11th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၁၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးဖို့ ဥရောပပါလီမာန်ကတောင်းဆို
📌စစ်ကောင်စီဘက် စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ပေးနိုင်ခဲ့
📌ပြည်သူ ၁၂ ဦးကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်း မိုင်းကွင်းထဲ တည့်တည့်ဝင်၍ ၃၂ ဦးစလုံးသေဆုံး
📌ယနေ့မနက် အစောပိုင်းတွင် စစ်တပ်က လေယာဥ်နှစ်စင်းဖြင့်လာရောက်ဗုံးကြဲ
📌ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲများဖြင့် စတင်ဖွဲ့စည်း
📌အကျဥ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ထားသူအရပ်သား (၉၀၀၀)ကျော်အထိရှိလာ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးဖို့ ဥရောပပါလီမာန်ကတောင်းဆိုတဲ့သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားဖို့နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးဖို့ ဥရောပပါလီမာန်ကတောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေကို ဥရောပပါလီမာန်ကထုတ်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအာင်မျိုးမင်းကအသိပေးပြောကြားခဲ့ပါတယ်။
"ဥ​ရောပပါလီမန်က​နေ မတ်လ (၁၀) ရက်​နေ့က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ထဲမှာ NUG CRPH နဲ့ NUCC တို့ကို မြန်မာပြည်သူ​တွေရဲ့ ဒီမိုက​ရေစီဆန္ဒတွေကို ကိုယ်စားပြုတဲ့ တရားဝင်ကိုယ်စားလှယ်​​တွေအဖြစ်အသိအမှတ်ပြုဖို့ ​ထောက်ခံခဲ့ပါတယ်။ စစ်​ကောင်စီရဲ့ အကြမ်းဖက်မှု​တွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြင်းထန်စွာထပ်မံရူတ်ချထားပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲရလာဒ်ကို ​လေးစားဖို့၊ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်​ပေးဖို့နဲ့ အရပ်သားအစိုးရပြန်လည်​ပေါ်ထွန်းအောင်လုပ်​ဆောင်ဖို့ ​တောင်းဆိုထားပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

ဒါ့အပြင် ဥရောပပါလီမာန်က ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာ​ရေးအုပ်စု​တွေအ​ပေါ် အကြမ်းဖက် စစ်​ကောင်စီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အ​ဓိက အ​​ထောက်အထားပြု​ဖော်ပြထားခဲ့ပါတယ်။
အ​ရေးယူပိတ်ဆို့မှုထဲမှာ ဗဟိုဘဏ်အပါအဝင် အခြားလုပ်ငန်း​တွေကိုပါ ထည့်သွင်းဖို့ ​တောင်းဆိုထားပါတယ်လို့သိရပါတယ်။
ဥ​ရောပလွှတ်​တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NUCC ကို အသိအမှတ်ပြုဖို့အတွက်လည်း ​ထောက်ခံထားပါသေးတယ်။

========================

📌📌စစ်ကောင်စီဘက် စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ပေးနိုင်ခဲ့တဲ့သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီဘက် စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ပေးနိုင်ခဲ့တယ်လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုပါတယ်။

မတ်လ ၁၁ ရက် မှာ ဝန်ကြီးဌာနတွေနဲ့ပတ်သတ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာရေးသားအသိပေးခဲ့ပါတယ်။
"NUG မှာ မလိုအပ်တဲ့ ဝန်ကြီးဌာနတွေ များနေတယ်လို့ တချို့ ဝေဖန်သူတွေ ပြောကြတယ်။ အဲ့ဒီ ဝန်ကြီးဌာန တွေဟာ အများအားဖြင့် ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတဲ့ ဝန်ကြီးဌာန တွေပါ။ အဲ့ဒီ ဝန်ကြီးဌာန နဲ့ သက်ဆိုင်တဲ့ CDM တွေ၊ ပညာရှင်တွေကို အင်အားစုစည်း နိုင်ဖို့ မိခင်ဝန်ကြီးဌာန လိုအပ်ပါတယ်။ကျနော်တို့ဝန်ကြီးဌာနဆိုရင် စကစ ဖက်စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေ အတတ်နိုင်ဆုံး ဖြတ်တောက်ပေးနိုင်ခဲ့တယ်။ နိုင်ငံတကာက စကစ မှ သယံဇာတ နဲ့ သစ်တောထွက်ပစ္စည်းများ မဝယ်ယူဖို့ လုပ်ဆောင်ခဲ့တာတွေရှိတယ်။ ကျ​နော်တို့ ဝန်ကြီးဌာန ရဲ့ CDM တွေ လက်နက်ကိုင်တဲ့ အဖွဲ့တွေကို သက်ဆိုင်တဲ့ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးတာမျိုး၊ တိုက်ရိုက် ကူညီထောက်ပံ့တာတွေ လုပ်နိုင်ခဲ့တယ်"လို့ဝန်ကြီးကဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့အစိုးရလက်ထက်က သစ်ထုတ်လုပ်ဖို့ရပ်ဆိုင်းထားတဲ့နေရာများကို သစ်ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ပြီး သစ်တောမြေများကိုလည်း ပယ်ဖျက်ရောင်းစားမှုတို့ရှိနေခဲ့ပါတယ်။

========================

📌📌ပြည်သူ ၁၂ ဦးကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်း မိုင်းကွင်းထဲ တည့်တည့်ဝင်၍ ၃၂ ဦးစလုံးသေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြည်သူ ၁၂ ဦးကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်း ယနေ့မနက် မိုင်းကွင်းထဲ တည့်တည့်ဝင်၍စကစ ၃၂ ဦးစလုံးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၁ ရက် မနက် ၈ နာရီ ၄၆ မိနစ်မှာ အဆိုပါ စစ်ကြောင်းဟာမိုင်းကွင်းထဲဖတ်လာလို့ ပဒေသာမိုင်း ၁၂ လုံးနဲ့ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်သူရိန်တပ်ရင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
"မတ်လ ၈ ရက်နေ့က ယင်းမာပင်မြို့နယ် လက်ပံတောရွာမှ ပြည်သူ ၁၂ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့တဲ့ စကစတပ်တွေဟာ ယင်းမာပင်မြိုနယ် အိုးဘိုရွာကိုမတ်လ၁၀ရက်နေ့အထိ တပ်စွဲခဲ့ပြီး ယနေ့မတ်လ (၁၁) ရက် မနက် ၈ နာရီ ၄၆ မိနစ်မှာ မျောက်နုံးရွာဘက်ကို ဆင်းလာရာ ကျွဲကျနားအရောက်မှာ ဗိုလ်သူရိန် ရဲ့မိုင်းကွင်းထဲကို ၎င်းစကစတပ်များ ဝင်လာပြီး ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ၏ ဗိုလ်သူရိန်တပ်ရင်းက ပဒေသာမိုင်း ၁၂ လုံးဆွဲလိုက်ရာ စကစတပ်က ၃၂ ယောက်စလုံး ၎င်းနေရာမှာဘဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်" လို့ဆိုပါတယ်။

ယင်းမာပင်နယ်ကို စကစတပ်များဟာ နေ့စဥ်ရက်ဆက် စစ်ကြောင်းထိုးတောနင်းမှုများကြောင့် ကျေးရွာနေဒေသခံများဟာ ထွက်ပြေးတိမ်းရှာင်နေကြရပါတယ်။

========================

📌📌ယနေ့မနက် အစောပိုင်းတွင် စစ်တပ်က လေယာဥ်နှစ်စင်းဖြင့်လာရောက်ဗုံးကြဲ

ဒီမော့ဆို အနောက်ခြမ်းကို ယနေ့မနက်အစောပိုင်း စစ်တပ်က လေယာဥ်နှစ်စင်းဖြင့်လာရောက်ဗုံးကြဲခဲ့ကြောင်းသတင်းရရှိပါတယ်။
မတ်လ ၁၁ ရက် မနက် ၄ နာရီအချိန်တွင် စကစတပ်က ဂျက်လေယာဥ်နှစ်စီးဖြင့်လာရောက်ဗုံးကြဲခဲ့ဟု KNDF B 08 ကဆိုပါတယ်။
"မတ်လ ၁၁ ရက်နေ့ ဒီမောဆို အနောက်ခြမ်းရှိ တစ်နေရာ၌အကြမ်းဖက်စစ်ကောင်စီမှ ဂျက် လေယာဉ်နှစ်စင်းဖြင့်မနက် (၄) နာရီမှ ယခု ချိန်ထိ လာရောက် ပျံဝဲ ဗုံးကြဲနေပါတယ်။ အထိခိုက် အကျဆုံးရှိသော်လည်း အတိကျ မသိရသေးပါ"လို့ဆိုပါတယ်။
ယမန်နေ့များကလည်း စကစတပ်များလေကြောင်းပစ်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုရားကျောင်းများထိမှန်ကာ ပျက်စီးထိခိုက်မှုများရှိခဲ့ပါတယ်။

========================

📌📌ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲများဖြင့် စတင်ဖွဲ့စည်း

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲတပ်ဖွဲ့ ၂၀ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိပါတယ်။
မတ်လ ၁၁ ရက် မှာ စတင်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ထီးလင်းကကြေညာပါတယ်။
ဒီလို ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်း လည်ပတ်နိုင်စေရန်နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိကဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာလည်း ထီလင်းမြို့နယ်အတွင်း တရားမဝင် သစ်လုပ်ငန်းများ စစ်ဆေးဖော်ထုတ်ခြင်း၊ လောင်းကစားဝိုင်း ပပျောက်ရေးလုပ်ငန်းများနဲ့ ပြစ်မှုဆိုင်ရာများဖော်ထုတ်အရေးယူခြင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

========================

📌📌အကျဥ်းထောင်အသီးသီးတွင် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ထားသူအရပ်သား (၉၀၀၀)ကျော်အထိရှိလာ

တနိုင်ငံလုံးရှိ အကျဥ်းထောင်အသီးသီးတွင် စကစက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးချုပ်နှောင်ထားသူ (၉၅၇၁) ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
မတ်လ ၁၀ ရက်နေ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက် အရသိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၅၇၁) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၃၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ပါတယ်။
စကစတပ်များဟာ ၄င်းတို့အလိုရှိသူများကို အရပ်သားနေအိမ်ကျူးကျော်ဝင်ရောက်၍ နေအိမ်တံခါးများဖျက်ကာဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက် ဖမ်းဆီးခြင်း၊ စစ်ကြောရေးတွင် သတ်ဖြတ်ခြင်းတို့ကျူးလွန်လျက်ရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment