11th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့တာဝန်တွေကိုပြန်ထမ်းဆောင်ခြင်းမပြုဖို့ သတိပေး
📌မြန်မာ အကြမ်းဖက် စစ်ကောင်စီထံ လေယာဉ်ဆီ ထောက်ပံ့ပေးမှု မလုပ်ရန် စီးပွားရေးကုမ္ပဏီများကို ဗြိတိသျှအစိုးရ သတိပေး
📌မတရားအမိန့်ချမှတ်ခံကျောင်းသားများသည် ဘားအံမြို့လမ်းတလျှောက် ထောင်ကားပေါ်မှ သွေးသစ္စာသီချင်းများကြွေးကြော်သီဆိုသွား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့တာဝန်တွေကိုပြန်ထမ်းဆောင်ခြင်းမပြုဖို့ သတိပေးထားပါတယ်

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် ကရင်နီ(ကယား) ပြည်နယ်နယ်သို့ လာရောက်စဉ် ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ ၂၅ရက်နေ့ နောက်ဆုံးထား၍ မိမိတာဝန်ထမ်းဆောင်ခဲ့ရာ မူလရာထူးအဆင့် နေရာ၌ ပြန်လည်တာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားခဲ့ပါတယ်။ အဆိုပါအကြမ်းဖက်ခေါင်းဆောင်ရဲ့ညွှန်ကြားချက်ကို လက်မခံကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)ကဖွဲ့စည်းထားတဲ့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

KNPP လက်အောက်တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာ သီးသီးကိုယခင်ကတည်းက စုဖွဲ့ထားပြီး ပြည်ထဲရေးဌာနကို ယခု ကြေညာချက်တွင်စတင် ထုတ်ပြန် လိုက်ခြင်းဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်ကောင်စီသည် ကရင်အမျိုးသားတိုးတက်ရေးပါတီနှင့် ကရင်နီပြည် တပ်မတော်အပါအဝင် ပြည်တွင်းကတော်လှန်ရေးအင်အားစုများကို ဖိနှိပ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူများသည် ဦးရေပေါင်း တသိန်းခုနှစ်သောင်း ကျော်သည်အထိ ထွက်ပြေးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီများရဲ့ အုပ်ချုပ်ရေးယန္တရားများ ယိုယွင်းပျက်စီးနေတာဖြစ်လို့ မူလအတိုင်း တာဝန်ထမ်းဆောင်ရန်ပြန်လည်စည်းရုံးနေခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရန် စည်းရုံးနေမှုကို လုံးဝလက်မခံရန်နှင့် လက်ခံလိုက်နာသူကို စစ်ကောင်စီအားထောက်ခံသူအဖြစ် သတ်မှတ်အရေးယူမှာဖြစ်တယ်လို့ ရေးသားပါရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင်သည် ဖေဖော်ဝါရီ ၃ရက်က ကရင်နီပြည် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းမြို့များသို့ ရောက်ရှိလာပြီး ပြည်နယ် စီမံခန့်ခွဲရေးကောင်စီအဖွဲ့ကို ခေါ်ယူတွေ့ ဆုံကာဝန်ထမ်းများတာဝန်ပြန်လည်ထမ်းဆောင်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးယန္တရားများ ယိုယွင်းပြိုဆင်းနေမှုက ပြည်နယ်အချို့မှာဖြစ်ပေါ်လျက်ရှိပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာလည်း ကေအန်ယူတပ်မဟာ ၅ ရဲ့အမိန့်ဖြင့် စစ်အုပ်စုလေက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ တာဝန်ကိုစွန့်ခွာ နေရပ်ပြန်နေကြကြောင်းသိရပါတယ်။

========================

📌📌မြန်မာ အကြမ်းဖက် စစ်ကောင်စီထံ လေယာဉ်ဆီ ထောက်ပံ့ပေးမှု မလုပ်ရန် စီးပွားရေးကုမ္ပဏီများကို ဗြိတိသျှအစိုးရ သတိပေးလိုက်ပါတယ်

မြန်မာနိုင်ငံက အကြမ်းဖက် စစ်ကောင်စီထံသို့ လေယာဉ်ဆီ ထောက်ပံ့ပေးမှု မလုပ်ဆောင်ရန် စီးပွားရေးကုမ္ပဏီများကို ဗြိတိသျှ အစိုးရက သတိပေးချက် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားနယ်မြေများကို သာလွန်အင်အား လေကြောင်းထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ထံသို့ လေယာဉ်လောင်စာများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီများကို ဗြိတိန်အစိုးရက သတိပေးလိုက်တာပါ။ လေကြောင်း လောင်စာဆီ ထောက်ပံ့မှုတွင် ဗြိတိန်ကုမ္ပဏီများ မပါဝင်ကြဖို့ ဗြိတိန်အစိုးရ၏ သတိပးချက်ကို Burma Campaign UK ကလည်း ကြိုဆိုကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။
“ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီ ထောက်ပံ့မှုမှာ ဗြိတိန်ကုမ္ပဏီတွေ မပါဝင်ဖို့ သတိပေးတာ အရမ်းကောင်းပါတယ်” လို့ Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။
“ဒါဟာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု လေကြောင်း လောင်စာဆီ ထောက်ပံ့ရေး အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ တတ်နိုင်သမျှ ဥပဒေကြောင်းအရ အရေးယူမှုတွေ အမြန်ဆုံးလုပ်မယ်လို့ မျှော်လင့်ပါတယ်။” လို့သူက ဆက်ပြောပါတယ်

အကြမ်း ဖက်စစ်တပ်နှင့်မပတ်သက်သော စီးပွားရေး လမ်းညွှန်ချက်အသစ်ကိုလည်း ဗြိတိန်အစိုးရ၊အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဦးစီးဌာနနှင့် နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက ထုတ်ပြန်ထားပါတယ်
“မြန်မာစစ်တပ်သည် အရပ်သားပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ ပုံမှန်လုပ်နေသည်။ မြန်မာ့လေကြောင်းကဏ္ဍနှင့် ဆက်စပ်နေသည့်ကုမ္ပဏီများအနေဖြင့် လေယာဉ်ဆီကဲ့သို့သော ကုန်ပစ္စည်းများ စစ်တပ်သို့ မရောက်ရှိရန် သေချာစွာလုပ်ဆောင်သင့်တယ်' လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

Burma Campaign UK နှင့်အတူ မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းအများအပြားက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လာပြီးနောက် လေကြောင်း လောင်စာဆီ ထောက်ပံ့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီအားပိတ်ဆို့ရေးလှုပ်ရှားမှုများ အဘက်ဘက်ကကြိုးစားနေကြသည့်နည်းတူ ကမ္ဘာ့စတုတ္ထအကြီးဆုံး ကုန်တင်သင်္ဘောကုမ္ပဏီဖြစ်သည့် ထိုင်ဝမ် Evergreen ကုမ္ပဏီက မြန်မာတပ်မတော်ပိုင်ထီးတန်းဆိပ်ကမ်းကို ဆက်လက်အသုံးပြုမည်မဟုတ်ကြောင်း ၎င်းတို့ထံအ‌ကြောင်းကြားခဲ့တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Burma Campaign UK က ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ထားပါသေးတယ်။

========================

📌📌မတရားအမိန့်ချမှတ်ခံကျောင်းသားများသည် ဘားအံမြို့လမ်းတလျှောက် ထောင်ကားပေါ်မှ သွေးသစ္စာသီချင်းများကြွေးကြော်သီဆိုသွားခဲ့ကြတဲ့သတင်းကိုတင်ပြပါ့မယ်

ဘားအံတက္ကသိုလ်ကျောင်းသား ၉ ဦးကို ၁၁ လကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဘားအံမြို့နယ်တရားရုံးက ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁၂ နှစ် ၁၃နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားလူငယ် ၉ ဦးဟာ ၂၀၂၁ ခုနှစ် မတ်လမှစ၍ ဘီးလင်းမြို့၌ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက လူငယ် ၉ ဦးကို အကြည်ညိုပျက်စေမှု ၅၀၅ က ၊ တပ်မတော်တည်ငြိမ်ရေးနှောက်ယှက်မှု ရာဇသတ်ကြီး ပုဒ်က ၁၂၄ ဂ အပါအဝင် တရားမဝင်ပို့ကုန်သွင်းကုန်သုံးစွဲမှု(ဆိုင်ကယ်လိုင်စင်မရှိ) ပုဒ်မ ၈ စသည်တို့ဖြင့် အသီးသီးအမိန့်ချမှတ်ခဲ့တာပါ။
အခုလိုအာဏာသိမ်းစစ်အုပ်စုရဲ့ အငြှိုးတကြီးနဲ့ ပြစ်ဒစ်ချတာခံခဲ့ရသူတွေကတော့
စောမင်းစိုး First Yearသတ္တဗေဒ ၊မင်းသူအောင် Second Year zoology၊ ​အောင်​ကျော်မင်းSecond Year Philosophy ၊ရဲထွဋ်​ခေါင် Second YearHistory ၊ စေမာန်မှူးB.Sc Zoology ၊ ဦးဝင်းကိုကိုလတ် ကားဆရာ ၊ ဇော်ဝင်းထွဋ် Second Year Chemistry ၊ဟန်ဇော်မျိုး First yearMyanmar ၊ မျိုးမြန်မာအောင်ပထမနှစ် သတ္တဗဒေ ၊ ချစ်ဝင်းထွန်း First Year Zoology တို့ဖြစ်ကြောင်းသိရပါတယ်။
သူတို့ကို ၁၁ လကျော်ကြာ ဘားအံခရိုင်တရားရုံးမှ လိုရာစွဲချက်ဖြင့်အဓမ္မစွဲဆိုပြီး ရုံးတင်စစ်ဆေး​ပြီးနောက်တွင် မတရားအမိန့်ကို ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံရမယ့်လူငယ်များက အမိန့်ကျပြီးနောက်မှာ ၎င်းရုံးပုရဝုဏ်အတွင်းမှာပဲ အရေးတော်ပုံအောင်ရမည်ဟုသံပြိုင်ဟစ်ကြွေးခဲ့ပြီး၊ တရားရုံးမှတဆင့်ထောင်သို့သွားရာ ဘားအံမြို့ လမ်းတစ်လျှောက်တွင်လည်းထောင်ကားပေါ်မှနေ၍ သွေးသစ္စာသီချင်းအော်ဆိုခဲ့ကြကြောင်း ဘားအံမြို့ခံများက ပြောဆိုကြပါတယ်။
" စစ်တပ်က ဘီးလင်းဂိတ်မှာ ဖမ်းတဲ့အချိန်မှာ ကျောင်းသားတွေဖြစ်တဲ့ ဒီကလေးတွေမှာဘာသက်သေမှရှာမတွေ့ပါဘူး။ သူတို့အိတ်ထဲskin care တွေပဲပါတယ်။ ဖုန်းထဲလဲဘာသက်သေမှမရှိပါဘူး။အဲဒါဒီနေ့ဘားအံခရိုင်တရားရုံး ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချပါတယ်။ ကလေးတွေက တရားရုံးက အထွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအော်တော့ရဲတွေကသေနတ်နဲ့ချိန်ပြီး ထောင်ကားကိုမောင်းထွက်သွားပါတယ်။ လမ်းတစ်လျှောက်လုံးလည်း သွေးသစ္စာ သီချင်းကို ထောင်ကားပေါ်ကနေ အော်ပြီး ကလေးတွေက ဆိုသွားကြတယ်" လို့ ပြစ်ဒဏ်ကျ ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကပြောပြပါတယ်

ကျောင်းသားများကို ဘားအံ တောင်ကလေးထောင်တွင် ဖမ်းဆီးထားပြီး ထောင်တွင်း ဖိနှိပ်မှုများကြုံတွေ့နေရကြောင်းသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားအချင်းချင်း မထားသဖြင့် ကျောင်း သားများအခက်အခဲကြုံနေရကြောင်း အကျဉ်းထောင်တွင် စာရွက်နှင့်ဘောပင် ပေးမသုံးကြောင်း၊ ထောင်တွင်းသောက်သုံးရေနှင့်ချိုးရေးမှာလည်း ညစ်ပတ်နေသဖြင့် ယခုကဲ့သို့ ထောင်တွင်းအခြေအနေဆိုးများကို ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းအား သိစေလိုတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့်နီးစပ်တဲ့မိသားစုတွေထံမှတဆင့် သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment