13th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စိတ်ကျန်းမာရေးညီလာခံသို့ သမ္မတ ဒူဝါလရှီးလတက်ရောက်ပြီး အမှာစကားပြောကြား
📌“သဘာဝထိန်းသိမ်းရေးနယ်မြေ (Protected Area) များ အကြောင်း ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရေးသားတင်ပြ
📌ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့သူ ကိုအောင်အောင်ကိုဂုဏ်ပြုသည့် ဘန်နာဖြင့် ရန်ကုန်နေပြည်သူများဆန္ဒပြခဲ့ကြ
📌စစ်ကိုင်းခုတင် ၂၀၀ ဆံ့ဆေးရုံတွင် အစောင့်အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စိတ်ကျန်းမာရေးညီလာခံသို့ သမ္မတ ဒူဝါလရှီးလတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်

Jue Jue’s Safe Space မှ ဦးစီးကျင်းပတဲ့ စည်းဝိုင်းအပြင်ရောက် လူသားများ၏ စိတ်ကျန်းမာရေး ခေါင်းစဉ်ဖြင့် “Renewing Hope” Mental Health Conference ဒုတိယနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

သမ္မတကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ ကျန်းမာခြင်းအပေါ် ဖွင့်ဆိုချက်ကို ကိုးကား၍ ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် လူမှုဘဝကျန်းမာရေး (၃) ခုစလုံးကို အလေးထားကြောင်း၊ လက်ရှိအချိန်တွင်လည်း မြန်မာပြည်သူပြည်သားများအားလုံးအတွက် စိတ်ကျန်းမာရေးသည် အလွန်အရေးကြီးသည့်ကာလအခြေအနေသို့ ရောက်ရှိနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ မတရား အာဏာသိမ်းရန်ကြံရွယ်ချိန်မှစပြီး ပြည်သူလူထုရဲ့ အနာဂတ်အမှောင်ဖုံးခဲ့ရပြီး မတရားမှုတွေကို ခုခံတွန်းလှန်ခဲ့ရကြောင်း၊ COVID-19 ကပ်ရောဂါ တတိယလှိုင်း၊ စတုတ္ထလှိုင်းများအကြား တော်လှန်ရေးကာလရှည်ကြာလာသည်နှင့်အမျှ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး သက်ရောက်မှုများကြောင့် စိတ်ဖိစီးမှုများကို ပိုမိုခံစားလာရကြောင်း၊ ထိုစိတ်ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ယုံကြည်ချက်၊ ရည်မှန်းချက်၊ ခံယူချက်အပြည့်နဲ့ နွေဦးတော်လှန်ရေးကို အပြီးအောင်မြင်အောင်တော်လှန်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ယုံကြည်ချက်ခိုင်မြဲစွာနဲ့ အသက်ရှင်နေနိုင်မှသာ စိတ်ဓာတ်ခွန်အားများ မြင့်တက်လာမှာဖြစ်ပီး နွေဦးတော်လှန်ရေးအောင်မြင်ရန်အတွက် ပြည်သူတစ်ယောက်ချင်းစီ၏ စိတ်ဓာတ်များကျန်းမာနေဖို့လိုတယ်လို့ အသိပေးပြောကြားပါတယ်။ စိတ်ကျန်းမာမှ လွတ်လပ်ပြီး ကြောက်ရွံ့မှုကင်းတဲ့ လူ့အဖွဲ့အစည်းကိုထူထောင်နိုင်မှာဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်အမျိုးအစား ကွဲပြားကြပေမယ့် လူသားချင်း စာနာထောက်ထားပြီး အပြန်အလှန်လေးစားရမယ် အဲ့ဒီလို မြင့်မားတဲ့စိတ်အရည်အသွေးများနဲ့ တစ်ဦးနှင့်တစ်ဦး အားပေးဖေးမကြလျှင် အခက်အခဲများကြီးမားသော်လည်း စိတ်ဓာတ်ခွန်အားနဲ့အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်တယ် တဦးနှင့်တဦး လေးစားမှုရှိသောလူ့အဖွဲ့အစည်းများမှ တစ်ကမ္ဘာလုံးကို မေတ္တာတရားပြန့်နှံ့ကာ စိတ်ကျန်းမာခြင်းသုခကို ခံစားရမယ်၊ ဆွေးနွေးပွဲခေါင်းစဉ်က ညွှန်းဆိုသည့်အတိုင်း စည်းဝိုင်းအပြင်ရောက် လူများ “marginalized population” ပပျောက်ပြီး လူကို လူအဖြစ် ရှုမြင်သည့် လူသားဆန်သောအယူအဆကိုယ်စီနဲ့ ဆက်ဆံကြမယ်ဆိုရင် စိတ္တသုခကို ရရှိမှာဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားရင်း အရေးတော်ပုံအောင်နိုင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။

========================

📌📌“သဘာဝထိန်းသိမ်းရေးနယ်မြေ (Protected Area) များ အကြောင်း ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရေးသားတင်ပြခဲ့ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မတ်လ ၁၂ ရက်နေ့ရက်စွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ (Protected Area) များ အကြောင်းတစေ့တစောင်းကို ပြည်သူများသိစေရန် အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ် အဆိုပါအသိပေးထုတ်ပြန်ချက်မှာ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးအတွက် အရေးပါလှပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများ တည်ထောင်ခြင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းဗျူဟာ တစ်ရပ်အနေဖြင့် တွင်ကျယ်စွာ ကျင့်သုံးလျက်ရှိပါကြောင်း၊
သဘာဝထိန်းသိမ်းရေးနယ်မြေများကို ကောင်းမွန် ထိရောက်စွာ စီမံအုပ်ချုပ်ခြင်းဖြင့် အဆိုပါ နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်ဦးရေ တိုးပွားလာစေခြင်း၊ လက်ရှိဦး‌ရေ လျော့နည်းသွားခြင်း မရှိအောင် ထိန်းပေးခြင်း၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များအတွက် နေရင်းဒေသများကို ကာကွယ်စောင့်ရှောက်ပေးရာ ရောက်ခြင်း၊ ဂေဟစနစ် ဝန်ဆောင်မှုများကို ထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါကြောင်း၊
သဘာဝထိန်းသိမ်းရေးနယ်မြေများအား ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်နိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး ဖက်ဒရယ်သယံဇာတ စီမံခန့်ခွဲမှုကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါတွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများမှ ကိုယ်တိုင်ကိုယ်ကျ စီမံအုပ်ချုပ်သွားရမည် ဖြစ်ပါကြောင်း၊
မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် ဝိသမ လောဘသားများ၏ ဥပဒေမဲ့လုပ်ရပ်များ ကြုံတွေ့ရလျက်ရှိပြီး ပြည်သူများအနေဖြင့် အဆိုပါလုပ်ရပ်များကို ကြားသိမြင်တွေ့မိပါက သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသို့ လည်းကောင်း၊ ဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာသို့ လည်းကောင်း သွားရောက်၍ သတင်းပေးပို့ကာ ပြည်သူ့သယံဇာတများကို ပြည်သူများမှ ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းကြပါစို့ စသဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

========================

📌📌ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြခဲ့သူ ကိုအောင်အောင် ကို ဂုဏ်ပြုသည့် ဘန်နာဖြင့် ရန်ကုန်နေပြည်သူများဆန္ဒပြခဲ့ကြပါတယ်

မြန်မာပြည်အနှံ့မှာ ၂၄ နာရီ လျှပ်စစ်မီးပြတ်နေချိန်မှာတော့ မတ်လ ၁၂ ရက်နေ့က ရန်ကုန် တာမွေမြို့နယ်မှာ "၂၄ နာရီလုံး အများပြည်သူ မီးလင်းပါစေ ၂၀၀၁+၂၀၀၂ ပြန်မသွား" ဟူသည့် စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြပါတယ်။ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်၌ ပြုလုပ်ခဲ့တဲ့ အဆိုပါလူထုသပိတ်လှုပ်ရှားမှုမှာ ကိုင်ဆောင်ခဲ့ကြတဲ့ ဘန်နာစာသားများဟာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ကျောက်ပန်းတောင်းတွင် မိမိကိုယ်ကို မီးရှို့ဆန္ဒပြသူ ကိုအောင်အောင် ကိုင်ဆောင်ဖော်ပြခဲ့တဲ့ ဆန္ဒသဘောထားများဖြစ်ပါတယ်။ ကိုအောင်အောင်ရဲ့ စွန့်လွှတ်အနစ်နာခံစိတ်ဖြင့် အသေခံဆန္ဒပြခဲ့မှုကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း အလေးထားဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ တတိုင်းပြည်လုံး မီးပြတ်လပ်လာချိန်မှာတော့ မတ်လ ၁၂ ရက်နေ့ညဦးပိုင်းတွင် ခုကဲ့သို့ မီးတုတ်များကိုင်စွဲလမ်းပေါ်ထွက်လာသော ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။

"တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ နယ်မြေတွေမှာ စစ်ကောင်စီက အင်တာနက်ဖျက်တယ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်၊ ရက်စက်စွာ မီးရှို့ မုဒိန်း ကျင့်သတ်ဖြတ်တယ်။ ခုပြည်မမှာလဲ မီးဖျက်တဲ့ဒဏ်ကြောင့် ရေမလာဘူး၊ ကုန်ဈေးနှုန်း၊ လောင်စာဆီဈေးနှုန်း တက်တဲ့ဒဏ်ကို ခံစားနေရပြီ။ ဒီဒုက္ခတွေမှာနေသားတကျ နေနိုင်ဖို့ကြိုးစားမယ့်အစား စစ်ကောင်စီကို တော်လှန်ဖို့ အတွက် လူထုလှုံ့ဆော်မှုတွေပြုလုပ်တာဖြစ်တယ်။ အာဏာသိမ်းစစ်ကောင်စီအောက်မှာ တရားမျှတမှုဆိုတာမရှိဘူး။ ဒါကို ဘယ်ချိန်ထိလက်ပိုက်ကြည့်နေကြမလဲ။ ကျွန်တော်တို့ ကိုယ်တိုင်တော်လှန်ပြီး တရားမျှတမှုကို အရယူဖို့ မျှော်လင့်ပါတယ်" လို့ ဆန္ဒပြတိုက်ပွဲဝင်နေတဲ့ ရန်ကုန်လူထုအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဆိုပါဆန္ဒပြပွဲမှာ တာမွေမြို့နယ်ရဲစခန်းနှင့် တစ်မှတ်တိုင်သာခြားသောနေရာတွင် အန္တရာယ်ကြီးစွာရင်ဆိုင်ချီတက်ကြွေးကြော်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"အဲ့နားက ရဲစခန်းနဲ့ တစ်မှတ်တိုင်ပဲခြားတော့ အန္တရာယ်လဲများတယ်။ ဒီလိုအန္တရာယ်များတဲ့ကြားကပဲ ပြောက်ကျားသပိတ်တွေက နေ့စဉ်ရက်ဆက်ရှိနေပါတယ်။ ပြည်သူလူထုကလည်း အားပေးပြီး ကြွေးကြော်သံပါလိုက်အော်ကြတော့ သပိတ်တပ်သားတွေကလည်း အားတက်ကြတယ်။ အန္တရာယ်ကြားကနေ အောင်မြင်စွာချီတက်နိုင်ခဲ့ပါတယ်" ဟု သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၁၂ ရက်နေ့မှစလို့ “Candle Strike” လှုပ်ရှားမှုကိုလည်း ပြည်သူများ ပူးပေါင်းပါဝင်ကြဖို့ သပိတ်ကြီးမှ လှုံ့ဆော်ထားတာ သိရပီး ဖယောင်းတိုင်များ နေအိမ်ရှေ့လမ်းမများပေါ်ထွန်းထားကြရန် ဖြစ်ပါတယ်။ မီးပျက်တိုင်းတွင် စစ်အာဏာရှင် မင်းအောင်လှိုင်ကို မိမိတို့တိုက်ခန်းနေအိမ်များအတွင်းမှ အလိုမရှိကြောင်းကျယ်လောင်စွာ ဆဲဆိုကြွေးကြော်ကြဖို့ ဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌စစ်ကိုင်းခုတင် ၂၀၀ ဆံ့ဆေးရုံတွင် အစောင့်အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေဆုံး

စစ်ကိုင်းခုတင် ၂၀၀ ဆံ့ဆေးရုံတွင် အစောင့်အချင်းချင်းပစ်ခတ်၍ နှစ်ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

မတ်လ ၁၂ ရက်တွင် ​ဒေသ သတင်းအရင်းအမြစ်များက ဖော်ပြချက်အရသိရပါတယ်။

၄င်းတို့ဟာ အချင်းချင်းစကားများတာကြောင့် ပစ်ခတ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ဆေးရုံ အစောင့်အဖြစ် စစ်မှုထမ်းဟောင်းသက်ကြီးရွယ်အိုတွေကို စစ်ကောင်စီက နေ့စား တရက် ၇၀၀၀ နှုံးနဲ့ခန့်ထားတာ​ဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းက စကားများပြီး ပစ်ခတ်ကြတာဖြစ်ပြီးတော့ တစ်ဦးမှာလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment