20th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းမျာ

သတင်းခေါင်းစဉ်များ -

📌ICJ တက်ရောက်ခွင့် ရခြင်းက အစိုးရ အဖြစ် အသိမှတ်ပြုခြင်း မဟုတ်
📌ချင်းပြည်နယ်တွင်းရှိနယ်မြေများကို ချင်းအမျိုးသားတပ်ဦး-CNF မှ (၇၅)ရာခိုင်နှုန်းထိစိုးမိုးထားနိုင်ပြီ
📌စစ်အာဏာရှင်တော်လှန်ရေးကို ပြည်သူများနှင့်အတူ နေပြည်တော် စစ်ရုံးမှလည်း ပူးပေါင်းပါဝင်နေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ICJ တက်ရောက်ခွင့် ရခြင်းက အစိုးရ အဖြစ် အသိမှတ်ပြုခြင်း မဟုတ်တဲ့အကြောင်း သတင်းတပုဒ်ကိုတင်ပြပေးပါ့မယ်

လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီးတော့ နိုင်ငံတကာရာဇဝတ်တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ အမှုကိုရင်ဆိုင်ရန် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအဖွဲ့များ စတင်ထွက်ခွါသွားပြီလို့သိရှိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံးတွင် အဆိုပါအမှုကို တရားစီရင်ပိုင်ခွင့်ရှိ၊မရှိ နှစ်ဖက်ကြားနာပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်မှ ပြန်ကြားရေးဝန်ကြီးဌာနက အိုင်စီဂျေတွင် ရင်ဆိုင်ရန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှ ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့ နေချုပ်ဒေါက်တာသီတာဦး တို့ဦးဆောင်သောအဖွဲ့သထွက်ခွါသွားပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အိုင်စီဂျေ အမှုကို ဆောင်ရွက်ရန် ဥပဒေရေးရာအဖွဲ့အသစ်ကို နိုင်ငံတကာ ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီဘက်ကလည်း အိုင်စီဂျေတွင် တရားရင်ဆိုင်ရန် ထွက်ခွါသွားတာဖြစ်ပါတယ်။ သို့သော် အိုင်စီဂျေအမှုကိုချေပရန် မည်သည့်ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ယနေ့အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒီကိစ္စနဲ့ပက်သက်ပြီး “တရားရုံး လုပ်ထုံးလုပ်နည်းအရ သံရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာပေါ့၊ ဒါက အစိုးရ ဖြစ်ခြင်း မဖြစ်ခြင်းကို အသိအမှတ်ပြု ရွေးချယ်တာမဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းအရပဲ”ဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

အိုင်စီဂျေမှာ ထိုအမှုကို NUG က ဖြေရှင်းခွင့်ရမည်ဆိုပါက စစ်ကောင်စီကျူးလွန်ခဲ့မှုများကိုအတည်ပြုပြီး တရားဆွဲဆိုနိုင်ရန် တွန်းအား ပေးနိုင်မှာဖြစ်ပြီး စစ်ကောင်စီဘက်က တက်ရောက်ဖြေရှင်းခွင့်ရပါက အမှုကိုငြင်းပယ်မှာဖြစ်ပြီး အချိန် ကာလကြာရှည်အောင် ဆွဲထားမည့်သဘောရှိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်ထားပါတယ်။

“NUGသွားဖြေရှင်းရင် ဒီအမှုက တကယ်ဖြစ်ခဲ့ပါတယ်၊တရားစီရင်ပိုင်ခွင့်ရှိပါတယ် ဆိုပြီးအဆိုတင်မယ်။ စစ်ကောင်စီက ဖြေရှင်းခွင့်ရရင်တော့ သူကအချိန်ဆွဲမယ်၊ဒီအမှုမရှိလို့တရားစီရင်ပိုင်ခွင့်မရှိဘူးဆိုပြီးငြင်းဆန် နေမယ်။ အဲဒီတော့လိုရာမရောက်ပဲ အချိန်တွေအများကြီးကြာပြီး အမှုကမေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ့်မယ်”ဟု ၎င်းကဆိုပါတယ်။

၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည် ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံကိုတရားစွဲထားခြင်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက် ဖြေရှင်းကာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အစိုးရအဖွဲ့က ICJ အနေနှင့် မြန်မာနိုင်ငံ၏လူမျိုးသုဉ်းသတ်ဖြတ်မှုကို တရားစီရင်ပိုင်ခွင့်မရှိကြောင်း ကန့်ကွက်စာပို့ခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းအပြီးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရကဒေါ်အောင်ဆန်းစုကြည်၏ ပဏာမ ကန့်ကွက်မှုကို ရုတ်သိမ်းကြောင်း နိုင်ငံတကာ တရားရုံးသို့ ပြန်လည်အကြောင်းကြားခဲ့ပါတယ်။

========================

📌📌ဆက်လက်ပီးချင်းပြည်နယ်တွင်းရှိနယ်မြေများကို ချင်းအမျိုးသားတပ်ဦး-CNF မှ (၇၅)ရာခိုင်နှုန်းထိစိုးမိုးထားနိုင်ပြီဆိုတဲ့သတင်းကို ဖတ်ကြားပေးမှာဖြစ်ပါတယ်

စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပြီးနောက်မှာ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးနှင့်အတူ ချင်းပြည်နယ်တွင်းက လက်နက်ကိုင်တပ်ဖွဲ့များဟာ ပြည်သူနှင့်အတူပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိကြပါတယ်။ လက်ရှိအချိန်မှာတော့ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင်ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီ(CJDC) ခေါင်းစဉ်အောက်တွင် စစ်ရေးလှုပ်ရှားနေကြောင်း သိရပါတယ်။ နယ်မြေစိုးမိုးထားနိုင်မှုနဲ့ပက်သက်ပီး ချင်းအမျိုးသားတပ်ဦး CNF မှပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက - “စစ်ရေးအရ ကျနော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆိုပြီးတော့မှ အခုချင်းတောင်မှာ စစ်ဆင်ရေးတွေ ကျနော်တို့က ပူးတွဲပြီးမှ CJDC ဆိုပြီး‌တော့မှ ခေါင်းစဉ်အောက်ကနေ စစ်ရေးကို ကျနော်တို့ လုပ်နေပါတယ်၊ အဲဒီနေရာမှာ ချင်းပြည် ပြန်လည် တည်ဆောက်ရေးဆိုတဲ့ နေရာမှာ ကျနော်တို့ နယ်မြေလုံခြုံမှသာ အဲဒါ ဖြစ်လာတာ ဖြစ်တယ်၊ အဲဒါ ကြောင့် စစ်ရေးထက်ကို ကျနော်တို့ အဓိက ချင်းပြည်နယ် (၉) မြို့နယ်မှာ တိုက်ပွဲ‌တွေ ဖြစ်နေတယ်၊ ဒီနေ့အထိ စစ်ကောင်စီ က ချင်းပြည်နယ် (၉) မြို့နယ်၊ မြို့တွင်းကလွဲလို့ နယ်ဘက်တွေ ဘာတွေ နယ်မြေစိုးမိုးရေး မလုပ်နိုင်ပါဘူး၊ အဓိကကတော့ ၇၅ ရာခိုင်နှုန်းကတော့ ကျနော်တို့က စိုးမိုးထားတယ်လို့ ပြောလို့ရပါတယ်၊ အဲလိုလုပ်ပြီးခါမှ တချို့ဒေသတွေမှာ ကျန်းမာရေး လိုဟာမျိုး ကိုယ့်ဟာကို တည်ဆောက်ပြီးမှ လုပ်နေတာ ဖြစ်ပါတယ်”လို့ Burma News Network သတင်းဌာနကို ပြောဆိုသွားပါတယ်။
ချင်းပြည်တည်ဆောက်ရေးတွင် မိမိတို့၏ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း၊ ချင်းပြည်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမူရေးနှင့် ယဉ်ကျေးမှုကဏ္ဍ အရပ်ရပ်ကို ချင်းပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထ တည်ဆောက်ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ CNF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။

CNF ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ဆက်လက်ပြီး ပြောပြတာက “ကျ‌နော်တို့ ချင်းပြည် ပြည်လည်တည်ဆောက်ရေး ဆိုတဲ့နေရာမှာ အပိုင်း(၂)ပိုင်း ခွဲထားပါတယ်၊ နိုင်ငံရေး အားဖြင့်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဆိုတာရှိတယ်။ အစု အဖွဲ့တွေနဲ့ ဥပမာ လွှတ်တော်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ ပြီးတော့ CDM အစုအဖွဲ့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦး ဆိုပြီးတော့မှ နိုင်ငံရေးအရ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဆိုပြီးတော့ ကျနော်တို့ ဖွဲ့ထားတာရှိတယ်” လို့ သူက ဆက်ပြောပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်အားကိုအဓိကသုံးနေပြီး အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်တွင်းရှိ မြို့ရွာများကိုလည်း မကြာခဏမီးရှို့တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံကာကွယ်ရေးတပ်၊ CNF ပူးပေါင်းတပ်ဖွဲ့များဟာ အကြမ်းဖက်စစ်တပ်ကို နေ့စဉ်ရက်ဆက်ခုခံတိုက်ပွဲများ ဆင်နွှဲနေရတုန်းလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာပဲ နယ်မြေအတော်များများကို ဒေသခံပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနှင့်အတူ ချင်းတော်လှန်ရေးအင်အားစုတွေက စိုးမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အချို့ဒေသများမှာ အာဏာဖီဆန်ရေးလှုပ်ရှားခဲ့ကြတဲ့ ပညာရေးဝန်ထမ်းများရဲ့ဦးဆောင်မှုနဲ့ အမျိုးသားကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပီး စစ်အုပ်စုက ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးအမည်ခံဆွေးနွေးပွဲကိုလည်း CNF က ပြတ်ပြတ်သားသားငြင်းဆန်ခဲ့တာဖြစ်ပါတယ်။


========================

📌📌ဆက်လက်ပီး စစ်အာဏာရှင်တော်လှန်ရေးကို ပြည်သူများနှင့်အတူ နေပြည်တော် စစ်ရုံးမှလည်း ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့သတင်းတပုဒ် တင်ပြပေးဖို့ရှိပါတယ်။

လေတပ်မှာတာဝန်ကျနေတဲ့ အရာရှိ ၁ထောင်ကျော်နဲ့ အခြားအဆင့် ၉ထောင်ကျော် စုစုပေါင်း ၁သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်များအပြင် မြေပြင်တပ်မှူးများရဲ့ စစ်ဆင်ရေးဒေသဝင်ရာအချက်အလက်များကို ပေးပို့ခြင်းဖြင့် စစ်ရုံးဌာနဟာ ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လျက်ရှိတယ်လို့ CDMer စစ်တပ်အရာရှိဟောင်းတဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ညက အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်ဌာနချုပ်တွင်းရှိ ဗုံးကြဲရန်အသင့်ဂျက်လေယာဉ်များ ဖောက်ခွဲခံရအပြီး မကြာခင်မှာပဲ အခုလို CDMer ဗိုလ်ကြီးညီသုတက ရေးသားပြောဆိုလိုက်တာပါ။

ကက(ထူး) ၊ ကက(ရေး) ၊ ကကတမ်း မှ တာဝန်ရှိသူများသည် စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့လျက်ရှိကြပြီး ရုန်းထွက်ရန်အခြေအနေမပေးသည့် အခြေအနေတွင် စစ်ရုံးအတွင်းမှနေပြီး ပြည်သူနှင့်ပူးပေါင်းခြင်းနည်းလမ်းကိုသာ ရွေးချယ်ကြတော့တယ်လို့ သူကရေးသားထားတာပါ။ ဒါ့ပြင် ပြည်သူ့တော်လှန်ရေးတွင် ကက(လေ) မှ ပြည်သူ့ဘက်တော်သားခံယူလိုသူများရဲ့ ပူးပေါင်းပါဝင်မှုသည် ကာလကြာရှည်ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုပူးပေါင်းပါဝင်မှုတွင် ဒုတိယဗိုလ်မှူးကြီးနှင့်အထက် အရာရှိကြီးများ ကိုယ်တိုင်ပင် ပါဝင်နေကြကြောင်းဆိုပါတယ်။ ပြည်သူ့ဘက်တော်သားဖြစ်လိုကြသူများသည် တပ်တွင်း ခွဲခြားနှိမ်ချဆက်ဆံခံရခြင်း၊ တပ်နေမပျော်ခြင်းများကြောင့် လုံခြုံရေးဆိုင်ရာယိုပေါက်များကို နေ့စဉ်ဖွင့်ဟပေးပို့နေကြတယ်လို့လည်း ဆိုပါတယ်။ မကြာသေးခင်က လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို အနားပေးခဲ့သည့်ဖြစ်စဉ်ကြောင့် လေတပ်တွင်း စိတ်ကွမ်းကွဲမှု ပြင်းထန်ခဲ့ပြီး အုပ်စုတွင်း ဂိုဏ်းဖွဲ့မှုများ ခိုင်မာလာခဲ့ပါတယ်။ လက်ရှိတာဝန်ပေးခံထားရတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင် ကို တပ်မတော်(လေ) တွင် မနှစ်သက်သူအများအပြားရှိကြတယ်။ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ ရဟတ်ယာဉ်မောင်းသူအုပ်စုမှ ဒုတိယဗိုလ်မှူးကြီး ၊ ဗိုလ်မှူး နှင့် ဗိုလ်ကြီးများကို နှိမ်ချဆက်ဆံမှုများကြောင့် စက်မှုလက်မှုအရာရှိ (၄၀၀) ကျော်ထဲမှ အများစုသည်လည်း ဗိုလ်ချုပ်ကြီးထွန်းအောင်ကို မကြိုက်ကြဟူ၍လည်း ပြည်သူ့ဘက်က ရပ်တည်ပြီး စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ဗိုလ်ကြီးညီသုတက ထုတ်ဖော်ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်အတွင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို လွန်ဆန်နိုင်မယ့် ဦးစီးချုပ်(လေ)အား မျှော်လင့်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ယခု ဗိုလ်ချုပ်ကြီး ထွန်အောင်အား ဦးစီးချုပ်(လေ) အဖြစ်ခန့်လိုက်ခြင်းကြောင့် ပြည်သူ့ဘက်က ရပ်တည်လိုသူတို့မှာ မျှော်လင့်ချက် ပိုမိုဆိတ်သုန်းသွားကြတယ်လို့ သူကဆိုပါတယ်။ ပြည်သူများကိုလက်ရှိအချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကို ဆင်ခြင်ဉာဏ်မရှိဘဲ နာခံတတ်သူဖြစ်ကာ ဗိုလ်ချုပ်လှညွှန့်သည်လည်း မောက်မာသူဖြစ်ကြောင်း၊ ကက(လေ) မှ အမြော်အမြင်ရှိသူများသည် လက်ရှိအခင်းအကျင်းအား စိတ်ပျက်နေကြပြီး အနာဂါတ်ပျောက်ဆုံးသလိုခံစားနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်းမှာ လေယာဉ်ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဟိန်းထက်အောင်သေဆုံးရာမှာလည်း လေယာဉ်မှူးသည် ပြည်သူ့တံတွေးခွက်တွင် မျောခဲ့ရပါတယ်။ အလားတူ အခြားသော တပ်မတော်(လေ)အတွင်းမှ အရာရှိ စစ်သည်များ အနာဂတ်ပျောက်ဆုံးနေပြီး ဂုဏ်သိက္ခာကင်းမဲ့လျက်ရှိလည်သည်ကို တဖြည်းဖြည်း သိရှိနားလည်လာကြတယ်လို့ ဗိုလ်ကြီးညီသုတက ဖော်ပြထားပါတယ်။ စစ်ကိုင်းမှာပျက်ကျသေဆုံးသွားတဲ့ လေယာဉ်မှူးသည် လူသားတစ်ဦးဖြစ်ပါလျက် လူသားဂုဏ်သိက္ခာဆုံးရှုံးပြီး ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ခြင်းဖြစ်ရပ်အပေါ် ဗိုလ်ကြီးညီသုတက ရည်ညွှန်းရေးသားထားတဲ့ အတွေးအမြင်စာတပုဒ်ဟာလည်း လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေသူများပြားခဲ့တာတွေ့ရပါတယ်။

စစ်ကိုင်းမှာလေယာဉ်ပျက်ကျသေဆုံးသူလေယာဉ်မှူးရဲ့ မိသားစုအနေနဲ့ ပြည်သူများရဲ့ မှတ်ချက်များကို ဖတ်ပြီးနေမှာဖြစ်ပြီးမိသားစုအတွက် သမိုင်းအမဲစက်ထင်ကျန်ခဲ့ပြီဖြစ်တယ်။လေယာဉ်မှူးတင်မဟုတ် မိသားစုဝင်များပါ အရှက်ရပြီး ခေါင်းမဖော်နိုင်တော့ဘူးလို့ သူကထိုဖြစ်စဉ်နောက်ပိုင်း ရေးသားထားတာပါ။

ထိုကဲ့သို့ သမိုင်းမှတ်တမ်းဆိုးမဖြစ်အောင် တပ်မတော်(လေ)အား ပြုပြင်ပြောင်းလဲရန် အလျင်အမြန်လိုအပ်နေပါတယ်။ နည်းလမ်းသုံးသွယ်ကို CDMer စစ်တပ်အရာရှိညီသုတက ခုလိုဖော်ပြထားပါတယ်။
ပထမဆုံးအနေနဲ့ ပြည်သူဘက်သို့ ကူးပြောင်းရပ်တည်ခြင်းနည်းလမ်း။ ဒုတိယကတော့ ထိပ်ပိုင်းအရာရှိ ၊ အရာငယ်များ စုပေါင်းအင်အားဖြင့် ပြည်သူ့နေအိမ်များအား ဗုံးကြဲတိုက်ခိုက်ရန်အမိန့်များကို စုပေါင်းဆန့်ကျင်ခြင်းနည်းလမ်းဖြစ်ကာ နောက်ဆုံးနည်းလမ်းကတော့ တပ်တွင်းမှနေပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ကြောင်း အကြံပြုထားတာကို တွေ့ရှိရပါတယ်။ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်တိုက်လေယာဉ်ပျက်ကျခဲ့ပီး ဖေဖေါ်ဝါရီလ ၁၈ ရက်မှာပဲ လေတပ်ဌာနချုပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဝေးမှတိုက်ခိုက်ဖောက်ခွဲခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၉ ရက်မှာတော့ စစ်အာဏာရှင်တော်လှန်ရေးကို ပြည်သူများနှင့်အတူ နေပြည်တော် စစ်ရုံးမှလည်း ပူးပေါင်းပါဝင်နေကြောင်း သတင်းစကားများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment