၂၀၂၂ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ရှင်းလင်းဖယ်ရှားဖို့ ခွန်အားများစွာရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်းများထုတ်ဝေမည်
📌အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်လုံခြုံမှုအတွက် တာဝန်ယူမှုမရှိဘဲ တယ်လီနောမြန်မာကို အကြမ်းဖက်စစ်အုပ်နောက်ကွယ်က ပါဝင်သည့် ကုမ္ပဏီအားရောင်းချရန် အစီအစီကို အရပ်ဘက် အဖွဲ့အစည်းပေါင်း (၅၀၇) ခုက လက်မှတ်ထိုးကန့်ကွက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်များကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ရှင်းလင်းဖယ်ရှားဖို့ ခွန်အားများစွာရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
လက်ရှိအချိန်မှာ ခေါင်းဆောင်ကြီးများနှင့် ဘိုးဘွားမိဘ တိုင်းရင်းသား ပြည်သူများအားလုံး၏ ညီညွတ် စည်းလုံးမှုနှင့် ကိုလိုနီစနစ်ကို တော်လှန်ခဲ့သလို စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်တို့ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ရှင်းလင်းဖယ်ရှားနိုင်ဖို့ ခွန်အားများစွာ ရှိနေပြီဖြစ်ကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ၇၅ နှစ်မြောက်နေ့ အခမ်းအနားတွင် ပြောကြားသည်။ ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ထောင်ရေး ပန်းတိုင်ကို လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက်လည်း ပြည် ထောင်စု ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
“ ပင်လုံစိတ်ဓာတ် တနည်းဆိုရရင် ပြည်ထောင်စုစိတ်ဓာတ် အစပျိုးသန္ဓေတည်ခဲ့ရာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြတဲ့ ၇၅ နှစ်မြောက် နေ့မှာ ကျနော်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးဟာ မဝေးတော့တဲ့ ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံတော်သစ် တည်ထောင်ရေး ပန်းတိုင်ကို မတူတာတွေဖယ် တူတာတွေစုစည်းလို့ ဟန်ချက်ညီညီ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဘက်ဘက်ကနေပြီး စစ်ကောင်စီကို ဖိအားပေးနေပေမဲ့လည်း အန္တိမရည်မှန်းချက်က တန်းတူရေးကို ရှေးရှုသည့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ထောင်ဖို့အတွက် ဆိုတာကို ထည့်သွင်းပြောကြားသည်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ”ပြည်ထောင်စုသားများအားလုံး “တန်းတူညီမှု” ကို အလေးထား ရမယ်ဆိုတဲ့ နိုင်ငံရေး နိုးကြားမှုဟာ ၁၉၄၇ ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ချိန်ကထက်ပင် သမိုင်းတလျှောက် အမြင့်ဆုံး အချိန်ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုလိုနီစနစ်၊ စစ်အာဏာရှင် စနစ်တို့ရဲ့ သွေးခွဲမှုများ အရာမထင်တော့ဘဲ ပြည်ထောင်စုသစ်တစ်ခု တည်ထောင်ဖို့ နိုင်ငံသူ နိုင်ငံသားများအားလုံးရဲ့ နိုင်ငံရေးအသိအမြင် မြင့်မားလာမှု၊ အပြန်အလှန် လေးစားယုံကြည်မှု၊ တိုင်း ရင်းသားများ အချင်းချင်းကြား နားလည်စာနာမှုတို့ ရင့်မှည့်နေပြီ ဖြစ်ပါတယ်။”ဟု ပြောကြားသည်။
========================
📌📌စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်းများထုတ်ဝေမည်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန သည် ကြေညာချက်အမှတ် ( ၂ /၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းကြေညာချက်မှာ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အခွန်တံဆိပ်ခေါင်းများထုတ်ဝေမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း ဖြစ်ပါတယ်။
အပြည့်အစုံမှာ -
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ၁၈၇၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေအမှတ် (၇) ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ၁၈၉၉ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် (၂) ဖြင့်လည်းကောင်း စတင်ပြဌာန်း ကျင့်သုံးခဲ့ပါသည်။
၂။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော ပင်လုံ ညီလာခံ၌ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ယနေ့တွင် (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
၃။ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ ကျပ်တန် အခွန်တံဆိပ်ခေါင်းများ စတင် ထုတ်ဝေရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၄။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းများကို ကပ်နှိပ်အသုံးပြုသွားရမည်ဖြစ်ပါသည်။
၅။ အခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် အသေးစိတ်စုံစမ်းဝယ်ယူနိုင်ပါသည်။
========================
📌📌အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်လုံခြုံမှုအတွက် တာဝန်ယူမှုမရှိဘဲ တယ်လီနောမြန်မာကို အကြမ်းဖက်စစ်အုပ်နောက်ကွယ်က ပါဝင်သည့် ကုမ္ပဏီအားရောင်းချရန် အစီအစီကို အရပ်ဘက် အဖွဲ့အစည်းပေါင်း (၅၀၇) ခုက လက်မှတ်ထိုးကန့်ကွက်
နော်ဝေးအခြေစိုက် တယ်လီကွန်းကုမ္ပဏီ ကြီးဖြစ်သည့် တယ်လီနောသည် မြန်မာနိုင်ငံကို စွန့်ခွာသွားတော့မည် ဖြစ်ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူက အစုရှယ်ရာအများစု ပိုင်ဆိုင်သည့် Investcom ကုမ္ပဏီအား ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မတိုင်ခင် အပြီးစီစဉ်နေကြောင်း သိရှိရပါတယ်။ ရွှေဗျိုင်းဖြူ သည် အကြမ်းဖက် စစ်အုပ်စုပိုင် ဦးပိုင်နှင့် စီးပွားရေးလုပ်ဆောင်မှုများရှိခြင်း၊ ယင်းတို့၏ အဓိက စီးပွားရေးလုပ်ငန်းများသည် စစ်အစိုးရအဆက်ဆက် ၎င်းတို့နှင့်နီးစပ်ရာများကိုသာ ခွင့်ပြုပေးသည့် လုပ်ငန်းများဖြစ်သည့် ကျောက်မြက်တူးဖေါ်ခြင်း၊ စွမ်းအင်တင်သွင်းဖြန့်ဖြူးခြင်းများ ကို ရရှိလုပ်ဆောင်ခဲ့တာတွေရှိပါတယ်။
တယ်လီနောအနေဖြင့် ၎င်းတို့မြန်မာနိုင်ငံရှိလုပ်ငန်းကို ရောင်းချပါက အသုံးပြုသူ ၁၈ သန်းကျော်ရဲ့ ဆင်းကဒ်မှတ်ပုံတင်ခြင်းတွင် ဖြည့်သွင်းရတဲ့ အချက်အလက်များ၊ အသုံးပြုသူများရဲ့ ဖုန်းခေါ်ဆိုမှု နှင့် အင်တာနက်သုံးစွဲမှုမှတ်တမ်းများ၊ မည်သည့်နေရာက သုံးစွဲခဲ့သည်ဆိုသည့်မှတ်တမ်းများ၊ ဖုန်းနံပတ်အသုံးပြုသော wave money ကဲ့သို့ Mobile Banking အသုံးပြုမှုများ ၊ ငွေသွင်း ငွေလွှဲမှတ်တမ်းများ အပါအဝင် သိမ်းဆည်းထားသော အသုံးပြုမှုမှတ်တမ်းများ အပေါ် ၎င်းတို့ ဆောင်ရွက်ထားသော အခြေအနေများနှင့် ပတ်သက်ပြီး အများပြည်သူအား အသိပေးရှင်းလင်းထားတာလည်း မရှိခဲ့ပါ။ တယ်လီနော်မြန်မာအား အာဏာသိမ်းအကြမ်းဖက်စစ်အုပ်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းဆီသို့ ရောင်းချပါက သုံးစွဲသူ ၁၈ သန်းကျော်ရဲ့ အချက်အလက်များကို အကြမ်းဖက် စစ်အုပ်စုလက်သို့ ထည့်ပေးသလို ဖြစ်ပြီး သုံးစွဲသူများနှင့် မိသားစုဝင်များအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရခြင်းအပါအဝင် မခန့်မှန်းနိုင်လောက်အောင်ပင် ဆိုးဝါးသည့် အကြမ်းဖက်မှုများ ကြုံတွေခံရနိုင်တဲ့ အန္တရာယ်များစွာရှိနေပါတယ်။
သုံးစွဲသူများရဲ့ ဆက်သွယ်ရေးအချက်အလက်များအား လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်ခဲ့ပါက အရပ်ဖက်အဖွဲ့အစည်းများ အနေနဲ့ ယင်းသို့ လုပ်များမှုများကို လုံးဝ ကန့်ကွက်ရှုံ့ချသွားဖြစ်ကြောင်း နဲ့ မမှန်းဆနိုင်သော ရာဇဝတ်မှုများအတွက် တယ်လီနောက တာဝန်ခံရမည်ဖြစ်ကြောင်း အချက်ပေါင်း ၉ ချက်ပါသည့် ကြေညာချက်တစ်ခုကို အရပ်ဘက် အဖွဲ့အစည်းပေါင်း (၅၀၇) ခုက လက်မှတ်ထိုးကန့်ကွက်ထုတ်ပြန်ထားပါတယ်။ ယင်းကြေညာချက်ကို နော်ဝေးနိုင်ငံဆိုင်ရာ အမျိုးသားညီညွှတ်ရေးကိုယ်စားလှယ်ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာင်တွင်လည်း တရားဝင်တင်ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment