12th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စွန့်လွှတ်အနစ်နာခံတတ်သည့် သွေးချင်းကရင်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကရင်အမျိုးသားနေ့သဝဏ်လွှာပေးပို့
📌တယ်လီနောဆက်သွယ်ရေးကုမ္ပဏီရဲ့ အဆင်ခြင်မဲ့လက်လွှဲရောင်းချမှုကို နော်ဝေးရောက်မြန်မာတွေက ဆန့်ကျင်ဆန္ဒပြ
📌မြန်မာ့အရေးမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေ ဆက်လက်တိုးမြှင့်နေတာပဲတွေ့မြင်ရကြောင်း အမေရိကန်ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စွန့်လွှတ်အနစ်နာခံတတ်သည့် သွေးချင်းကရင်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကရင်အမျိုးသားနေ့သဝဏ်လွှာပေးပို့ခဲ့ပါတယ်

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ၍ စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ပွဲဝင်နေကြသော ဖြောင့်မတ်တည်ကြည်သတ္တိကြီးသည့် ကရင်တမျိုးသားလုံးရဲ့ စွမ်းရည်ကို အထူးအလေးထားအားကိုးပါတယ်လို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာကျရောက်တဲ့ ကရင့်အမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ပြခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ထောင်ဖို့ အရေးကြီးလှတဲ့ ယနေ့အချိန် ကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ အာဏာသိမ်းယူမှုကို နိုင်ငံတစ်ဝှမ်းလုံးက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးခုခံဆန့်ကျင် တွန်းလှန်လျက်ရှိရာ ကရင်တစ်မျိုးသားလုံးကလည်း ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖေးမကူညီ ပံ့ပိုးခဲ့ကြတာ ကျေးဇူးတင် ဂုဏ်ယူဖွယ်ရာ ကောင်းလှပါကြောင်း ဂုဏ်ပြုထားတာကိုလည်းတွေ့ရပါတယ်။

ကရင်အမျိုးသားနေ့သည် လွတ်လပ်ရေး တန်းတူရေး ဒီမိုကရေစီရေး ချစ်ကြည်ရေးငြိမ်းချမ်းရေးတို့အတွက် ကရင်အမျိုးသားများရဲ့ နိုင်ငံရေးအသိစိတ်နှင့်မျိုးချစ်စိတ်ကို ဖော်ထုတ်ပြသခဲ့သောနေ့ဖြစ်ကြောင်း ကရင်အမျိုးသားတို့ရဲ့ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအပေါ် အလေးအနက်မြတ်နိုးတန်ဖိုးထားမှုကို ပြသသည့်နေ့ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာရေးသားထားပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်စနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း အသက်အိုးအိမ်စည်းစိမ်များ ရင်းနှီးပေးဆပ်ခဲ့ကြရတဲ့ ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေ၊ ကရင့်အာဇာနည်သူရဲကောင်းရဲဘော်တွေ အားလုံးကိုလေးစားအသိအမှတ်ပြုကြောင်းနှင့် ဖေဖေါ်ဝါရီလ ၁၁ ရက်တွင်ကျရောက်သော ၇၄ နှစ်မြောက်ကရင်အမျိုးသားနေ့တွင် သွေးချင်းကရင်တိုင်းရင်းသားမောင်နှမများအားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာနှင့်ဘေးကင်းပျော်ရွှင်ကြပါစေကြောင်း ဂုဏ်ပြုဆုတောင်းထားတာတွေ့ရပါတယ်။

၁၉၄၈ ခု၊ ဖေဖော်ဝါရီ (၃) ရက်မှာ ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရကို ကရင်ပြည်ပေးဖို့ စာရေးတောင်းဆိုပါတယ်။ အဲ့ဒီလိုတောင်းဆိုစာရဲ့ လေးနက်မှု‌ကိုပြဖို့အတွက် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ ကရင်လူထုများက ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အထက်ပိုင်းပါမကျန် ကရင်အမျိုးသား၊ အမျိုးသမီး (၄) သိန်းကျော်ဟာ လွတ်လပ်တဲ့ ကရင်ပြည် ချက်ချင်းပေး၊ ကရင်တကျပ် ဗမာ တကျပ် ( တန်းတူရေးနဲ့ ဒီမိုကရေစီ ) လူမျိုးရေး အဓိကရုဏ်း အလိုမရှိ ပြည်တွင်းစစ် အလိုမရှိ စတဲ့ ကြွေးကြော်သံတွေ တစ်ပြည်လုံးညံသွားအောင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ အဲ့ဒီလို ကရင်တစ်မျိုးသားလုံး ဇာတိသွေး၊ဇာတိမာန်တောက်ပြောင်စွာ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖော်ဖော်ဝါရီ (၁၁) ရက်နေ့ကို ၁၉၅၃ ခု၊ နို၀င်ဘာလ ၂၃ မှ ၂၅ ရက်နေ့ ဖာပွန်မြို့မှာ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်ကြီးမှ ကရင်အမျိုးသားနေ့ရယ် လို့ တညီတညွတ်တည်း အတည်ပြုသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ် နှစ်ပေါင်း ၇၃ နှစ် ကြာအောင် တိုက်ပွဲဝင်နေကြဆဲ ကရင့်တော်လှန်ရေးကြီးဟာ ရှည်လျားလှပါတယ် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့ အာဏာရှင်လက်အောက်ခံ တပ်ဖွဲ့အချို့မှလွဲပြီး KNU ခေါင်းဆောင်တဲ့ကရင်လူထုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပါတယ်။

========================

📌📌တယ်လီနောဆက်သွယ်ရေးကုမ္ပဏီရဲ့ အဆင်ခြင်မဲ့လက်လွှဲရောင်းချမှုကို နော်ဝေးရောက်မြန်မာတွေက ဆန့်ကျင်ဆန္ဒပြနေကြပါတယ်

Telenor Group သည် ၎င်းတို့၏ မြန်မာနိုင်ငံတယ်လီကွန်းစီးပွားရေးလုပ်ငန်းအား အကြမ်းဖက်စစ်တပ်နှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းစုတစ်ခုထံသို့ ရောင်းချရန် စီစဥ် နေတာကြောင့် ပြည်တွင်းပြည်ပက တော်လှန်ရေးအင်အားစုတွေက ဒီရောင်းချမှုကိုအရေးတကြီးရပ်တန့်နိုင်ဖို့ ဖိအားပေးနေကြတာဖြစ်ပါတယ်။ တယ်လီနောမြန်မာရောင်းချမှုအား နော်ဝေအစိုးရ အရေးတကြီး ရပ်တန့်ရမည်။ မရပ်တန့်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ကြံရာပါဖြစ်ပါမယ်လို့ သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ justice for myanmar အဖွဲ့ကြီးက လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
အခုလို စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ လုပ်ငန်းစုများထံ လက်လွတ်စပယ်ရောင်းချခဲ့မယ်ဆိုရင် နော်ဝေနိုင်ငံအစိုးရက ၅၃.၉၇ ရာခိုင်းနှုန်း ပိုင်ဆိုင်တဲ့ နော်ဝေတယ်လီကွန်း ကုမ္ပဏီကြီးဟာ တရားမဝင် လူသတ်စစ်ကောင်စီအား ကြွယ်ဝချမ်းသာစေမည်ဖြစ်ပြီး သုံးစွဲနေသော မြန်မာပြည်သူ ၁၈ သန်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စစ်ရာဇဝတ်ကောင်များ၏ လက်အတွင်းသို့ ထည့်ပေးလိုက်သလိုဖြစ်သွားမှပါလို့ Justice for Myanmar က ထောက်ပြထားပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလကလည်း နော်ဝေဝန်ကြီးချုပ် Jonas Gahr Støre ထံသို့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့် စာတစောင်ပေးပို့ခဲ့ပါတယ်။ တယ်လီနောမြန်မာအား စစ်ဘက်ချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Investcom သို့ ရောင်းချမည့် Telenor Group ၏ အစီအစဉ်နှင့်ပတ်သက်၍ ရောင်းချမှုကိုရပ်တန့်ပေးဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၁ ရက် ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင်လည်း နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ရုံးရှေ့ တွင် တယ်လီနော ရှယ်ယာများအား စစ်ကောင်စီထံ ရောင်းချမှုကို နော်ဝေရောက် မြန်မာများ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲကို CRPH Support Group (Norway) မှ ကြီးမှူးပြီး မြန်မာနိုင်ငံသား ၂၀ ကျော်နှင့် နော်ဝေ လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ပါမောက္ခ တစ်ဦး ပူးပေါင်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ သုံးစွဲသူတို့ရဲ့အချက်အလက်များကို စစ်ကောင်စီထံ လွှဲပြောင်းပေးလျင် ပြည်သူများ အန္တရာယ် ဖြစ်စေနိုင်သည့် အတွက် တယ်လီနော တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိပြီး နော်ဝေပြည်သူများနှင့် လွှတ်တော်သို့ တင်သွင်းနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း သိရပါတယ်။

========================

📌📌မြန်မာ့အရေးမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေ ဆက်လက်တိုးမြှင့်နေတာပဲတွေ့မြင်ရကြောင်း အမေရိကန်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံကြီးများများရဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကြားမှာပဲ အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတာတွေ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကပြောဆိုလိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးနိုင်ငံအဖွဲ့(Quad) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဘလင်ကန် က မြန်မာ့အခြေ အနေဆိုးရွားနေဆဲဖြစ်ပြီး စစ်အုပ်စုရဲ့ဖိနှိပ်မှုတွေဟာ နှစ်ဆတိုးလာတာပဲ တွေ့ရတဲ့အကြောင်း ခုလိုထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
“အခြေအနေတွေက နက်နက်ရှိုင်းရှိုင်းပြဿနာရှိနေတယ်ဆိုတာ စိတ်ပျက်ဖွယ် ကောင်း လောက်အောင်ထင်ရှားနေပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး အာရုံစိုက် ပြောဆိုမှာဖြစ်တယ်လို့ ဘလင်ကန်က ဆက်လက်အသိပေးပြောဆိုပါတယ်

အမေရိကန်ဟာ ယမန်နှစ်က မြန်မာစစ်ကောင်စီ သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ဝါရှင်တန်အနေဖြင့် ထောက်ခံကြောင်းနှသဘောထားပြခဲ့ပြီး အာဏာသိမ်းအုပ်စုဟာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် လိုကြောင်း ဘလင်ကန်က ထပ်လောင်း ပြောဆိုပါတယ်။ မကြာခင်တွေ့ဆုံဖို့ရှိနေတဲ့ သမ္မတ ဘိုင်ဒင်နှင့် အာဆီယံခေါင်းဆောင်များရဲ့ ဝါရှင်တန်တွေ့ဆုံပွဲမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါကျရင် ဒီကိစ္စဟာ အာရုံစိုက်ပြောဆိုစရာ ကိစ္စတခုဖြစ်တယ်လို့်လည်း ဘလင်ကန်ကပြောခဲ့ပါတယ်။

အမေရိကန်ဟာ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန်ထိ အာဏာသိမ်းမြန်မာ့စစ်တပ်ကို ရှုထ်ချနေဆဲဖြစ်ပီး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအသစ်ကိုလည်း ထပ်မံသက်တမ်းတိုးချမှတ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့က သမတ ဘိုင်ဒင်ရဲ့ကြေငြာချက်မှာ
“စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ အင်မတန် ကြီးမားလှတဲ့ ဒုက္ခသုက္ခတွေကို ဖြစ်ပေါ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာမှုကို ထိခိုက်နေပါတယ်။ စစ်အာဏာရှင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ သူတို့ဖန်တီးခဲ့တဲ့ အလဲလဲအပြိုပြို အခြေအနေကနေ အမြတ်ထုတ်ယူဖို့ ကြိုးစားနေကြတယ်” လို့ကြေငြာချက်ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေ တရားမျှတမှု ရရှိစေရေး၊ လူ့အခွင့်အရေးချိုးဖောက်ပီး အကြမ်းဖက်ခံရမှုတွေမှာ တာဝန်ရှိသူတွေ တာဝန်ခံမှုရှိစေရေးတို့အတွက် အခြားသောနိုင်ငံတကာအဝန်းအဝိုင်းအားလုံးအနေနဲ့လည်း ဝိုင်းဝန်းကူညီပေးဖို့လိုတယ်လို့ စဉ်ဆက်မပြတ်တိုက်တွန်းနေတာဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment