၂၀၂၂ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌“အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု မှတ်တမ်း"ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
📌စစ်ကောင်စီက နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက် မနည်း ချိတ်ပိတ် သိမ်းဆည်း
📌မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာကြား လက်နက်အပြည့်အစုံဖြင့်လာတဲ့ စကစတပ်ဖွဲ့ဝင် ၁၀ ဦး မိုင်းရှင်းနေစဥ် ဖောက်ခွဲရာ ၇ ဦးသေဆုံး
📌ခင်ဦးမြို့နယ်မှာ မတ်လအတွင်း စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရွာပေါင်း ၇ ရွာမှ နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီး
📌မုံရွာမြို့ စကစတပ်များ လုံခြုံရေးယူထားသော ကန်သာယာနှင့် အ-ထ-က အမှတ် ၂ စာသင်ကျောင်းတို့တွင် လက်ပစ်မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်
📌စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ရှစ်သိန်းခြောက်သောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌“အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု မှတ်တမ်း"ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
"အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု မှတ်တမ်း"ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု မှတ်တမ်း" ကိုထုတ်ပြန်ချက်အရ အရာတော်မြို့နယ် ညောင်ပင်ကန်ကျေးရွာမှ ကိုသိန်းထွန်းကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁၃ ရက်မှာ ကိုသိန်းထွန်း ၃၅ နှစ်ကို နေအိမ်မှနေ၍ စကစတပ်များကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာ စခတ ၁၀ တပ်အတွင်း သေဆုံးသွားပြီလို့မိသားစုကို အကြောင်းကြားခဲ့ပါတယ်။
သေဆုံးသူ ကိုသိန်းထွန်းတွင် ရိုက်နှက်ခံရသော အညိုအမည်းဒဏ်ရာများတွေ့ရပြီး အလောင်းကို နေအိမ်သို့ပင်ပြန်သယ်ခွင့်မပေးဘဲ အရာတော်မြို့မှာပင် သဂြိုလ်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
ထိုလုပ်ရပ်ကို အရပ်သားပြည်သူများအပေါ်ပစ်မှတ်ထားတိုက်ခိုက်သော လူမဆန်တဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှုအဖြစ် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမှတ်တမ်းတင်ကာ စခတ ၁၀ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းထွဋ်နဲ့ အမိန့်ပေးသူများ ကိုယ်ထိလက်ရောက် ကျူးလွန်ပါဝင်သူများ တာဝန်ယူအပြစ်ဒဏ်ခံရမယ်လို့ထုတ်ပြန်ထားပါတယ်။
========================
📌📌စစ်ကောင်စီက နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက် မနည်း ချိတ်ပိတ် သိမ်းဆည်း
စစ်ကောင်စီက နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက် မနည်း ချိတ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
ချိတ်ပိတ် သိမ်းဆည်းခံရမှု အများစုဟာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပြီးတော့ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ မှာဒုတိယအများဆုံးဖြစ်ပါတယ်။
ISP-Myanmar က စုစည်းထားတဲ့ အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားတဲ့ မှတ်တမ်းအရ နေအိမ်၊ အဆောက်အအုံ အရေအတွက် ၅၃၁ လုံးထက် မနည်းကို စစ်ကောင်စီက ချိပ်ပိတ်သိမ်း ဆည်းခဲ့ပါတယ်။
ချိပ်ပိတ် သိမ်းဆည်းခံရမှု အများစုဟာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပြီး ၁၃၅ လုံးထက် မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၁၁၆ လုံး၊ မန္တလေးတိုင်းမှာ ၈၅ လုံး၊ ဧရာ၀တီတိုင်းမှာ ၄၇ လုံး နဲ့ မကွေးတိုင်းမှာ ၃၉ လုံး ထက် မနည်း ချိပ်ပိတ်သိမ်းဆည်း ခြင်းခံခဲ့ရပါတယ်။
စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။
အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။
========================
📌📌မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာကြား လက်နက်အပြည့်အစုံဖြင့်လာတဲ့ စကစတပ်ဖွဲ့ဝင် ၁၀ ဦး မိုင်းရှင်းနေစဥ် ဖောက်ခွဲရာ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာကြား လက်နက်အပြည့်အစုံဖြင့်လာသည့် စကစတပ်ဖွဲ့ဝင် ၁၀ ဦး မိုင်းရှင်းနေစဥ်ဖောက်ခွဲရာ ၇ ဦးသေဆုံးခဲ့ပါတယ်။
မတ်လ ၁၇ ရက် စစ်ရေးသတင်းကို မြောင်မြို့နယ်တော်လှန်ရေးတပ်ကဆိုပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာကြား လက်နက်အပြည့်အစုံဖြင့်လာသည့် စကစတပ်ဖွဲ့ဝင် ၁၀ ဦး မိုင်းရှင်းနေစဥ်ကျွန်ုပ်တို့ မြောင်တော်လှန်ရေးတပ်နဲ့ Knight ကွန်မန်ဒါတို့ တော်လှန်ရေးညီနောင်နှစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် မြေပြင်ရဲဘော်များ သတင်းပေးပို့မှုအရ အနည်းဆုံး စကစတပ်သား ၇ ဦး သေဆုံးတယ်လို့အတည်ပြုပါတယ်။
မြောင်တော်လှန်ရေးတပ်အနေဖြင့် ပြောက်ကျား စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ပြည်သူလူထုက အထူးဂရုစိုက်ကြရန် နှိုးဆော်တိုက်တွန်းထားပါတယ်။
========================
📌📌ခင်ဦးမြို့နယ်မှာ မတ်လအတွင်း စကစတပ်များ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရွာပေါင်း ၇ ရွာမှ နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ မတ်လအတွင်း စကစတပ်များ မီးရှို့ဖျက််ဆီးခဲ့မှုကြောင့် ရွာပေါင်း ၇ ရွာမှ နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယမန်နေ့က အကြမ်းဖက်စကစမှ ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာ နှစ်ရွာပေါင်း နေအိမ် (၁၃၈) လုံးထိ မီးရှို့ဖျက်စီးခဲ့၍ ခင်ဦးတွင် မီးရှို့ခံရသည့် ရွာ (၇) ရွာထိရှိလာခဲ့ကာ နေအိမ်အလုံးပေါင်း (၃၂၇) လုံး မီးလောင်ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိမှာ ပြည်သူ ၂၅၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး နေစရာ၊ ဆေးဝါး၊ အစားအစာအတွက်ပါ ဒုက္ခရောက်နေကြရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကသိရပါတယ်။
စကစတပ်များဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိတယ်လို့ယူဆရတဲ့ရွာများနဲ့ ကာကွယ်ရေးတပ်တွေကို အထောက်အပံပေးတယ်လို့ သတင်းပေးခံရတဲ့ရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးပစ်တယ်လို့သိရပါတယ်။
========================
📌📌မုံရွာမြို့ စကစတပ်များ လုံခြုံရေးယူထားသော ကန်သာယာနှင့် အ-ထ-က အမှတ် ၂ စာသင်ကျောင်းတို့တွင် လက်ပစ်မိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်
မုံရွာမြို့ စကစတပ်များ လုံခြုံရေးယူထားသော ကန်သာယာနှင့် အ-ထ-က အမှတ် ၂ စာသင်ကျောင်းတို့တွင် လက်ပစ်မိုင်းများနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ ၁၇ ရက် မနက် ၁၁ နာရီ ၅၅ အချိန် စကစတပ်များ လုံခြုံရေးယူထားတဲ့ ကန်သာယာနှင့် အ-ထ-က အမှတ်၂ စာသင်ကျောင်းတို့ကို လက်ပစ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Forceကဆိုပါတယ်။
"မတ်လ ၁၇ ရက်နေ့တွင် မုံရွာမြို့အတွင်း စစ်ကောင်စီမှ တရားမဝင်စာသင်ကျောင်းများဖွင့်နေသည့်ကို ဒံပေါက်များဖြင့် လိုက်လံပစ်ပေါက်ခဲ့ပါတယ်။ ဒံပေါက်ကျွေးမွေးခဲ့နေရာများမှာ (၁၁:၅၅) နာရီအချိန်တွေ စကစတပ်များလုံခြုံရေးယူထားသော ကန်သာယာနှင့် အ-ထ-က အမှတ် ၂ စာသင်ကျောင်းတို့တွင် နာနတ်သီးတစ်လုံးစီဖြင့် Brother Defense Force နှင့် Unity Force Monywa တို့မှ လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစဘက် မှရမ်းသန်းပစ်ခတ်နေသည့်ကြားမှ ရဲဘော်များဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက် မှုကို BrotherDefenseForce နဲ့ UnityForceMonywa ကပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ရှစ်သိန်းခြောက်သောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ရှစ်သိန်းခြောက်သောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
UN OCHA- Myanmar လို့ ခေါ်တဲ့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (မြန်မာ) က ယခုမတ်လအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။
တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မတ်လရဲ့ ပထမနဲ့ ဒုတိယ ရက်သတ္တပတ်အတွင်း ဖာပွန်မြို့နယ်က လူဦးရေ ၇၀၀ ခန့်ဟာ ကမာမောင်းမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
မတ်လ ၇ ရက်နေ့က ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ကတည်းက ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် လူဦးရေ ၂၂၈,၉၀၀ ခန့်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဆက်လက်တိုက်ပွဲရှောင်နေထိုင်ရလျက်ရှိနေပါတယ်။ အဆိုပါတိုက်ပွဲရှောင်နေထိုင်ရသူတွေဟာ ကယားပြည်နယ်မှာ ၉၃,၈၀၀ ဦး၊ ကရင်ပြည်နယ်မှာ ၆၉,၁၀၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၄,၀၀၀ ဦး၊ မွန်ပြည်နယ်မှာ ၇,၅၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃,၇၀၀ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ ဦးတို့ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာဆိုရင်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ မတိုင်ခင်က ၃၇၀,၀၀၀ ဦး၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ ဦး အပါအဝင် ၈၆၅,၇၀၀ ဦးဟာ နေရပ်စွန့်ခွာထွက်ပြေးရလျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment