13th FEB 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ(ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ α€–ေα€–ေါ်ဝါα€›ီα€œ ၁၃ α€›α€€်α€”ေ့ ရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œα။ မင်းတပ်α€™ြို့α€”α€š် ထမှတ် (၁၊ ၂၊ ၃) α€žို့ α€…α€…်α€€ောင်α€…ီတပ်α€™ှ ထင်ထား ၃၀၀ α€€ျော်α€–ြင့် α€…α€…်α€€ြောင်းထိုးα€”ေ

မင်းတပ်α€™ြို့α€”α€š် ထမှတ် (၁၊ ၂၊ ၃) ​α€’ေα€žα€™ျား α€–α€€်α€žို့ α€…α€…်α€€ောင်α€…ီα€™ှ α€žာα€œွα€”်ထင်ထားα€–ြင့် α€…α€…်α€€ြောင်းထိုးα€”ေα€€ြောင်း α€–ေα€–ော်ဝါα€›ီ ၁၁ α€›α€€်α€”ေ့တွင် မင်းတပ်α€™ြို့α€”α€š် (ပြα€Š်α€žူ့ထုပ်ချုပ်​α€›ေးထဖွဲ့ α€žα€α€„်းα€”ှင့် ပြα€”်α€€ြား​α€›ေး) တာဝန်α€›ှိα€žူα€™ျားα€™ှဆိုα€žα€Š်။ α€…α€…်α€€ောင်α€…ီ၏ α€…α€…်α€€ြောင်းထိုးα€”ေα€™ှုα€€ြောင့် α€€ျေးα€›ွာα€™ျားα€™ှ α€žα€€်α€€ြီးα€˜ိုးα€˜ွားα€™ျား၊ α€€α€œေးα€žူα€„α€š်α€™ျား ထိုးထိα€™်α€…ွα€”့်ခွာထွα€€်ပြေး တိα€™်းα€›ှောင်​​α€”ေα€›α€žα€œို ဆက်α€žွα€š်α€›ေးထတွα€€် Mytel Sim Card α€™ှα€œွဲ၍ ထင်တာα€”α€€်α€œိုင်း၊ α€–ုα€”်းα€œိုင်းα€™ျားပါ α€–ြတ်တောα€€်ထားα€žα€Š်α€Ÿု ဆိုα€žα€Š်။ α€…α€…်α€€ောင်α€…ီတပ်α€žားα€™ျားα€žα€Š် မင်းတပ်α€™ြို့α€”α€š် α€€ျေးα€›ွာα€™ျားα€žို့ α€…α€…်α€€ြောင်းထိုးα€œျှင် α€€ျေးα€›ွာတွင်းα€›ှိပြα€Š်α€žူ့α€”ေထိα€™်α€™ျား၊ α€›ိα€€္ခာα€™ျား၊ ချင်းတိုင်းရင်းα€žားα€™ျားတန်α€–ိုးထားα€žα€Š့် α€›ှေးα€Ÿောင်း ထမွေပစ္α€…α€Š်းα€™ျား၊ α€€ြα€€်၊ α€”ွားα€”ောα€€် α€…α€žα€Š်တို့α€€ို ခိုးα€šူα€…ားα€žောα€€်α€–ျα€€်ဆီးα€œေ့α€›ှိα€žα€Š်။ ပြီးခဲ့α€žα€Š့် α€–ေα€–ော်ဝါα€›ီ ၇ α€›α€€်α€”ေ့α€œα€Š်း မင်းတပ်-မတူပီ α€œα€™်း α€™ိုင်တိုင် ထမှတ် ၉ ဝန်းα€€ျင်၌ မတူပီα€™ှ မင်းတပ်α€žို့ ပြα€”်α€œှα€Š့်α€œာ​α€žော α€…α€…်​α€€ောင်α€…ီ α€šာဉ်တန်းα€™ှ α€›α€™်းα€žα€™်းပစ်ခတ်‌α€žောα€€ြောင့် ၇ တန်းα€€ျောင်းα€žား ထရွα€š် α€€​α€œေးα€„α€š် တစ်α€₯ီး α€œα€€်α€”α€€်α€€ြီးထိα€™ှα€”်α€€ာပွဲချင်းပြီးα€‘α€žα€€်ဆုံးα€›ှုံးခဲ့α€›α€žα€Š်။

πŸ“ŒπŸ“Œα‚။ α€–α€œα€™်းα€™ြို့α€”α€š်၊ ပါα€›်α€žဲα€€ျေးα€›ွာထနီး α€…α€…်α€€ောင်α€…ီα€”ှင့် CNDF တိုα€€်ပွဲတွင် ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီα€™ှ ၅α€₯ီးα€žေ

ချင်းပြα€Š်α€”α€š်၊ α€–α€œα€™်းα€™ြို့α€”α€š်α€žို့ α€–ေα€–ော်ဝါα€›ီα€œ ၉ α€›α€€်α€”ေ့α€€ ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီ α€šာဉ်တန်း (၂၂)α€…ီးα€–ြင့် α€›ိα€€္ခာပို့ဆောင်α€›α€”် တက်α€œာα€žော α€šာဉ်တန်းα€›ှေ့တွင် α€›ှေ့ပြေးတာဝန်α€šူပေးα€”ေα€žော ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီတပ်α€™ျားထား α€–α€œα€™်းα€™ြို့α€”α€š်၊ ပါα€›်α€žဲα€€ျေးα€›ွာ ထနီးတွင် CNDF α€™ှ α€œα€€်ဦးα€™ှုα€šူပြီး ပစ်ခတ်တိုα€€်ခိုα€€်ခဲ့α€€ြα€›ာ ထကြα€™်းα€–α€€်α€…α€…်α€€ောင်α€…ီα€–α€€်α€™ှ (၅)ဦး α€žေဆုံးပြီး ဒဏ်α€›ာα€›α€žူ ထများထပြား α€›ှိα€€ြောင်းα€”ှင့် CNDF တပ်α€–ွဲ့α€™ှ ထထိခိုα€€်α€™α€›ှိ ပြα€”်α€œα€Š်ဆုတ်ခွာα€”ိုင်ခဲ့α€€ြောင်း α€žိα€›α€žα€Š်။ α€–ေα€–ော်ဝါα€›ီ ၁၀၊ ၁၁ α€›α€€်α€”ေ့တွင် ချင်းပြα€Š်α€žူ့α€€ာα€€ွα€š် α€›ေးတပ်α€™ှ α€†α€œိုင်းα€€ျဲထိုချင်ထန် (CDF-Hakha B-2) α€”ှင့် CNDFα€™ှ α€†α€œိုင်းα€˜ွေရင်ဆန်း (α€™ိုင်းမတော်တဆဖြင့်) α€”ှα€…်ဦး α€€ျဆုံး α€žွား​α€€ြောင်း α€žိα€›α€žα€Š။ α€–ေα€–ော်ဝါα€›ီ ၁၁ရက်α€”ေ့α€€α€œα€Š်း မတူပီ-α€•α€œα€€်ဝ α€œα€™်းပေါ်α€›ှိ α€‘α€š်α€˜ွေးα€€ျေးα€›ွာထခြေα€…ိုα€€် α€…α€…်​α€€ောင်α€…ီ တပ် စခန်းထား CDF-Matupi α€™ှ ဝင်α€›ောα€€်ပစ်ခတ်α€›ာ α€…α€…်α€€ောင်α€…ီတပ်α€žား (၄) ​α€šောα€€် ​α€žေဆုံးα€€ြောင်းα€”ှင့် မတူပီ-မင်းတပ်α€œα€™်းပေါ်α€›ှိ ခြα€”်းပြα€”်း α€›ွာα€™ှ ပြα€Š်α€žူ တစ်α€₯ီးα€žα€Š် α€…α€…်​α€€ောင်α€…ီတပ်α€žားα€™ျား ထောင်ထားα€žော α€™ိုင်းနင်းα€™ိ၍ α€‘α€žα€€်ဆုံးα€›ှုံးခဲ့α€€ြောင်းα€žိα€›α€žα€Š်။

πŸ“ŒπŸ“Œαƒ။ ချင်းထမျိုးα€žားချင်းထမျိုးα€žား MMA α€€α€…ားα€žα€™ား Tial Thangα€”ှင့် Indonesia α€–ိုα€€်တာ Sunoto တို့၏တွဲဆိုင်း ပွဲပျα€€် ထဖြα€…် α€€ြိုးဝိုင်းα€’ိုင် α€žα€်α€™ှတ်

ချင်းထမျိုးα€žား MMA α€–ိုα€€်တာ Tial Thang ပါဝင်α€žα€Š့် MMA Bad Blood α€‘α€™α€Š်α€› α€…ိα€”်ခေါ်ထိုးα€žα€်ပွဲα€€ို α€–ေα€–ော်ဝါα€›ီ ၁၁ရက် α€Šα€”ေပိုင်းα€€ Singapore α€”ိုင်ငံတွင် α€€ျင်းပခဲ့ပြီး၊ Indonesia α€–ိုα€€်တာ Sunoto α€”ှင့်ထိုးα€žα€်ခဲ့α€›ာ ပထမထချီတွင် ထနိုင်၊ ထရှုံးα€™α€›ှိ (No Content) ပွဲပျα€€်ထဖြα€…် ​α€€ြိုးဝိုင်းα€’ိုင်α€™ှ α€žα€်α€™ှတ်α€œိုα€€်ခြင်းα€€ြောင့် ထိချα€€်α€žာα€”ေα€žα€Š့် Tial Thang တွα€€် α€…ိတ်ပျα€€်α€…α€›ာ ဆုံးα€–ြတ်ချα€€်α€Ÿု ဆိုα€”ိုင်ပြီး Tial Thang α€žα€Š် ပြီးခဲ့α€žα€Š့်α€”ှα€…် MMA α€”ှα€…်ပွဲထိုးα€žα€်ခဲ့ပြီးα€”ောα€€် ၆ α€œα€α€”့်ထကြာ α€šα€ုα€”ှα€…်ဆန်းပိုင်းတွင် ပြα€”်α€œα€Š်ထိုးα€žα€်ခြင်းα€–ြα€…်α€žα€Š်။ One Championship α€”ှင့်α€œα€€်တွဲပြီးα€”ောα€€် Tial Thang ထနေα€–ြင့် (၅) ပွဲα€™ြောα€€် ထိုးα€žα€်ခဲ့ခြင်းα€–ြα€…်ပြီး ပြီးခဲ့ α€žα€Š့် (၄)ပွဲတွင် (၃)ပွဲα€”ိုင် (၁)ပွဲα€›ှုံး α€›α€œα€’် α€™ျားပိုင်ဆိုင်ထားα€žူα€–ြα€…်α€žα€Š်။

πŸ“ŒπŸ“Œα„။ NCA α€œα€€်α€™ှတ်α€›ေးထိုးထားα€žα€Š့် တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင် ၇ α€–ွဲ့α€”ှင့် မထိုးထားα€žα€Š့် ထဖွဲ့ ၄ α€–ွဲ့ပြα€Š်ထောင်α€…ုα€”ေ့α€žို့ တက်α€›ောα€€်

α€”ေပြα€Š်တော်တွင် α€€ျင်းပခဲ့α€žα€Š့် ၂၀၂၂ ခုα€”ှα€…်၊ (၇၅)α€”ှα€…်α€™ြောα€€် α€…ိα€”်ရတုပြα€Š်ထောင်α€…ုα€”ေ့ဂုဏ်ပြု ထခမ်းထနားα€žို့ တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်ထဖွဲ့α€‘α€…α€Š်း ၁၁ α€–ွဲ့တက်α€›ောα€€်ခဲ့α€€ြα€žα€Š်α€Ÿု α€…α€…်​α€€ောင်α€…ီ α€₯α€€္α€€α€Œα€€α€†ိုα€žα€Š်။

ထပစ်ရပ်α€œα€€်α€™ှတ်α€›ေးထိုးထားα€žα€Š့် α€™ြα€”်α€™ာα€”ိုင်ငံα€œုံးဆိုင်α€›ာ α€€ျောင်းα€žားα€™ျားα€’ီα€™ိုα€€α€›α€€်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြα€Š်α€œွတ်α€™ြောα€€်α€›ေးပါတီ (ALP)၊ ချင်းထမျိုးα€žား တပ်ဦး (CNF)၊ α€’ီα€™ိုα€€α€›ေα€…ီ ထကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ထမျိုး α€žားα€‘α€…α€Š်းထရုံး (KNU)၊ ကရင်ထမျိုးα€žားα€‘α€…α€Š်းထရုံး/ကရင်ထမျိုးα€žားα€œွတ်α€™ြောα€€်α€›ေးတပ်မတော်(ငြိα€™်းချα€™်းα€›ေးα€€ောင်α€…ီ) (KNU/ KNLA PC)၊ ပထိုဝ်း ထမျိုးα€žားα€œွတ်α€™ြောα€€် α€›ေးထဖွဲ့ချုပ် (PNLO)၊ α€žျှα€™်းပြα€Š်ပြα€”်α€œα€Š် ထူထောင်α€›ေးα€€ောင်α€…ီ/ α€žျှα€™်းပြα€Š်တပ်မတော် (RCSS/ SSA)၊ α€™ွα€”်ပြα€Š်α€žα€…်ပါတီ (NMSP) α€”ှင့် α€œားα€Ÿူα€’ီα€™ိုα€€α€›α€€်တစ်α€‘α€…α€Š်းထရုံး (LDU) တို့ထဲα€™ှ (၇)α€–ွဲ့ တက်α€›ောα€€်ခဲ့α€žα€Š်α€Ÿု α€žိα€›α€žα€Š်။

NCA α€œα€€်α€™ှတ်α€›ေးထိုးထားα€žα€Š့် တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်ထဖွဲ့α€™ျားထနက် တက်α€›ောα€€်ခဲ့α€€ြα€™ှုထနေα€–ြင့် RCSS/SSA α€™ှα€—α€Ÿိုα€€ော်မတီဝင် ၂ ဦးထပါထဝင် ၄ ဦး ၊ KNU ၏ α€€ော့α€€α€›ိတ်ခရိုင် α€₯α€€္ကဋ္α€Œ ​α€Ÿောင်း ပဒိုα€…ောα€›ွှေα€™ောင်းα€”ှင့် ခရိုင်α€€ော်မတီဝင် ၁ ဦး ၊ KNU/KNLA(PC)α€™ှ α€’ု- α€₯α€€္ကဋ္α€Œα€‘α€•ါထဝင် ၅ ဦး ၊ KKO α€™ှ α€’ု-α€…α€…်ဦးα€…ီးချုပ်ထပါထဝင် ၄ ဦး၊ ALP α€™ှ α€’ု-α€₯α€€္ကဋ္α€Œα€’ေါ်α€…ောα€™ြα€›ာဇာα€œα€„်း၊α€…α€…်ဦးα€…ီးချုပ်ခိုင်α€…ိုးα€™ြ ထပါထဝင် ၆ ဦး ၊ ANSP α€™ှ α€”ိုင်α€…ိုα€€်ချα€™်းα€”ှင့်ထဖွဲ့ဝင်α€™ျား၊ LDU α€™ှထတွင်းα€›ေး α€™ှူး(၂)ထပါထဝင် ၂ ဦးတို့α€œα€Š်း တက်α€›ောα€€်ခဲ့α€€ြ​α€€ြောင်းα€žိα€›α€žα€Š်။

NCA α€œα€€်α€™ှတ်α€™α€›ေးထိုးα€›α€žေးα€žα€Š့် တိုင်းရင်းα€žားထဖွဲ့α€™ျားထနက် UWSA α€™ှ ဦးα€Šီα€›α€™်းထပါထဝင် ၃ ဦး ၊ SSPP/SSA α€™ှα€—α€Ÿိုα€€ော်α€™ တီဝင်α€…ိုင်းα€”ော်α€œိတ်ထပါထဝင် ၃ ဦး ၊ AA α€™ှα€”ိုင်ငံα€›ေးα€™ှူးဦးဦးα€…ောα€œှထပါထဝင် ၇ ဦးα€”ှင့် α€™ိုင်းα€œားထဖွဲ့α€™ှ ဆက်ဆံα€›ေးထရာα€›ှိα€€ြီးα€™ှူးα€…ိုင်းα€™ောα€€်ထပါ ထဝင် ၃ ဦးတို့တက်α€›ောα€€်α€€ြα€žα€Š်α€Ÿု α€…α€…်​α€€ောင်α€…ီ၏ ထုတ်ပြα€”်ချα€€်တွင် α€–ော်ပြထားα€žα€Š်။

πŸ“ŒπŸ“Œα… ။ α€šူα€€α€›ိα€”်းထရေးတင်းα€™ာα€™ှု α€€α€™္α€˜ာα€…α€…်α€–ြα€…်α€”ိုင်​α€€ြောင်း α€€α€”် α€žα€™္α€™α€α€˜ိုင်α€’α€”် α€™ှတ်ချα€€်ချ

α€›ုα€›ှားα€”ဲ့α€šူα€€α€›ိα€”်းα€”α€š်စပ်α€™ှာ α€›ုα€›ှားα€”ဲ့ထမေα€›ိα€€α€”်တပ်α€–ွဲ့တွေα€€ြား α€€ြီးα€™ားတဲ့ပဋိပက္ခဖြα€…်α€œာα€”ိုင်ခြေα€€ို ထမေα€›ိα€€α€”်α€žα€™္မတဂျိုးα€˜ိုင်α€’α€”်α€€ α€žα€ိပေးα€œိုα€€်ပြီး ထမေα€›ိα€€α€”်α€”ိုင်ငံα€žားα€™ျား α€šူα€€α€›ိα€”်းα€”ိုင်ငံထဲတွင် α€›ှိα€”ေα€œျင် ချα€€်ချင်း ထွα€€်ခွာα€€ြα€–ို့α€œα€Š်း α€žα€ိပေးα€œိုα€€်​α€€ြောင်း VOA α€žα€α€„်းတစ်ပုα€’်ထရ α€žိα€›α€žα€Š်။

α€€α€™္α€˜ာ့ ထင်ထားထကြီးဆုံးα€…α€…်တပ်တွေထဲα€™ှာ တခုထပါထ၀င်α€–ြα€…်တဲ့ α€›ုα€›ှားα€…α€…်တပ်α€”ဲ့ ရင်ဆိုင်α€”ေရတာ α€–ြα€…်α€žα€œို တခြား ထခြေထနေတွေα€”ဲ့မတူα€˜ဲ ပဋိပက္ခတွေ ချα€€်ချင်းဆိုးα€›ွားα€œာα€”ိုင်တာα€€ြောင့် ထဲ့α€’ီα€™ှာα€›ှိတဲ့ထမေα€›ိα€€α€”် α€”ိုင်ငံα€žားα€™ျား ထခုပဲ ချα€€်ချင်း ထွα€€်ခွာα€žα€„့်​α€€ြောင်း α€žα€™္α€™α€α€˜ိုင်α€’α€”်α€€ ထမေα€›ိα€€α€”် NBC α€›ုပ်α€žံα€”ှင့် တွေ့ဆုံα€™ေးα€™ြα€”်းခန်းတွင် ပြောဆိုα€žွားα€žα€Š်။

α€‘α€€α€š်၍ α€›ုα€›ှားα€€ α€šူα€€α€›ိα€”်းα€€ို α€€ျူးα€€ျော်တိုα€€်ခိုα€€်α€œာα€œျင် ထဲ့α€’ီα€™ှာα€›ှိတဲ့ ထမေα€›ိα€€α€”်တွေα€€ို α€€α€š်ထုတ်α€–ို့ ထမေα€›ိα€€α€”်တပ်α€–ွဲ့တွေ α€šူα€€α€›ိα€”်းα€€ို α€…ေα€œွှတ်တာα€™ျိုး α€œုပ်α€™ှာα€™α€Ÿုတ်α€˜ူးα€œို့α€œα€Š်း α€žα€™္မတက ပြောထားα€žα€Š်။ ထမေα€›ိα€€α€”်α€”ှင့် α€›ုα€›ှားတပ်တွေ ထပြα€”်α€‘α€œှα€”်ပစ်α€€ြရင်တောင် α€’ါα€€ α€”ှα€…်α€”ိုင်ငံα€…α€…်α€™α€Ÿုတ်α€˜ဲ α€€α€™္α€˜ာα€…α€…်တခု α€–ြα€…်​α€€ြောင်း α€žα€™္α€™α€α€˜ိုင်α€’α€”်α€€ ပြောဆိုထားα€žα€Š်။

α€šα€ု α€–ေα€–ော်ဝါα€›ီα€œ ၂၀ α€›α€€်α€”ေ့တွင် ထဆုံးα€žα€်α€™α€Š့် α€˜ေဂျင်းဆောင်းα€›ာα€žီ ထိုα€œံပစ်ပွဲတော်α€€ျင်းပနေα€…α€₯် α€€ာα€œα€‘α€ွင်းα€™ှာ α€›ုα€›ှားα€€ α€šူα€€α€›ိα€”်းα€€ို α€€ျူးα€€ျော်တိုα€€်ခိုα€€်α€œာα€”ိုင်α€α€š်​α€€ြောင်း α€žြစတြေးα€œျα€”ိုင်ငံα€žို့ α€›ောα€€်α€›ှိ α€”ေ ​α€žော α€”ိုင်ငံခြားα€›ေးဝန်α€€ြီး α€˜α€œα€„်α€€α€”်α€€α€œα€Š်း α€žα€ိပေးထားα€žα€Š်။ α€žြစတြေးα€œျ၊ ထိα€”္α€’ိα€šα€”ှင့် ဂျပန် α€”ိုင်ငံ ဝန်α€€ြီးα€™ျားα€”ှင့် တွေ့ဆုံပြီး α€œေးα€”ိုင်ငံ QUAD α€‘α€…α€Š်းထဝေး တက်α€›ောα€€်α€”ေ​α€žော ဝန်α€€ြီးα€˜α€œα€„်α€€α€”် α€’ီα€€α€”ေ့ α€žα€α€„်းα€…ာα€›ှင်းα€œα€„်းပွဲα€™ှာ ပြောα€žွားခြင်းα€–ြα€…်α€žα€Š်။ α€›ုα€›ှားα€Ÿာ ၁၀ α€›α€€်α€€ြာ α€…α€…်α€›ေးα€œေ့α€€ျင့်α€™ှုတွေα€€ို α€˜ဲα€œားα€›ုα€…်α€”ိုင်ငံα€™ှာ α€€ြာα€žα€•α€ေးα€”ေ့α€€ စတင်ခဲ့α€žα€œို α€™α€Ÿာα€—ျူα€Ÿာထရ ထရေးပါတဲ့ ပင်α€œα€š်α€”α€€်ထဲα€™ှာα€œα€Š်း ၎င်းα€›ဲ့ α€…α€…်α€žα€„်္α€˜ော ၆ စင်းα€€ို α€€ျောα€€်ချထား​α€€ြောင်းα€žိα€›α€žα€Š်။ ထဆိုပါα€…α€…်​α€›ေးပြင်ဆင်ခြင်းα€žα€Š် α€’ေα€žα€ွင်း တင်းα€™ာα€™ှုတွေ ပိုဆိုးα€œာထောင် α€œုပ်α€žα€Š့်α€œုပ်ရပ်α€–ြα€…်​α€€ြောင်း α€šူα€€α€›ိα€”်းထစိုးရတာဝန်α€›ှိα€žူတွေα€€ α€›ုα€›ှားα€€ို α€€α€”့်α€€ွα€€်ထား​ ​α€€ြောင်း VOA α€žα€α€„်းတစ်ပုα€’်တွင်​α€–ော်ပြထားα€žα€Š်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment