၂၀၂၂ မတ်လ ၁၂ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG ဒုဝန်ကြီးနှင့် KGZတို့ ပြေလည်မှုရရှိ
📌မရိုးကုန်းတံတားအနီး မိုင်းခွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးထက် မနည်းသေဆုံး
📌မျောက်နုံးရွာမှာ တပ်စွဲထားတဲ့ စကစတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား
📌ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးအနီးယနေ့မနက်ဗုံးပေါက်ကွဲ
📌ကုန်တင်ကား ကို စစ်တပ်က တားမြစ်ရာ မရပ်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပထမဆုံးအနေနဲ့ NUG ဒုဝန်ကြီးနှင့် KGZတို့ ပြေလည်မှုရရှိ ခဲ့တဲ့ သတင်းကို တင်ပြပေးပါ့မယ်
အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နှင့် ကရင်နီဒေသရှိ KGZ ကာကွယ်ရေးတပ်တို့ မတ်လ ၁၂ ရက်မှာ ပြေလည်မှုရကြောင်း သတင်းထုတ်ပြန် ဖော်ပြချက်အရသိရပါတယ်။
"ဒီရက်ပိုင်းထဲမှာ ကျွန်မနဲ့ KGZ နဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်မတို့ ဖြေရှင်းပြီး ဖြစ်ပါတယ်။ နားလည်မှုတွေ၊ ခွင့်လွှတ်မှုတွေနဲ့ နစ်နာခဲ့ကြသူတွေကို အပြန်အလှန် အသိအမှတ်ပြုခဲ့ကြသလို တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အားလုံးသော လူငယ်တွေကိုလည်း သူရဲကောင်းအဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။ တော်လှန်ရေးအတွက် အဖွဲ့အစည်းအသီးသီးကြား တော်လှန်ရေးပစ်မှတ်ကို မျက်ချေမပျက်စေပဲ၊ ခိုင်မာတဲ့ ဆက်ဆံရေး၊ စံတန်ဖိုး၊ ကျင့်ဝတ်သိက္ခာနှင့် ညီတဲ့ တော်လှန်ရေးတခုအဖြစ် တည်ရှိဖို့ ဆွေးနွေးကြပြီး ဖြစ်ပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် KGZ အဖွဲ့ကို ဒုဝန်ကြီးကိုယ်တိုင် လှူဒါန်း ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
"ဒါက တော်လှန်ရေးအင်အားစုတွေကြားက စိတ်ထားတတ်မှုပါ။ အစကတည်းက ကျွန်မတို့ကြား ပုဂ္ဂိုလ်ရေး အငြိုးထားမှု မရှိတဲ့အတွက် ကျွန်မကတော့ တိုက်ပွဲဝင်နေတဲ့ အားလုံးသော လူငယ်တွေကို အမြဲအားပေးသလို၊ ကိုယ်တတ်နိုင်တဲ့ဘက်က ဆက်လက်လည်း အားပေးမှာပါ။ ကျွန်မတို့ကို ဝေဖန်အကြံပေးတဲ့အတွက် အမြဲကြိုဆို အသိအမှတ်ပြုပါတယ်။ ငြင်းခုံကြမယ်။ ရန်ဖြစ်ကြမယ်။ တဆက်တည်းမှာ ကျွန်မတို့မှာ ကျွန်မတို့ဘဲ ရှိတာမို့ စည်းလုံးကြမယ်။ ချစ်ကြမယ်။ အဆုံးအထိ တိုက်ပွဲဝင်သွားကြမယ်" လို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ပြောဆိုထားပါတယ်။
========================
📌📌မရိုးကုန်းတံတားအနီး မိုင်းခွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးထက် မနည်းသေဆုံးတဲ့ သတင်းကိုတင်ပြပေးပါမယ်
ယမန်နေ့ညက မြောင်မြို့နယ်မှ ဆင်းလာတဲ့ စကစတပ်များ မရိုးကုန်းတံတားအနီး မိုင်းခွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။
မတ်လ ၁၁ ရက် ည ၉ နာရီအချိန် မြောင်မြို့ပေါ်မှဆင်းလာသောစခများကို မရိုးကုန်းကျေးရွာတံတားအနီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ 11 Brothers Revolution Forces (11BRF Myaung) ကဖော်ပြပါတယ်။
"ယမန်နေ့ ည ၉ နာရီ အချိန်ခန့်တွင် မြောင်မြို့ပေါ်မှ ဆင်းလာသော စကစတပ်များကို မရိုးကုန်းကျေးရွာတံတားအနီးတွင် ဖရဲသီးဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါတယ်" လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို 11 Brothers Revolution Forces(11BRF Myaung)၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Zamani Revolution Forces (MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲတွင် စကစတပ်များ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးမှာ ထပ်မံသေဆုံးတယ်လို့ဆိုပါတယ်။
========================
📌📌မျောက်နုံးရွာမှာ တပ်စွဲထားတဲ့ စကစတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့တဲ့သတင်းကို တင်ပြပေးမယ်။
ယင်းမာပင်မြို့နယ် မျောက်နုံးရွာမှာ တပ်စွဲထားတဲ့ စကစတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ ယနေ့မနက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"ယနေ့မနက် ၆ နာရီခွဲမှာ ရိုးမဖိုက်တာ PDF၊ ဆရာစံ PDF၊ ဗိုလ်သူရိန် PDF၊ အခြားတပ်ဖွဲ့ဝင်များ နှင့် မြောက်နုံးရွာမှာ တပ်စွဲထားသော စကစများ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်" လို့ ရိုးမဖိုက်တာ PDF ကသိရပါတယ်။
မတ်လ ၁၁ ရက် မနက်ပိုင်းကလည်း မျောက်နုံးရွာဘက်ကို ဆင်းလာရာ ကျွဲကျ နားအရောက် ဗိုလ်သူရိန် ရဲ့မိုင်းကွင်းထဲဝင်မိ၍ စကစတပ်သား ၃၂ ဦး စလုံးသေဆုံးခဲ့ပါတယ်။
========================
📌📌ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးအနီးယနေ့မနက်ဗုံးပေါက်ကွဲ
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးအနီး ယနေ့မနက် ဗုံးပေါက်ကွဲခဲ့တယ်လို့သတင်းရရှိပါတယ်။
မတ်လ ၁၂ ရက် မနက်ပိုင်း ရွှေ ပြည်သာမြို့နယ်၊ ဒ/၁၇ ရပ်ကွက် လူကယ်ပြန်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများကဆိုပါတယ်။
အဆိုပါပေါက်ကွဲမှု ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ လတ်တလော မသိရသေးပေမဲ့ မြို့တွင်း စကစတပ်များ စစ်ဆေးမေးမြန်းမှုတွေရှိနေတယ်လို့သိရပါတယ်။
လတ်တလောမှာတော့ ဖောက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်မှန်းမသိရသေးဘူးဖြစ်ပါတယ်။
========================
📌📌ကုန်တင်ကား ကို စစ်တပ်က တားမြစ်ရာ မရပ်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့တဲ့သတင်း ကိုတင်ပြပေးပါ့မယ်
ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ် မောင်းနှင်လာတဲ့ ကုန်တင်ကား ကို တားမြစ်ရာ မရပ်ပေးတဲ့အတွက်ဟုဆိုကာ စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ယာဥ်မောင်းသေဆုံးခဲ့တယ်လို့သိရပါတယ်။
မတ်လ ၁၂ ရက် မနက် ၈ နာရီမှာ ၁၂ ဘီးကားကို စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပြောဆိုပါတယ်။
စကစတပ်ဖွဲ့များက ယင်းကုန်ကားကို လှမ်းတားခဲ့ရာ ကုန်ကားမှာကြောက်လန့်၍ မောင်းသဖြင့် စကစတပ်များက ပစ်ခတ်ရာ ကုန်ကားထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ယနေ့မနက် အစောပိုင်း မြဝတီကို ခြေလျင်တက်လာတဲ့ စစ်ကြောင်းဖြစ်ကြောင်း ကနဦးသိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment