၂၀၂၂ မတ်လ ၁၀ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ဆောမြို့နယ်မှ ကျောက်ထုသို့ ချီတက်လာသည့် စကစတပ် အင်အားတစ်ရာကျော် အနက် ၁၅ ယောက်အထက်သေဆုံး
📌ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာရှိ အိုမင်းမစွမ်းသီလရှင်ကျောင်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲ ခဲ့
📌စစ်ကောင်စီတပ်က ဓာတုလက်နက်သုံးတိုက်ခိုက်နေကြောင်း အတည်ပြု
📌တန့်ဆည်မြို့နယ်တွင် ရဲများ ကိုယ်ထောင်ထားတဲ့မိုင်း ကိုယ်ပြန်နင်းမိ
📌မအူပင်မှာ အရပ်သားများကို စကစတပ်များကဖမ်းဆီးပြီး ငွေကြေးတောင်းခံ၍ ပြန်လည်လွှတ်ပေးနေတယ်
📌နိုင်ငံတကာ သတင်းအနေနဲ့တောင်ကိုရီးယားပြည်သူ့အာဏာပါတီမှ ယွန်းဆက်ယို ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး သမ္မတဖြစ်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဆောမြို့နယ်မှ ကျောက်ထုသို့ ချီတက်လာသည့် စကစတပ် အင်အားတစ်ရာကျော် အနက် ၁၅ ယောက်အထက်သေဆုံးတဲ့သတင်း
ဆောမြို့နယ်မှကျောက်ထုသို့ ချီတက်လာသည့် စကစတပ်အင်အားတစ်ရာကျော်ဟာ နှစ်ရက်တာတိုက်ပွဲအတွင်း ၁၅ ယောက်အထက်သေဆုံးတယ်လို့သတင်းရရှိပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ စစ်ရေးသတင်းများကို PDF ဆောက ထုတ်ပြန်ပါတယ်။
"မတ်လ ၇ ရက်နေ့ ဆောမှ ကျောက်ထုသို့ ဦးတည်ကာ ဗျူဟာမျိုးစုံခင်းကျင်းပီး ထွက်ခွာလာသော အင်အား ၁၅၀ ကျော်ခန့် စစ်ကောင်စီတပ်ဟာ PDF-SAW နှင့် မဟာမိတ်များ လက်စွမ်းပြမှုကြောင့် မတ်လ ၈ ရက် ၉ ရက် ၂ ရက်တာ ကာလအတွင်း သေဆုံးစကစ - ၁၅ ယောက် နဲ့အထက် ရှိပြီးတော့ ဒဏ်ရာရ စကစ - ၁၀ ယောက် နဲ့အထက် ရှိခဲ့ပါတယ်" လို့ဆိုပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ရဲဘော်များ ထိခိုက် မှု တစ်စုံတစ်ရာ မရှိခဲ့ပဲ ဒေသခံများမှ "PDF များ တိုက်ပွဲတိုင်းအောင်မြင်ပါစေ" ဟူသော ကြွေးကြော်သံများနှင့်အတူ အောင်သပြေများဖြင့် ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။
"ပြည်သူများက ထမင်း/ဟင်း မုန့်ပဲ သွားရည်စာများများဖြင့်လည်း ဧည့်ခံကြွေးမွေးကြကာ ဘေးကင်းအောင်မြင်စွာနဲ့ ပြန်လည် ဆုတ်ခွာနိူင်ခဲ့ကြပါတယ်"လို့ PDF ဆောကဆိုပါတယ်။
========================
📌📌ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာရှိ အိုမင်းမစွမ်းသီလရှင်ကျောင်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲ ခဲ့တဲ့သတင်း
ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာရှိ ဘာသာရေးအဆောက်အဦးဖြစ်သော အိုမင်းမစွမ်းသီလရှင်ကျောင်းကို စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
မတ်လ ၁၀ ရက်နေ့ မနက် (၆) နာရီဝန်းကျင်အချိန်တွင် တိုက်လေယာဥ် (၁) စီးနှင့် ကင်းထောက်လေယာဥ် (၁) စီး (၈) ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
"ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာရှိ ဘာသာရေးအဆောက်အဦးဖြစ်သော အိုမင်းမစွမ်းသီလရှင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့မတ်လ (၁၀) ရက် မနက် (၆) နာရီဝန်းကျင်အချိန်တွင် တိုက်လေယာဥ် (၁) စီးနှင့် ကင်းထောက်လေယာဥ် (၁) စီး (၈) ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။လက်နက်ကြီး (၁) ကြိမ် ထိထားပြီးဖြစ်သော အိုမင်းမစွမ်းသီလရှင်ကျောင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဒုတိယအကြိမ်တိုက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ DMO PDFကဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၄) လုံးထက်မနည်း ပျက်စီးသွားခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဘာသာရေးအဆောက်အဦးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း တို့လုပ်ဆောင်နေတာဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီတပ်က ဓာတုလက်နက်သုံးတိုက်ခိုက်နေကြောင်း အတည်ပြုခဲ့တဲ့သတင်း
စစ်ကောင်စီတပ်က ဓာတုလက်နက်သုံးတိုက်ခိုက်နေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု အတည်ပြုလိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ ဓာတုလက်နက်အသုံးပြုတဲ့ စစ်တပ်ရဲ့ ပုံများကို ချင်းတွင်ရိုးမ မဟာမိတ်တပ်ပေါင်းစုကဖော်ပြပါတယ်။
"ယနေ့မတ်လ ၁၀ ရက် မနက်ကိုးနာရီမှာ ယင်းမာပင်မြို့နယ် သီးကုန်းရွာ ကနေ အိုးဘိုရွာဘက်ကို ဖြတ်ပြီးတော့ ပေါက်အင်းတောမှာ PDFစခန်းတွေရှာပြီး ဖြိုခွင်းနေပါတယ်။ အိုးဘိုရွာ အနီးက တမာတန်းလမ်းဆုံ မှ ဇရပ်တစ်လုံးကိုလည်း စကစတပ်တွေ ကမီးရှို့ ဖျက်ဆီးခဲ့ ပြန်ပါတယ်။၎င်းစကစတပ်တွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတုလက်နက်တွေ အသုံးပြုလေ့ရှိပါတယ်။ ၎င်း လက်နက်ကြောင့် ထိခိုက်ရသူတချို့ဟာ မျက်လုံးမဖွင့်နိုင်ဘဲ အလင်းဒဏ်မခံနိုင်ကြတော့ဘူးလို့ သိရပါတယ်"လို့ မဟာမိတ်တပ်ပေါင်းစုကဆိုပါတယ်။
နိုင်ငံတကာတွင် ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းကို စစ်ပွဲများမှာ တားမြစ်ထားပါတယ်။
စကစတပ်များဟာ အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်းပစ်ကူနဲ့မြေပြင်မှာ ကြည်းတပ်အင်အား အလွန်အကျွံအသုံးပြုရုံသာမက ယခုဆိုဓာတုလက်နက်များပါ အသုံးပြုလာပြီဖြစ်ပါတယ်။
========================
📌📌တန့်ဆည်မြို့နယ်တွင် ရဲများ ကိုယ်ထောင်ထားတဲ့မိုင်း ကိုယ်ပြန်နင်းမိတဲ့သတင်း
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင်ရဲများဟာ ကိုယ်ထောင်ထားတဲ့မိုင်း ကိုယ်ပြန်နင်းမိ၍ ကံထူးမရဲဆေးရုံရောက်နေတယ်လို့သတင်းရရှိပါတယ်။
မတ်လ၁၀ရက်နေ့မှာ ရဲများ ထောင်ထားတဲ့မိုင်း ရဲများပြန်တက်နင်းမိတယ်လို့ တန့်ဆည်ထောက်ပို့ TSO က ဆိုပါတယ်။
"ကိုယ့်မိုင်းကိုယ် နင်းမိ၍ ကံထူးမရဲ ဆေးရုံရောက်နေတယ်"လို့ TSO ကဆိုပါတယ်။
ရဲစခန်းများကို ကာကွယ်ရေးတပ်များမကြာခဏပစ်ခတ်တိုက်ခိုက်လို့ ရဲစခန်းများအနီး မိုင်းများေထာင်ရန်မကြာသေးခင်က ညွှန်ကြားစာလည်းထွက်ပေါ်ခဲ့ပါတယ်။
========================
📌📌မအူပင်မှာ အရပ်သားများကို စကစတပ်များကဖမ်းဆီးပြီး ငွေကြေးတောင်းခံ၍ ပြန်လည်လွှတ်ပေးနေတယ်လို့ပြောကြားတဲ့သတင်း
ဧရာဝတီတိုင်း မအူပင်မှာ အရပ်သားများကို စကစတပ်များကဖမ်းဆီးပြီး ငွေကြေးတောင်းခံ၍ ပြန်လည်လွှတ်ပေးနေတယ်လို့ မအူပင်အမတ်ဒေါ်အိအိပြုံးပြောကြားလိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့မှာ မအူပင်မြို့နယ် အမတ် ဒေါ်အိအိပြုံးဟာ အရပ်သားများဖမ်းဆီးခံရတာနဲ့ပတ်သတ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
"စစ်အာဏာရှင် ဆိုတာ သူတို့ရဲ့ မတရား ရယူထားတဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူတွေ ကို ဒုက္ခမျိုးစုံပေးပြီး တည်ဆောက်တယ် ဆိုတာ သိထားဖို့ လိုပါတယ်။မအူပင်မြို့ မှာ လည်း အသံတွေ ကြားနေရတာ က အချို့သော သူတွေ အဆွဲခံ ထိနေတယ် ကြားလို့၊အဲ့ လူတွေ က တော်လှန်ရေး မှာ ဘာလုပ်လို့ လဲ မေးမိတဲ့ အခါ ဘာမှ မလုပ်လဲ ဆွဲသွားတဲ့ အခါ ပြန်ထွက်လာဖို့ ပေးကမ်းရတယ် တဲ့ လေ။ ဘယ်လောက်ပေးခဲ့ ရလဲ မေးတော့ မဖြေရဲ ကြဘူး "လို့ဆိုပါတယ်။
စကစတပ်များဟာ စစ်ကိုင်းတိုင်း ကောလင်း၊ အင်းတော်များတွင်လည်း လုပ်ငန်းရှင်များကိူ ဖမ်းဆီးကာ ငွေကြေးနဲ့ပြန်လည် ရွေးယူခိုင်းတာတွေရှိတယ်လို့ သတင်းရရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၅၅၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၃၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌ဆက်လက်ပြီး နိုင်ငံတကာ သတင်းအနေနဲ့တောင်ကိုရီးယားပြည်သူ့အာဏာပါတီမှ ယွန်းဆက်ယို ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး သမ္မတဖြစ်လာတဲ့ သတင်းကို တင်ဆက်ပေးပါမယ်
တောင်ကိုရီးယားပြည်သူ့အာဏာပါတီမှ ယွန်းဆက်ယိုဟာ ဆန္ဒမဲ ၄၈.၆ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး သမ္မတဖြစ်လာပါတယ်။
မတ်လ ၉ ရက်နေ့ ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကျော်ရေတွက်ပြီးချိန်တွင် ပြည်သူ့အာဏာပါတီမှ ယွန် က ၄၈.၆ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ အာဏာရပါတီမှ လီဂျေမြောင် က ၄၇.၈ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။
ယင်း ယွန်းဆက်ယိုဟာ အတိုက်အခံပါတီကခေါင်းဆောင်ဖြစ်ပြီးတော့ ရှုံးနိမ့်သွားတဲ့ လီဂျေမြောင်ကတော့ အာဏာရပါတီကဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ လီဂျေမြောင်ကလည်း ယွန်းဆက်ယိုကို ချီးကျူးစကားပြောဆိုခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment