယ့် တဖက်က ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့လည်း စစ်အုပ်စုက ပြောနေပါတယ် တချိန်တည်းမှာပဲ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်တဲ့ ရှမ်းအမျိုးသားနေ့ ကြေငြာစာတမ်းမှာ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ပြည်ထောင်စုစနစ် ပျက်ပြယ်သွားခဲ့ရပြီဖြစ်ကြောင်း၊ ပြည်သူတွေဟာ ဓမ္မနှင့်အဓမ္မကိုခွဲခြားပြီး အာဏာရှင်ကိုအတူတကွတွန်းလှန်သွားရမယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီက မူဝါဒထုတ်ပြန်ခဲ့တာကိုလည်းတွေ့ရပါတယ်
"စစ်အာဏာသိမ်းခါစနဲ့ တစ်နှစ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲအခြေအနေက လုံးဝ မတူတော့ဘူး။ အရင်ကနဲ့ မတူတာက အခု တနိုင်ငံလုံး တနံတလျားမှာ သူ့ကို ဆန့် ကျင်အုံကြွပြီး တိုက်ခိုက်နေတဲ့အနေအထားက ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားတခုမှာ သူတို့က ကောက်ရိုးတမျှင် စာလေး ရလိုရငြား သွေးရူးသွေးတန်းနဲ့ ထ လုပ်တာလို့ ကျနော် မြင်တယ်ဗျ။ ကျနော် ပြောချင်တာက ဒီအချိန် ဒီကာလမှာ လူထုတရပ်လုံး တောင်းဆိုမှုဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထဲက လုံးဝကို ထွက်ခွာသွားဖို့ပါ၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီစစ်တပ်နဲ့ သွားပြီးတော့ စိတ်ကူး ယဉ်စရာအကြောင်းကို မရှိတော့တာ။ အချိန်ဖြုန်းနေစရာ အကြောင်းကို မရှိတော့ဘူး" လို့ KNU နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ်သူ ဖဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ အာဏာကိုလုယုပီးတနှစ်ပြည့်ချိန်ထိ နိုင်ငံတကာရဲ့အသိအမှတ်ပြုခြင်းကိုမရရှိဘဲ စစ်အာဏာရှင်ကိုမုန်းတီးတဲ့ ပြည်သူများ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ခုခံတွန်းလှန်စစ်ကိုရင်ဆိုင်နေရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဥက္ကဌက ၆၁ နှစ်မြောက်ကချင့်တော်လှန်ရေးနေ့ မိန့်ခွန်းတွင် NUG နဲ့ပူးပေါင်းပြီးအာဏာရှင်ကိုတော်လှန်ဖို့ တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လျက်ရှိပါတယ်
ရက္ခိုင့်တပ်တော် AA အနေနဲ့ကတော့ အကြမ်းဖက်စစ်တပ်က ကမ်းလှမ်းထားတဲ့ ဆွေးနွေးပွဲနှင့်ပတ်သက်လို့ တရားဝင်ဆက်သွယ်လာမှု မရှိသကဲ့သို့ မဟာမိတ်ညီနောင် အဖွဲ့စည်းတွေကြားထဲမှာလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တာမလုပ်ရသေးဘူးလို့ ပြောဆိုထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment