12th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပထမဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတဲ့ "ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား" ကို CRPH နဲ့ အခြားသောအဖွဲ့အစည်းများမှ သဝဏ်လွှာများ ပေးပို့
📌ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ခံထားရသည့် ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့ပြီး AA အဖွဲ့ဝင် ၄၆ ဦးနှင့် အကျဉ်းသား ၈၁၄ ဦးကို အကြမ်းဖက်မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေး
📌ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာမက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တို့မှာ မိုဘိုင်းလ်အင်တာနက်များ ပြတ်တောက်ခြင်း၊​ နှေးကွေးမှုများ ဖြစ်ပေါ်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတဲ့ "ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား" ကို CRPH နဲ့ အခြားသောအဖွဲ့အစည်းများမှ သဝဏ်လွှာများ ပေးပို့ခဲ့ကြတဲ့သတင်းကို တင်ပြပေးပါ့မယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်နေ့အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နေ့စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အဲ့ဒီသဝဏ်လွှာမှာ -

ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၁။ လွတ်လပ်သည့်ပြည်ထောင်များက လွတ်လပ်၍ စစ်မှန်သောတန်းတူညီမျှမှုရှိသည့် ပြည်ထောင်စုနိုင်ငံဟူသည့် ခေါင်းစဉ်အောက်တွင် ငြိမ်းချမ်းမျှတစွာ အတူယှဉ်တွဲနေထိုင်ကြရန် “ပင်လုံစာချုပ်” ချုပ်ဆိုလျက် တောင်တန်းမြေပြန့် တိုင်းရင်းသားများ၏ ပေါင်းစည်းမှုစိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါသည်။ တိုင်းရင်းသားပြည်သူ များ၏ သွေးစည်းညီညွတ်ခြင်းပြယုဂ်ဖြစ်သည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ခြင်း (၇၅) နှစ် ပြည့်မြောက် သည့် သမိုင်းဝင်နေ့ထူးနေ့မြတ်မှစကာ ပင်လုံပဋိညာဉ်လမ်းစဉ်အပေါ် အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

၂။ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားပြည်သူများအကြား နှစ်ပေါင်းများစွာ သံသယများဖြင့် သွေးကွဲမှုများ ရှိခဲ့ကြသော်လည်း ဖက်ဆစ်ဂျပန်များအား တော်လှန်ကြရာတွင်မူ တိုင်းရင်းသားအားလုံးညီညွတ်စွာဖြင့် ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်နိုင်ခဲ့ကြပါသည်။ ဖက်ဆစ် ဂျပန်များ၏ လက်အောက်မှလွတ်မြောက်ပြီးနောက် နိုင်ငံလွတ်လပ်ရေးကို ကြိုးပမ်းကြချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ကြိုးပမ်းမှု၊ ပြည်သူများ၏ စည်းလုံးမှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် သဘောတူညီချက်များ ပါဝင်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သော်လည်း ဗြိတိသျှတို့က အတ္တလန္တိတ် စာချုပ်ဖြင့် လွတ်လပ်ရေးကို သီးခြားခွဲ၍ ပေးရန်၊ တောင်တန်းဒေသများကို လွတ်လပ်ရေးမပေးသေး ရန် သွေးခွဲခဲ့ကြသည်။

၃။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွှေတိဂုံဘုရားကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပခဲ့သည့် ဖဆပလညီလာခံတွင် တိုင်းရင်းသားအားလုံးလက်တွဲကာ လွတ်လပ်သည့် ပြည်ထောင်စုကို တည်ဆောက်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးများက ၁၉၄၆ ခုနှစ် မတ်လ ၁ ရက် မှ ၁၂ ရက် အထိ ပင်လုံမြို့တွင် ပထမအကြိမ် ညီလာခံအဖြစ် စုပေါင်းစည်းဝေး ကျင်းပခဲ့ ကြပါသည်။

၄။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကို တောင်တန်းပြည်မ အတူတကွ ရယူကြရန်၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ပြည်ထောင်စုကြီးတစ်ခု အတူတကွထူထောင်ကြရန် မျှော်မှန်းလျက် “ပင်လုံစာချုပ်” ကို ချုပ်ဆိုကာ ပြည်ထောင်စုတစ်ရပ်လုံး၏ စည်းလုံးမှုအင်အားကို ပြသလျက် ဖက်ဒရယ်အုတ်မြစ် ကို ချမှတ်ခဲ့ကြပါသည်။

၅။ သို့သော်လည်း ဗိုလ်နေဝင်းက ပင်လုံစိတ်ဓာတ်အခြေခံမူလမ်းစဉ်ကို ဆန့်ကျင်ဖောက်ဖျက် လျက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာအခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အတွက် တိုင်းရင်းသားများ၏ မူလအခွင့်အရေးများအားလုံးဆုံးရှုံးကာ ပြည်တွင်းစစ် စတင်ခဲ့ရပါသည်။ ထိုမှစကာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစသဖြင့် စစ်အာဏာရှင်တို့ စိတ်ကြိုက်ရေးဆွဲထားသည့် ဥပဒေများကို ပြဋ္ဌာန်းကာ တိုင်းရင်းသား ပြည်သူများအား သွေးခွဲလျက် လူမျိုးကြီးဝါဒကိုကိုင်စွဲကာ ဖိနှိပ်အုပ်ချုပ်ခဲ့ကြပါသည်။

၆။ ထိုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအရ ဖိနှိပ်အုပ်ချုပ်လျက်ရှိသည့် ကြားမှပင် ပြည်သူတို့က တခဲနက် ရွေးကောက်တင်မြှောက်သည့် ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်လာကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံအစည်းအဝေးများ ခေါ်ယူလျက် ဒီမိုကရေစီဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်များ ချမှတ်၍ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုအထိ ချုပ်ဆိုနိုင်ခဲ့ပါသည်။

၇။ သို့သော်လည်း အတုအယောင်ဖက်ဒရယ်ကိုသာ ပေးလိုသော ကိုယ်ကျိုးစီးပွားကိုသာ ကြည့်သည့် စစ်အာဏာရှင်တစ်စုက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တခဲနက် ထောက်ခံရွေးချယ်ခဲ့သည့် ပြည်သူ့အစိုးရအား မတရားဖမ်းဆီးလျက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကို လက်နက်အားကိုး၍ ဥပဒေမဲ့လုယူသွားကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် နည်းလမ်းများဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မြို့၊ ရွာများအား မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား မတရားလုယူခြင်း၊ ဖျက်ဆီးခြင်း အစရှိသည့် ပြစ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါသည်။

၈။ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်ရေးမှ သန္ဓေတည်ခဲ့သည့် တော်လှန်ရေးစိတ်ဓာတ်များဖြင့် စုစည်း ညီညွတ် စွာ တိုက်ထုတ်ကြရမည်ဖြစ်ပါသည်။ လက်နက်အင်အား အဆမတန်သာလွန်သည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်ကို တစ်နှစ်ကြာသည်အထိ အုပ်ချုပ်ခွင့်မပေးဘဲ ဆုံးရှုံးမှုများ များစွာ ရှိနေသည့်တိုင် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ကျရာကဏ္ဍအသီးသီးမှ အားသွန်ခွန်စိုက် တော်လှန်နေကြဆဲ ဖြစ်ပါသည်။ ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် အသက်ပေးလှူသွားခဲ့ကြသော သူရဲကောင်းများအား ဝမ်းနည်းစွာ အလေးပြုပါကြောင်း ဤသဝဏ်လွှာမှတဆင့် အလေးအနက် မှတ်တမ်းတင်အပ်ပါသည်။

၉။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုအပြီးတိုင်ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ပထမအကြိမ် ပြည်သူ့ညီလာခံ ခေါ်ယူကာ အဆိုပါဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ကာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုက လွှဲအပ်ထားသည့် အခွင့်အာဏာကို အလေးအနက်ပြုလျက် ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ပင်လုံစိတ်ဓာတ်ဖြင့် ကတိသစ္စာပြုလျက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ လို့ ဖော်ပြပါရှိပါတယ်။

ယခုကျင်းပနေသော ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားသို့ တက်ရောက်နေသော နိုင်ငံများမှာ French Republic, Republic of Ireland, Kingdom of Denmark, Kingdom of Sweden, Canada, Federal Republic of Germany, Japan, Delegation of the European Union to Myanmar, New Zealand, Republic of Croatia, Kingdom of Norway, Swiss Confederation, United States of America, Republic of Ghana, Republic of Poland, Grand Duchy of Luxembourg, Kingdom of Belgium, Italian Republic, Republic of Belarus, Czech Republic, Republic of Finland, United Kingdom of Great Britain and Northern Ireland, Commonwealth of Australia, Republic of Korea (South Korea) တို့ဖြစ်ကြပါတယ်။

ဒါ့အပြင် Kachin Political Interim Coordination Team (KPICT)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ (Women Advocacy Coalition Myanmar - WAC-M)၊ ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂကွန်ရက်နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) အစရှိတဲ့ အဖွဲ့အစည်းတွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ကျင်းပတဲ့ "ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား" ကို သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြတယ်လို့ သိရှိရပါတယ်။

========================

📌📌ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ခံထားရသည့် ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ထက်ဝက် လျှော့ပေါ့ပြီး AA အဖွဲ့ဝင် ၄၆ ဦးနှင့် အကျဉ်းသား ၈၁၄ ဦးကို အကြမ်းဖက်မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတဲ့သတင်းကို ဆက်လက်တင်ပြပေးပါ့မယ်။

NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၈၀ ကျော် မတရားချမှတ်ထားရာမှ ဖေဖော်ဝါရီလ (၁၂) ရက် ဒီနေ့မှာ အကြမ်းဖက် မင်းအောင်လှိုင်က ပြစ်ဒဏ်ကျကာလထက်ဝက်ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရားရုံးတွေမှာ တရားစွဲဆိုထားဆဲ AA အဖွဲ့ဝင် ၄၆ ဦးကို အမှုပိတ်သိမ်းပြီး နောက်ထပ်ပြစ်ဒဏ်ကျ အကျဉ်းသား ၈၁၄ ဦးကိုလည်း "နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်" ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သီရိလင်္ကာ နိုင်ငံသား အကျဉ်းသား ၇ ဦးကို "နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိနေသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်" ဆိုတဲ့ စည်းကမ်းချက်နဲ့ ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။

========================

📌📌ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာမက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တို့မှာ မိုဘိုင်းလ်အင်တာနက်များ ပြတ်တောက်ခြင်း၊​ နှေးကွေးမှုများ ဖြစ်ပေါ်နေတဲ့သတင်းကို တင်ပြပေးပါဦးမယ်။

ရန်ကုန်က မြို့နယ်တစ်ချို့မှာ မိုင်ဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ခံထားရသလို အင်တာနက် 3G လိုင်းတွေ နှေးကွေးတာတွေ မနက်ပိုင်းကစပြီး ဖြစ်ပေါ်နေကြောင်း ပြည်သူများထံမှ သိရပါတယ်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်သာမက ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်း၊ ကချင်ပြည်နယ်တို့တွင်လည်း မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ခံထားရကြောင်း သိရှိရပါတယ်။
“မိုဘိုင်းလ်အင်တာနက်များရတဲ့ မြိုနယ်တွေလည်း ရတယ်။ မရတဲ့ မြို့နယ်တွေ မရဘူး။ တစ်ချို့မြို့နယ်တွေက လုံး၀ပြတ်တာ၊ တစ်ချို့မြိုနယ်တွေက လိုင်းနှေးတာ 2G ကို မပြည့်တပြည့် ပြေးထားတဲ့သဘောပါ“​လို့ ရန်ကုန်မြို့က မိုလ်ဘိုင်းဖုန်းအရောင်းဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်မယ်ဆိုတဲ့ သတင်းတွေ ယမန်နေ့က ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် အခုလို မိုဘိုင်းလ်အင်တာနက်တွေ ပြတ်တောက်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။
မိုဘိုင်းလ်အင်တာနက်တွေ နှေးကွေးမှုတွေ စတင်ဖြစ်ပေါ်နေတာလည်း အိမ်သုံး Wifi တွေနဲ့ ဖိုင်ဘာ အင်တာနက်လိုင်းတွေကတော့ ပြတ်တောက်တာ၊ နှေးကွေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment