7th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက်ခင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မန္တလေးမြို့က စာသင်တိုက်ကျောင်းတခုကို စစ်ကောင်စီတပ်တွေကချိတ်ပိတ်
📌ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်
📌ကရင့်နယ်မြေတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်ဗုံးကြဲတာကြောင့် အရပ်သားများသေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မန္တလေးမြို့က စာသင်တိုက်ကျောင်းတခုကို စစ်ကောင်စီတပ်တွေကချိတ်ပိတ်ပစ်လိုက်ကြပါတယ်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာဝိဇိတာရာမတိုက်တွင်းရှိ သံဃသမဂ္ဂဆရာတော်အရှင်ကလျာဏသီတင်းသုံးရာ တေဇာလင်္ကာရကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လာရောက် ချိတ်ပိတ်သွားခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းပေါင်း ၁၅၀ ကျော်ရှိတဲ့ ပြည်ကြီးတံခွန်မြို့နယ်တွင်းက တေဇာလင်္ကာရကျောင်း ချိပ်ပိတ်ခံရပြီးနောက်မှာ သံဃာနှစ်ပါးကိုလည်း စစ်ကောင်စီက သီတင်းသုံးရာနေရာမှ နှင်ထုတ်ခဲ့ကြပါတယ်။
စစ်ကောင်စီက လွန်ခဲ့သော ငါးလခန့်ကတည်းက ၎င်းတို့ရှာဖွေနေတဲ့ သံဃာတစ်ပါးကို ဖမ်းမမိတာကြောင့် တေဇာလင်္ကာရကျောင်းကို ချိပ်ပိတ်ခြင်းဖြစ်တယ်လို့ ကျောင်းတိုက်နှင့် နီးစပ်တဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။ “အရင်ကအဲဒီကျောင်းမှာနေသွားတဲ့ ဦးဇင်းလေးတစ်ပါးရှိတယ်။ သူက ဆန္ဒပြပွဲတွေဘာတွေလိုက်တယ်ပေါ့။ သူ့ကို မကြာခဏလာရှာတယ်။ ကျောင်းကိုစစ်ဆေးတယ်။ ပစ္စည်းတွေသိမ်းတယ်။ သူ့ကိုရှာမတွေ့တော့ မဲတဲ့သဘောရှိတယ်”ဟု အထက်ပါ သံဃာက မှတ်ချက်ပြုခဲ့ပါတယ်။
စစ်ကောင်စီတပ်များဟာ လွန်ခဲ့တဲ့ စက်တင်ဘာလကလည်း အဆိုပါကျောင်းတိုက်ကို ပထမအကြိမ်အဖြစ် ဝင်ရောက်စီးနင်းပြီး ရှာဖွေခဲ့ကြပါသေးတယ်။
ထိုစဉ်ကတည်းက မန္တလေးသံဃသမဂ္ဂ အဖွဲ့ဝင်သံဃာတော်တပါးဟာ ကျောင်းတိုက်မှာမနေတော့ဘဲ ရှောင်တိမ်းနေတာ ၅ လကျော်ကြာပြီလို့လည်းသိရပါတယ် အဆိုပါကျောင်းတိုက်နေသံဃာတော်များတွက် အလှူ့ရှင်များက ရည်မှန်းလှူဒါန်းထားခဲ့သော ကား၊ ​ပန်ကာ၊ ​အောက်ဆီဂျင်စက်(၂)လုံး၊ ခရီးဆောင်အိပ်၊ ​ငွေကြေးများနှင့်အတူ အဆိုပါကျောင်းတိုက်တွင် ​ဆေးလာကုသော လူနာဆီမှ ငွေကျပ် (၁၅) သိန်း အပါအဝင် ရသမျှအား ယခင်လများက အကုန်သိမ်းသွားခဲ့ကြပြီးဖြစ်ကြောင်းနှင့် ယခုတကြိမ်မှာတော့ ကျောင်းတိုက်နေသံဃာ​တော်များကိုပင် မောင်းချကာ ချိတ်ပိတ်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂမှ သတင်းထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့ သံဃသမဂ္ဂအဖွဲ့ဝင်ရဟန်းတွေ အမြဲမပျက်လှုပ်ရှားမှု​တွေရှိနေတော့ အမြင်ကတ်တဲ့ပုဒ်မရယ် အဲဒီထဲက ​ခေတ္တလာ​ရောက်​နေထိုင်သွားတဲ့သံဃသမဂ္ဂဆရာ​တော်တပါးကို ရှာမ​တွေ့လို့ အ​ကြောင်းပြချက်ရယ် အခုမှ စစ်တပ်က ဘာစိတ်ကူးပေါက်ပြီး ကျောင်းကိုချိတ်ပိတ်လည်းမသိပေမယ့် သေချာတာကတော့ အာဏာရူးတွေဟာ မန္တလေးလိုမြို့ပေါ်အထိပေါ်ပေါ်ထင်ထင် ရမ်းကားလာတာပဲဖြစ်တဲ့အကြောင်း
သံဃသမဂ္ဂ မန္တလေး ဆရာတော်များမှ ဖြစ်ရပ်အပေါ် သတင်းထုတ်ပြန်ရေးသားခဲ့ပါတယ်။

"အရင်ဆုံး ပြောချင်တာကတော့ မဆိုင်တဲ့ ဘုန်းကြီးတွေနဲ့ ကျောင်းကို ချိတ်ပိတ်တဲ့အပေါ်မှာ ဦးဇင်း အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်။ ဦးဇင်းတို့ရဲ့ ဒါယိကာ၊ ဒါယိကာမများပဲ ဒုက္ခရောက်ကြရတာမဟုတ်ဘူး သံဃာများလည်း ဖမ်းဆီးညှဉ်းပန်း၊ နှိပ်စက်ရိုက်နှက်၊ အကျဉ်းချရုံမက ကျောင်းတိုက်များပင် ခုချိတ်ပိတ်ခံရနေပါတယ်" လို့ဖြစ်စဉ်နဲ့နီးစပ်တဲ့ ဆရာတော်သံဃာတော်များကမိန့်ပါတယ်။

“အခုနှင်ခံရတဲ့နှစ်ပါးက သူတို့ဖာသာ အေးအေးနေကြတဲ့ ဘုန်းကြီးတွေပါ။ အခုလိုလုပ်တာ မကောင်းဘူးပေါ့။ ဒါမျိုးကြီးတွေက မတရားဘူး။ မလုပ်သင့်ဘူး” တဲ့အကြောင်း ဆရာတော်ကဆက်မိန့်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်အတွင်း မန္တလေးမြို့ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်ကြတဲ့ ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်၊ မဟာဝိဇိတာရာမတိုက် တို့တွင် သီတင်းသုံး၊ စာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက ကျဆင်းသွားတဲ့အကြောင်းလည်း သိရှိရပါတယ်။

========================

📌📌ရန်ကုန်မြို့က ဆန္ဒပြလူငယ်တဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်တဲ့သတင်းတပုဒ်ကို တင်ပြပေးဖို့ရှိပါတယ်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်း တက်ရောက် ချိတ်ဆွဲသော ဆန္ဒပြလူငယ် ၁ ဦးကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အာဏာသိမ်းတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးသွားကြောင်း သိရပါတယ်။

စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြလူငယ် ၄ ဦးက ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် တက်ရောက်ကာ ဗီနိုင်းချိတ်ဆွဲတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်နှင့်ရဲက လိုက်လံ ပစ်ခတ်ဖမ်းဆီးသဖြင့် ထွက်ပြေးကြရာမှာ ၃ ဦး လွတ်မြောက်သွားပေမယ့် အသက် ၁၈ နှစ်ခန့်အရွယ် လူငယ် ၁ ဦး ကျည်ထိမှန်ပြီး လဲကျသွားကြောင်း၊ အဆိုပါ လူငယ်ဟာ သွေးအိုင်ထဲတွင် မလှုပ်တော့ကြောင်း၊ ဗိုက်ပွင့်ပြီး အူထွက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံပြည်သူများ ပြောကြားချက်အရသိရပါတယ်။

"အလံလွှင့် ဆန္ဒပြတဲ့ ကလေး ၄ ယောက်ကို စစ်တပ်က လိုက်ဖမ်းတာ။ ၃ ယောက် လွတ် မြောက်ပြီး တစ်ယောက်ကို ရဲခွေးတွေ ပစ်တဲ့ ကျည်ထိမှန်တယ်။ မလှုပ်တော့ဘူး သွေးအိုင်ထဲမှာ။ အခုစစ်ခွေးကားတွေ Inya View condo နားမှာ တပ်စွဲထားတယ်"ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုပါတယ်။ လက်နက်ကိုင်တော်လှန်မှုများနည်းတူ ရန်ကုန်နှင့် အခြားမြို့တွေမှာ မြို့တွင်းဆန္ဒပြပွဲများလည်း နေ့စဉ်ပေါ်ပေါက်လျက်ရှိပီး အာဏာသိမ်းစစ်တပ်ဘက်ကတော့ ဆန္ဒပြလူငယ်တွေကို ရက်ရက်စက်စက် ဖမ်းဆီးပစ်ခတ်မှုတွေလုပ်နေပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ကလည်း ကျောင်းသားလူငယ် ၂ ဦးဖြစ်ကြတဲ့ မောင်ဝေယံထက်၊ မောင်ဇွဲထက်နိုင် တို့ကို လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သား ၇ ဦးက ဝိုင်းဝန်း ဖမ်းဆီးရိုက်နှက်မှုဖြစ်ခဲ့ပါသေးတယ်။ ဝိုင်းဝန်းရိုက်နှက်အပြီးမှာ ကားပေါ်သို့ ပစ်တင်ပြီး ခေါ်ဆောင်သွားရာမှာ ယနေ့ အချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

"လူငယ် ၂ ဦးက စံပြဈေးနားမှာ စစ်သားတွေက ရိုက်နှက်ခေါ်သွားတာ။ အခြေခံ ပညာကျောင်းသားလေးတွေပဲ ရှိဦးမယ်ထင်တယ်" ဟု မျက်မြင်တစ်ဦးက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ထုတ်ပြန်ချက်မှာ စစ်အာဏာရှင်န့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ကျဆုံးခဲ့သူ ပြည်သူဦးရေဟာ ၁၅၁၉ ဦးရှိတယ်လို့သိရပါတယ်။

========================

📌📌ကရင့်နယ်မြေတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်ဗုံးကြဲတာကြောင့် အရပ်သားများသေဆုံးခဲ့ကြပါတယ်

KNU-KNLA ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ဖာပွန် မထောအုပ်စု တဒွံခို့ကျေးရွာတွင်းသို့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လာရောက်ဗုံးကြဲချခဲ့ပါတယ်။ ထိုသို့ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကို KNU မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူများမှာ စောစိုးနိုင် အသက် ၅၆ နှစ် နှင့် ဇနီးဖြစ်သူ နော်သူးခိုအသက် ၅၈ နှစ်တို့ဖြစ်ကြပါတယ်။ ဒဏ်ရာရရှိသူ ၆ ဦးအနက် ကလေးငယ် နှစ်ဦးလည်းပါဝင်တယ်လို့ ကေအင်ယူ မူတြော်သတင်းစဉ်က ဖော်ပြထားပါတယ်။ လူနေအိမ် လေးလုံးလည်း မီးလောင်ပျက်စီးသွားပါတယ်။ အခုလို အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့အရပ်သားများနေထိုင်ရာရွာတွေကို လေယာဉ်ဗုံးကြဲတဲ့ကိစ္စအပေါ် "အာဏာသိမ်းတပ်တွေဟာ ၎င်းတို့လက်အောက်ခံစစ်စခန်းများရှိရာကို စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများပို့ဆောင်ရန်အခက်အခဲရှိလာတဲ့အခါတိုင်း၊ ဖာပွန်နယ်မြေအတွင်းကို ခြေလျင်ဖြင့်လာရောက်ရန် မဝံ့ရဲဘဲ စစ်ရေးလှုပ်ရှားမှုအခက်အခဲဖြစ်သည့်အခါတိုင်း ခုလိုပဲကရင့်အရပ်သားနယ်မြေတွေပေါ် ဗုံးကြဲလေ့ရှိတဲ့အကြောင်း KNU တပ်မဟာ ၅ မှ ဗိုလ်မှူးချုပ် စောမူဟဲက ပြောပါတယ်။ ဒါ့အပြင် ခုလိုလေယာဉ်ဗုံးကြဲခြင်းအားဖြင့် ရှေ့တန်းစစ်မြေပြင်မှာပိတ်မိနေတဲ့ စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့များ ခွန်အားတက်စေရန်ရည်ရွယ်တာဖြစ်တယ်လို့လည်း KNU ဗိုလ်မှူးချုပ်ကဆိုပါတယ်။ ဒွယ်လိုးမြို့နယ်တွင်းက တဒွံခို့ကျေးရွာမှာ လေယာဉ်လာရောက်ဗုံးကြဲစဉ် တချိန်တည်းအတွင်းမှာပဲ လူသောမြို့နယ် ကလော်ထါ့ကျေးရွာအုပ်စုရှိ မော်ကိုဒေသမှာလည်း ဗုံးသုံးလုံး ကြဲချသွားတယ်လို့ ကေအင်ယူ မူတြော်သတင်းစဉ်က ရေးသားထားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့တော်လှန်ရေးနှင့်အတူ တသားတည်းရှိကြောင်း ဖော်ပြခဲ့ပီးနောက်မှာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင်းက ဒေသတွေမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ တပ်မဟာ ၅ နယ်မြေကို နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဘက်က ပြောဆိုထားတာရှိသလို KNU-KNLA ဘက်ကလည်း တပ်မဟာ ၅နယ်မြေအတွင်း လုံခြုံရေးသတိရှိကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေကို အသိပေးထားပါတယ်။ စစ်ရေးနိမ့်လာတိုင်း စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုဒဏ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူလည်းနေ့စဉ်ရှိနေတယ်လို့ သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment