၂၀၂၂ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထောင်စု ဒုဝန်ကြီး ဦးခူထဲဘူးတို့ဟာ ပဲခူးတိုင်း မြို့နယ် ပအဖ များ၊ အစည်းအဝေး ပြုလုပ်
📌ကရင်အမျိုးသားများအေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ဒူးပလာယာခရိုင်ရောက် စစ်ကောင်စီတပ်များဆုတ်ခွာဖို့ KNU ကအချိန်သတ်မှတ်သတိပေး
📌အခြားဒေသများနည်းတူ တနင်သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင်းမှာ ယခုနှစ်လျော့ကျသွားတဲ့ ဆယ်တန်းဖြေဆိုသူများအရေအတွက်သတင်း
📌မြို့သိမ်းတိုက်ပွဲတွေ ဖန်တီးဖို့အတွက် အထူးကွန်မန်ဒိုတစ်ဖွဲ့ပြင်နေပြီဖြစ်ကြောင်း PRA ကအသိပေး
📌ပြည်မြို့ ဘုရင့်နောင်လမ်းကို အလံနီတိုင်စကစဝန်ထမ်းများလာစိုက်ကာ လမ်းအလယ်ပေ၅၀ ကျော်တဲ့ အရပ်သားနေအိမ်များကို မတ်လ၁၃ရက်နေ့ နောက်ဆုံးထားဖျက်ခိုင်း
📌အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းရင်းနှီးမြှုပ်နှံနေဆဲ ဂျပန်အစိုးရနှင့် ENEOS တို့ကို ဖိအားပေးကြဖို့ တော်လှန်ရေးအဖွဲ့အစည်းများက တောင်းဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ပြည်ထောင်စု ဒုဝန်ကြီး ဦးခူထဲဘူးတို့ဟာ ပဲခူးတိုင်း မြို့နယ် ပအဖ များ၊ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ ပြည်ထောင်စုဒုဝန်ကြီး ဦးခူထဲဘူး တို့သည် မတ်လ ၉ ရက်နေ့ ၂၀၂၂ ခုနှစ်တွင် ပဲခူးတိုင်း မြို့နယ် ပအဖ များနှင့် အရေးပေါ် အစည်းအဝေးကို နံနက် ၁၀:၀၀ နာရီတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးများက အုပ်ချုပ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပအဖ အဖွဲ့များ ကျစ်လျစ်ခိုင်မာအားကောင်းရေးကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ အစည်းအဝေးကို နယ်မြေတာဝန်ရှိပုဂ္ဂိုလ် ၈၀ ဦးကျော် တက်ရောက်ခဲ့ပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရပါတယ်။
========================
📌📌ကရင်အမျိုးသားများအေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် ဒူးပလာယာခရိုင်ရောက် စစ်ကောင်စီတပ်များဆုတ်ခွာဖို့ KNU ကအချိန်သတ်မှတ်သတိပေးခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ မိမိတို့ကရင်အမျိုးသားများ အတိဒုက္ခရောက်နေကြတာကိုကူညီကာကွယ်ရန် တာဝန်ရှိတာဖြစ်လို့ လေးကေ့ကော်နှင့် ကော့ကရိတ်တောင်ပိုင်းဒေသများမှာကျူးကျော်နေရာယူထားသော အာဏာသိမ်းတပ်များကို ပြန်လည်ဆုတ်ခွာရန် KNU ဒူးပလာယာခရိုင် အမှတ် ၆ တပ်မဟာက သတိပေးအကြောင်းကြားလိုက်ပါတယ်။ အဆိုပါသတိပေးအကြောင်းကြားစာကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသို့လိပ်မူထားတာတွေ့ရပြီး မတ်လ ၇ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမှတ် ၆ တပ်မဟာနယ်မြေအတွင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကတည်းက စလို့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကြောင့် ဒေါနအရှေ့ခြမ်း၊ လေးကေ့ကော်အပါအဝင် ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများဟာ နေရပ်စွန့်ခွာ ထွက်ပြေး စစ်ဘေးဒုက္ခကို ခံနေရကြောင်း သတိပေးစာမှာဖော်ပြပါရှိပါတယ်။ စစ်ကောင်စီတပ်တွေဟာ အဆိုပါရပ်ရွာဒေသများမှာ ယနေ့တိုင်အခြေပြုလှုပ်ရှားလျက် ပြည်သူလူထု၏ စည်းစိမ် အိုးအိမ် သက်ရှိသက်မဲ့တို့ကို သိမ်းယူဖျက်ဆီးခြင်းများ ကျူးလွန်နေတယ်လို့ ကေအန်ယူက ရေးသားထားပြီး စစ်ကောင်စီတပ်များရှိနေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ ယနေ့တိုင်ပြန်လည်နေထိုင်ခြင်းမပြုရဲသည့်အခြေအနေကို ရောက်ရှိနေခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ကေအန်ယူကရင်အမျိုးသားအစည်းအရုံးဟာ ကရင်အမျိုးသားများ ရင်ဆိုင်နေရသောဒုက္ခနှင့် အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် တာဝန်ရှိတယ်လို့ လည်း အာဏာသိမ်းစစ်အုပ်စုထံ ရာဇသံပေးထားတဲ့ အဆိုပါသတိပေးစာမှာ အတိအလင်းရေးသားထားပါတယ်။ ပြည်သူတွေဟာ နေရပ်ရွာများကို ပြန်လာပြီး အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ရန်အတွက် သုံးရက်အတွင်း စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာရမှာဖြစ်ကြောင်း ကေအန်ယူ တပ်မဟာ ၆ က အချိန်သတ်မှတ်ချက်နှင့်တကွ အကြောင်းကြားခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့ရက်စွဲဖြင့်တွေ့ရှိရတဲ့ သတိပေးစာကို မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် လက်မှတ်ရေးထိုးထုတ်ပြန်ထားတာပါ။
ပဒိုစောလစ္စတန်က "အခု ပြည်သူတွေ ခံစားနေရတာ လနဲ့ချီ နေပါပြီ။ ရာသီဥတုကလည်း ဖောက်ပြန်မှုတွေကြားထဲမှာ နေရာထိုင်ခင်း၊ မလုံလောက်တာ၊ မိခင်နဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် တော်တော်လေးဆိုးရွားပါတယ်။ သူတို့နေအိမ်ကို အေးအေးချမ်းချမ်းနဲ့ ပြန်နေချင်ကြတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ရွာထဲမှာ တပ်စွဲထားတဲ့ အတွက် ပြန်နေလို့မရဲကြဘူး။ ဒီအခြေအနေတွေကို တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ ခေါင်းဆောင်တွေ ခေါင်းချင်း ဆိုင် ရေးသား၊ အတည်ပြုပြီးမှ ကျနော်လက်မှတ်ထိုးတယ်။ ပြီးမှ ရတခတိုင်းမှူးဆီကို ပို့မယ်ပေါ့နော်။ ဆက်ဆံရေးရုံး က တစ်ဆင့်ပေါ့နော် အဲလိုပါပဲ။" လို့ ဒေသခံသတင်းမီဒီယာ ကေအိုင်စီကို အသိပေးပြောကြားထားတာကိုလည်း တွေ့ရပါတယ်။ သုံးရက်အတွင်း အကြောင်းကြာစာမှာပါရှိတဲ့အတိုင်း စစ်ကောင်စီဘက်က မလိုက်နာခြင်း တပ်ဆုတ်ခွါခြင်းမရှိပါက နောက်ပိုင်းအကျိုးဆက်ပြဿနာများသည် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့တာဝန်မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်ရဲ့တာဝန်သာဖြစ်ကြောင်း အသိပေးအကြောင်းကြားသည်ဟု အတိအလင်းရေးသားထားပါတယ်။ အခုလို ကေအန်ယူ တပ်မဟာ ၆ မှ စစ်ကောင်စီထံသတိပေး အကြောင်းကြားစာထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မတ်လ ၉ ရက်တွင် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေကြောင်းသတင်းများရရှိပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလပိုင်းမှစလို့ စစ်ကောင်စီရဲ့အကြမ်းဖက်ကျူးကျော်မှုနှင့်အတူ တိုက်ပွဲစတင်ခဲ့တဲ့ မြဝတီတောင်ဘက် လေးကေကော်ဒေသ စစ်ပွဲများမှာ သောင်းနှင့်ချီတဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ယခုချိန်ထိစစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။
========================
📌📌အခြားဒေသများနည်းတူ တနင်သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင်းမှာ ယခုနှစ်လျော့ကျသွားတဲ့ ဆယ်တန်းဖြေဆိုသူများအရေအတွက်သတင်းကို တင်ပြပေးပါ့မယ်
စစ်တပ်က အဓမ္မအာဏာသိမ်းထားစဉ်အတွင်း တနင်္သာရီတိုင်းတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့်သူ လေးထောင်ကျော်သာရှိပြီး ကရင်ပြည်နယ်တွင်းမှာတော့ ငါးတောင်ကျော်သာရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ နှစ်စဉ်စာရင်းများအရ ဆယ်တန်းဖြေဆိုသူပေါင်း နှစ်သောင်းကျော်ရှိခဲ့တာဖြစ်ပြီး ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားတဲ့ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ ၂၅၂၆၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ယခုပညာသင်နှစ်အတွင်း ဆယ်တန်းစာမေးပွဲများ ဖြေဆိုချိန်အရောက်မှာတော့ ဆယ်တန်းဖြေဆိုဖို့ စာရင်းသွင်းခဲ့သူ ၄၇၆၃ ဦးဖြစ်ကြောင်း တိုင်းပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းနောင်ကပြောပါတယ်။ အခုလို တက္ကသိုလ်ဝင်တမ်းခေါ်တဲ့ ဆယ်တန်းဖြေဆိုသူစာရင်းနည်းသွားရတာဟာ ကျောင်းလာအပ်သူနည်းနည်းသွားလို့ ဖြစ်ကြောင်းကိုလည်း ညွှန်ကြားရေးမှူးက ရှင်းပြပါတယ်။ တနင်္သာရီတိုင်းစာရင်းများအရ ဆယ်တန်းဖြေဆိုမယ့်ကျောင်းသား ကျား ၁၇၅၀ ဦးဖြစ်ပြီး မ ၂၉၉၇ ဦး ဖြစ်ကာ စာစစ်ဌာနကိုတိုက်ရိုက်လျှောက်ကြားသူ ၁၆ ဦး ဖြစ်ကြောင်းလက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းယုပြောပြပါတယ်။ ကျောင်းသားမိဘများပြောစကားအရတော့ နိုင်ငံရေးမတည်ငြိမ်ခြင်း၊ လုံခြုံမှုမရှိဟုယူဆခြင်း အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျောင်းမတက်လိုခြင်း စတဲ့အချက်များကြောင့် ခုလိုသားသမီးများကျောင်းမတက်စေတာဖြစ်တယ်လို့သိရပါတယ်။ အလားတူ ကရင်ပြည်နယ်တွင်းမှာလည်း ဆယ်တန်းဖြေဆိုမယ့် အရေအတွက်စာရင်းများ ပေါ်ထွက်လာပြီး စာရင်းများအရ (၁၀) တန်း စာမေးပွဲဖြေရန် စာရင်းပေးထားသူ (၅,၉၀၃) ဦးရှိကြောင်းသိရပါတယ်။ ဒီစာရင်းဟာဆိုရင် ယခင်နှစ်များထက် သုံးပုံနှစ်ပုံခန့် လျော့ကျနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း ၇ မြို့နယ်မှ (၁၀)တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ အတိအကျမှာ (၅,၉၀၃) ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ဖြေဆိုခွင့် လျှောက်လွှာတင်ထားသူလူစာရင်းမှာ ဖားအံမြို့နယ်မှ (၂,၀၄၉) ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၈၈၇) ဦး၊ သံတောင်ကြီးမြို့နယ်မှ (၂၀၀) ဦး၊ ဖာပွန်မြို့နယ်မှ (၂၄၂) ဦး၊ ကော့ကရိတ်မြို့နယ်မှ (၁,၁၂၀) ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ (၇၄၀) ဦးနှင့် မြဝတီမြို့နယ်မှ (၆၆၅) ဦး စုစုပေါင်း ၅,၉၀၃ ဦးရှိပါတယ်။
"ယခင်ကိုဗစ်ကာလမဖြစ်ခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မြဝတီက ၁၀ တန်းဖြေတဲ့သူ ၁,၈၉၄ ဦး ရှိခဲ့တယ်။ ထိုထဲမှာ ကျောင်းပြင်ပ ဖြေဆိုသူ ၄၀၀ ကျော် ရှိခဲ့ပါတယ်။ အခုပညာသင်နှစ်မှာတော့ ဖြေဖို့ လျှောက်လွှာတင်ထားတဲ့သူက ၆၆၅ ယောက်ပဲ ရှိတာဆိုတော့ အရင်ကထက် ဖြေဆိုသူ သုံးပုံနှစ်ပုံခန့် လျှော့ကျသွားတယ်ပေါ့" လို့ မြဝတီမြို့နယ် ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပြထားပါတယ်။
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ၁၀ တန်းစာမေးပွဲကို လာမယ့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ စစ်အာဏာရှင်က အရပ်သားအစိုးရကိုအဓမ္မဖြုတ်ချ အာဏာလုယူခဲ့တာကြောင့် CDM ဝန်ထမ်းများရဲ့တော်လှန်မှုနှင့်တသားတည်း မြန်မာပြည်အနှံ့က ကျောင်းသားများကလည်း စစ်ကျွန်ပညာရေးကိုဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌မြို့သိမ်းတိုက်ပွဲတွေ ဖန်တီးဖို့အတွက် အထူးကွန်မန်ဒိုတစ်ဖွဲ့ပြင်နေပြီဖြစ်ကြောင်း PRA ကအသိပေးထားပါတယ်
မြို့သိမ်းတိုက်ပွဲတွေ ဖန်တီးဖို့အတွက် အထူးကွန်မန်ဒိုတစ်ဖွဲ့ပြင်နေပြီဖြစ်ကြောင်း PRA ကဗိုလ်ဂျပန်ကအသိပေးပြောကြားပါတယ်။
မတ်လ၉ရက်တွင် People revolution army (PRA) အဖွဲ့ခေါင်းဆောင်ဗိုလ်ဂျပန်က အခုလို အသိပေးပြောဆိုလိုက်တာပါ။
"မြို့သိမ်းတိုက်ပွဲတွေ ဖန်တီးဖို့အတွက် အချိန်/နေရာမရွေး တိုက်ပွဲဝင်နိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့ တစ်ခုကိုပြင်ဆင်နေပါတယ်။
ကျွန်တော်တို့မှာ စကစ လာရာလမ်းကြောင်းကို (မိုင်း)ဆွဲ ၊ပစ်ပြေး တိုက်ပွဲပုံဖော်နိုင်တဲ့ အတွေကြုံလဲများပြားတဲ့ ရဲဘော်တွေအများပြားကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက်က စကစတွေရှိနေတဲ့ နေရာကိုသွားရောက်တိုက်ခိုက်ဖို့ အထူးကွန်းမန်ဒို အဖွဲ့တခုကို အခုလိုဖန်တီးရခြင်းဖြစ်ပါတယ်" လို့ သူကဆိုပါတယ်။ လက်ရှိတွင် ပြည်သူအများစုမှာ တော်လှန်ရေးကို အမြန်အပြီးသတ်ချင်နေကြပြီဖြစ်သလို စစ်အာဏာရှင်ကို အမြစ်ဖြတ်လိုတဲ့ တော်လှန်ရေးအင်အားစုများဘက်ကလည်း တစထက်တစ အင်အားကြီးထွားလာနေတာသိရပါတယ်။
========================
📌📌ပြည်မြို့ ဘုရင့်နောင်လမ်းကို အလံနီတိုင်စကစဝန်ထမ်းများလာစိုက်ကာ လမ်းအလယ်ပေ ၅၀ ကျော်တဲ့ အရပ်သားနေအိမ်များကို မတ်လ ၁၃ ရက်နေ့ နောက်ဆုံးထားဖျက်ခိုင်းနေပါတယ်။
ပြည်မြို့ ဘုရင့်နောင်လမ်းကို အလံနီတိုင်စကစဝန်ထမ်းများလာစိုက်ကာ လမ်းအလယ်ပေ ၅၀ ကျော်တဲ့ အရပ်သားနေအိမ်များကို မတ်လ၁၃ရက်နေ့ နောက်ဆုံးထားဖျက်ခိုင်းထားတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၉ ရက်နေ့မှာ အလံနီတိုင်များစိုက်သွားကာ သတိပေးသွားခြင်းဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။
"ဘုရင့်နောင်လမ်းကိုလည်းအလံအနီလေးတွေလာစိုက်သွားပါတယ်။လမ်းအလယ်နဲ့ပေ ၅၀ ကျော်တာတွေကို (၁၃) ရက်နေ့ နောက်ဆုံးထားဖျက်ပေးရမယ်လို့ ပြောသွားပါတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့မှာ ဓာတ်အားလိုင်းကြိုးအောက် မလွတ်ဘူးလို့ဆိုပြီးတော့ လူနေအိမ်များကို အားချင်းဖျက်သိမ်းခဲ့ပါသေးတယ်။
========================
📌📌အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းရင်းနှီးမြှုပ်နှံနေဆဲ ဂျပန်အစိုးရနှင့် ENEOS တို့ကို ဖိအားပေးကြဖို့ တော်လှန်ရေးအဖွဲ့အစည်းများက တောင်းဆိုလိုက်ပါတယ်
အကြမ်းဖက်စစ်ကောင်စီကို ထပ်မံထောက်ပို့နေဆဲဖြစ်တဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းမှ ဂျပန်ရင်းနှီးမြုပ်နှံသူများအနေနဲ့ တာဝန်သိစွာ ထွက်ခွာရန် သွေးစွန်းငွေရပ်တန့်ရေး လှုပ်ရှားမှုကိုဦးဆောင်နေတဲ့ justice for myanmar အဖွဲ့က သတိပေးနှိုးဆော်ထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများ ကျူးလွန်နေပေမယ့် ဂျပန်အစိုးရနှင့် ENEOS တို့ဟာ အကြမ်းဖက် စစ်အုပ်စုအတွက် ဧရာမဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှုတ်ထွက်ရန် မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ ၎င်းတို့၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သော Mitsubishi Corporation ကတော့ ယခုစီမံကိန်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြောင်း မီဒီယာများမှာ ဖော်ပြခဲ့ပြီဖြစ်တယ်လို့ justic for myanmar ကရေးသားထားပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများဟာ အာဏာသိမ်းမှုမှ စတင်ခဲ့ခြင်း မဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာ တိုင်းရင်းသားလူနည်းစုဒေသများတွင် အကြမ်းဖက်စစ်တပ်အနေနဲ့ ဆယ်စုနှစ်များစွာ ကျူးလွန်နေခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ အရပ်သားများဟာ စစ်တပ်ရဲ့ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအကြပ်နေရာရွှေ့ပြောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပါအဝင် တရားလက်လွတ်သတ်ဖြတ်ခြင်းများရဲ့ သားကောင်များ ဖြစ်ခဲ့ကြရကြောင်းကိုလည်း သွေးစွန်းငွေရပ်တန့်ရေးလှုပ်ရှားမှုအဖွဲ့ကြီးက ထောက်ပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းနေရပ်စွန့်ခွာသူ ၈ သိန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာသွားသူ ၄၄၀,၀၀၀ ကျော် ရှိကြောင်းဖော်ပြထားပါတယ်။ အခုလို အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေနိုင်တာကတော့ ၎င်းတွင် ဝင်ငွေရင်းမြစ်ရှိသောကြောင့်ဖြစ်ပြီး မြန်မာစစ်တပ်ဘက်က အရပ်ဘက်အုပ်ချုပ်ရေးမကူးပြောင်းမီ ၂၀၁၁ ခုနှစ်တွင် ၎င်းတို့ရဲ့လုပ်ငန်းများကို ငွေကြေးထောက်ပံ့ရန် ကိုယ်ပိုင်စီးပွားရေးကွန်ရက်ကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာတွင် တိုင်းရင်းသားလူနည်းစုတွေအပေါ် ၎င်း၏ ဖိနှိပ်မှု စစ်ဆင်ရေးများအား ပံ့ပိုးပေးရန် စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီများ၊ နိုင်ငံခြားကော်ပိုရေးရှင်းများနှင့် စီးပွားရေးဆက်ဆံမှုအား မည်သို့အသုံးချခဲ့သည်ကို အသေးစိတ်ဖော်ပြထားတာတွေ့ရမှာပါ။ ဂျပန်နိုင်ငံဟာ အခုလိုစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းများတွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက လုပ်ကိုင်လာခဲ့တဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းတို့မှတဆင့် ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ရဲတံခွန်စီမံကိန်းဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများကို ဖြတ်ကျော်ပြီး ပိုက်လိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အကျိုးအမြတ်ကြီးမားသည့် ကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ကွက် လေးခုရှိပြီး အဆိုပါစီမံကိန်းများမှာ ရရှိတဲ့ငွေဟာ နိုင်ငံတော် ဘက်ဂျက်၏ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းများအရ ရဲတံခွန်စီမံကိန်းဟာ ခြောက်လအတွင်း ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း ရရှိမှာဖြစ်ပြီး စစ်ကောင်စီမှ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ ရဲတံခွန်စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေပါက ယခုကိန်းဂဏန်းများမှာ ဆက်လက်တိုးပွားလာနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအပေါ် သတ်ဖြတ်နေသော စစ်ကောင်စီရဲ့ ပင်မဝင်ငွေလမ်းကြောင်းကြီးမှာ ပါဝင်နေဆဲဖြစ်တဲ့ ဂျပန်အစိုးရနှင့် ENEOS တို့ကိုဖိအားပေးရပ်တန့်ကြဖို့လိုမှာဖြစ်ကြောင်း Justice for Myanmar က မတ်လ ၈ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ကြပါတယ်။
ရဲတံခွန်စီမံကိန်းကို မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas Carigali ဦးဆောင်ပြီး ထိုင်းနိုင်ငံမှ PTTEP၊ ဂျပန်နိုင်ငံမှ Nippon Oil Exploration (Myanmar)နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းစုဖြစ်ပါတယ်။
Nippon Oil Exploration (Myanmar) ကို ဂျပန်နိုင်ငံအစိုးရ (စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန)၊ JX Nippon Oil & Gas Exploration နှင့် Mitsubishi Corporation တို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment