11th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၂)
📌၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ၅၀၅ ဂ နဲ့ထောင် ၂ နှစ်ချ
📌မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် MODက ထောက်ပံ့မှုများရရှိ
📌ဖလမ်း၊ ရိခေါ်ဒါရ်မြို့က အကြမ်းဖက်စစ်ကောင်စီစခန်းမှ ရဲ ၄ ဦး အလင်းဝင်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၂)

၂၀၂၂ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ဖတ်ကြားပေးပါ့မယ်

(၁) မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီ/ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာရှိ အပြစ်မဲ့ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးနေသော Free Burma Rangers အဖွဲ့ဝင် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ်သင်တန်းသူ အဲလစ္စဘက် လက်နက်ကြီးထိမှန်ပြီး မတ်လ ၉ ရက်နေ့တွင် ကျဆုံးခဲ့ရပါတယ်။

(၂) စစ်အာဏာသိမ်းသည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၁-၁-၂၀၂၂) ရက်နေ့အထိ (၁၂) လတာ ကာလ အတွင်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးလုပ်သား (၃၅) ဦးကို သတ်ဖြတ်ခြင်း၊ (၂) ဦးကို ပြန်ပေးဆွဲခြင်း၊ (၃၆၀) ဦးကို ဖမ်းဆီးခြင်း၊ (၃၉) ဦးကို ထိခိုက် ဒဏ်ရာရစေခြင်း၊ (၄၂) ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း၊ ဆေးရုံ/ဆေးခန်း (၆) ခုကို ဖြိုချဖျက်ဆီးခြင်း၊ (၃၂) ခုကို ထိခိုက်ပျက်စီးစေခြင်း၊ (၁၂၉) ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်း၊ (၆၇) ခုတွင် တပ်စွဲသိမ်းပိုက်ခြင်း၊ အရေးပေါ်နှင့် လူနာတင်ယာဉ် (၁၄) စီးကို ဖျက်ဆီးခြင်း၊ (၂၀) စီးကို ထိခိုက်ပျက်စီးစေခြင်းနှင့် (၁၁) စီးကို ခိုးယူအပိုင်စီးခြင်း တို့အား အကြမ်းဖက် ကျူးလွန်ခဲ့ကြောင်း Insecurity Insight အဖွဲ့က (၁၄-၂-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

(၃) အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီသည် ယခုကာလအတွင်း မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ဆေးရုံ/ဆေးခန်းများ၊ စစ်ဘေးရှောင်တို့ စုဝေးရာ နေရာများ၊ ပြည်သူတို့၏ တိုက်တာ အိုးအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဗုံးကြဲခြင်း လက်နက်ကြီးပစ်ခြင်းဖြင့် အကြမ်းဖက် ဖျက်ဆီးလျက်ရှိပါတယ်။ ၎င်းတို့ ဝင်ရောက်စီးနင်းသည့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာများ၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်သိမ်းပိုက်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကိုလည်း အငြှိုးဖြင့်သတ်ဖြတ်နေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ (၁-၃-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ချက် အရ (၁-၂-၂၀၂၁) ရက်နေ့မှ (၂၈-၂-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံဒေသအသီးသီးရှိ ပြည်သူ (၅) သိန်းကျော်မှာ မိမိတို့၏ နေရပ်အသီးသီးကို စွန့်ခွာ၍ စစ်ဘေးရှောင်နေရလျက်ရှိပါသည်။

(၄) အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အပါအဝင် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းနှင့် အစဉ်တစိုက် ချိုးဖောက်လျက်ရှိကြောင်း တွေ့ရှိရပြီး နိုင်ငံတကာအနေဖြင့် လက်တွေ့ကျ၍ အမှန်တကယ် ထိရောက်သည့် နည်းလမ်းများအသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အရေးယူရန် တိုက်တွန်းအပ်ပါသည်။

(၅) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ကျဆုံးခဲ့ရသော ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေး လုပ်သားများ၊ ပရဟိတလုပ်သားများအပါအဝင် ထိခိုက်ကျဆုံးပြည်သူများ၏ မိသားစုများ နှင့်ထပ်တူ အထူးပင် စာနာဝမ်းနည်းရပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ မဆုတ်မနစ်နှင့် အားသွန် ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

========================

📌📌၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ၅၀၅ ဂ နဲ့ထောင် ၂ နှစ်ချ

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးကို ၅၀၅ ဂ နဲ့ထောင်၂ နှစ်ချမှတ်လိုက်တယ်။ မတ်လ ၁၀ ရက်နေ့မှာ ကိုမြအေးသမီးဖြစ်သူက လူမှုကွန်ရက်မှာ အသိပေးပြောကြားထားပါတယ်။ "ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅(ဂ)နဲ့ ထောင်ဒဏ် ၂ နှစ်ဆိုပြီး အမိန့်ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆ နှစ်မြောက်မွေးနေ့ဖြစ်သလို၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေတာ ၁ နှစ်နဲ့ ၁၀ ရက် ကြာခဲ့တဲ့နေ့လဲဖြစ်တယ်။ စစ်ခုံရုံးနဲ့ အသွင်မကွာလှတဲ့ အင်းစိန်ထောင်ထဲကတရားရုံးမှာ လ ပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့အမိန့်ချလိုက်တာပါ။ မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင်ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလဲထွက်တယ်၊ စိတ်လဲမကောင်းဘူး"လို့ဆိုထားပါတယ်။ ကိုမြအေးကို စကစတပ်များဟာ စစ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးခဲ့တာပါ။

"မတ်လ ၁ ရက်နေ့ အပြီးသတ်လျောက်လဲချက်ပေးရတဲ့အချိန်မှာလဲ အပြစ်မရှိပဲဖမ်းဆီးထားကြောင်းနဲ့ စစ်ခုံရုံးနဲ့မခြားပဲတရားမျှတမှုမရှိတဲ့ တရားခွင်အကြောင်းတွေ ပြောသွားတော့ အခုလဲ ခြေထောက်က cellulitis အနာအတွက် လိုအပ်တဲ့ဆေးကုသမှုတွေ ပိတ်ပင်ခံနေရတယ်"လို့ ကိုမြအေးသမီးဖြစ်သူကဆိုပါတယ်။ ကိုမြအေးဟာ အကျဥ်းထောင်တွင်းရှိနေစဥ်​ခြေထောက်အနာကြောင့် ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။

========================

📌📌မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် MOD က ထောက်ပံ့မှုများရရှိ

မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် MODက ထောက်ပံမှုများရရှိပြီလို့ဆိုပါတယ်။
မတ်လ ၁၀ ရက်တွင် ထောက်ပံ့မှုများရပြီဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထားပါတယ်။
"ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ MOD ရဲ့ ချိတ်ဆက်ကွပ်ကဲမှုတွေနှင့်ထောက်ပံ့မှုများလည်းရရှိနေပါပြီ။ ဒါကြောင့် နိုင်ငံတကာမှအလှုရှင်များနှင့်ပြည်တွင်းအလှုရှင်များအနေဖြင့်လည်း NUG ရဲ့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဥ်များမှာ ပူးပေါင်းကြဖို့ ​မေတ္တာရပ်ခံပန်ကြားလိုပါတယ်ဗျ" လို့ဆိုပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းတွင်း စကစတပ်များကို ကာကွယ်ရေးတပ်များက လက်လုပ်သေနတ်များဖြင့်ခုခံနေရပါတယ်။

========================

📌📌ဖလမ်း၊ ရိခေါ်ဒါရ်မြို့က အကြမ်းဖက်စစ်ကောင်စီစခန်းမှ ရဲ ၄ ဦး အလင်းဝင်ခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Rikhawdar (ရိခေါ်ဒါရ်) မြို့အနီး တောင်ကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ မတ်လ ၆ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၁ ခုထံ အလင်းဝင်ခဲ့ကြတယ်လို့ ချင်းဒေသခံ သတင်းစာမျက်နှာများဖော်ပြချက်အရ သိရပါတယ်။ စစ်အာဏာရှင်အမြစ်ဖြတ်ရေး တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာသူများကတော့ ရဲဒုတပ်ကြပ် တွန်ပေါင်ပြန် (Tuan Pau Pian)၊ ရဲတပ်သား ကမ်ဒိမ့်ပေါင် (Kam Deih Pau)၊ ရဲတပ်သား လားတီရယ်ထန် (Lal Tial Thang)၊ ရဲတပ်သား ထန်ကြွမ်မန် (Thang Cuan Mang) တို့ဖြစ်ကြပါတယ်။ အဆိုပါ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် ဖလမ်းမြို့မှ ရိခေါ်ဒါရ်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့လာခဲ့ကြသူများ ဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့ကို ဖလမ်းမြို့မှ ရိခေါ်ဒါရ် မြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်က ပြောင်းရွှေ့ပေးခဲ့တာ ဖြစ်ပြီး ၈ ရက်အကြာ မတ် ၆ ရက်မှာတော့ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းတပ်စခန်းမှ လက်နက်မပါဘဲ ဒေသခံကာကွယ်ရေးတပ်များထံ ခိုလှုံလာခဲ့ကြပါတယ်။ ပြည်သူနှင့်ရပ်တည် ပြည်သူ့ရင်ခွင်ခိုလှုံသူတွေဟာ ချင်းတိုင်းရင်းသားများဖြစ်ပြီး အချင်းချင်းမတိုက်လိုသည့်အတွက်ကြောင့် လက်နက်မပါဘဲ အခုလီု ဒေသခံကာကွယ်ရေးတပ်များထံ ခိုလှုံလာခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“အလုပ်ကိစ္စနဲ့ မြို့ထဲကိုထွက်ရတဲ့ အချိန်မှ အရပ်ဝတ်နဲ့ပဲ ထွက်ပြေးလာတာလို့ သိရတယ်။ အခုတော့ လုံခြုံတဲ့နေရာမှ ရှိနေပါပြီ”ဟု ရိ​ခေါ်ဒါရ် ဒေသခံတစ်ဦးက ပြောပြပါတယ်။ လက်ရှိမှာတော့ ဒေသခံကာကွယ်ရေးတပ်များက အလင်းဝင်အဖွဲ့ကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီး ၎င်းတို့၏ မိသားစုများပါ အဆိုပါနယ်မြေကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်များထံမှ သတင်းရရှိပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် မတ် ၁ ရက်ကတည်းက အင်အား ၃၀ ခန့်ဖြင့် စခန်းချတပ်စွဲ​နေတာဖြစ်ပြီး ထိုစခန်းကို ဒေသခံကာကွယ်ရေးတပ်များက အကြိမ်ကြိမ်တိုက်ခိုက်လျက်ရှိပါတယ်။ မတ်လ ၅ ရက် နံနက်ပိုင်းမှာတော့အဆိုပါ တောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ ၈ ဦးအထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment