၂၀၂၂ မတ်လ ၁၇ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌သုံးရက်တာ တိုက်ပွဲအတွင်း စကစတပ်များသေဆုံးမှု အယောက်သုံးဆယ်ကျော်ရှိ
📌ထီးချိုင့်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး
📌မီးပြတ်တာနဲ့ ကုန်ကြမ်းပြတ်လပ်မှုကိုအကြောင်းပြ၍ လုပ်သားများ လျှော့ချခံရ
📌လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာများသို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်မျာနဲ့ KNDF တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားရာ စကစဘက်က ၁၆ ဦးသေဆုံး
📌ကလောမြို့နယ် အင်းပြင်ရွာရှိ တပ်မ ၁၁၂. လုံခြုံရေးဂိတ်တဲ ဗုံးပစ်ခံရ၍ စကတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာ
📌မြန်မာပြည်သူ ရှစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UN OCHA ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌သုံးရက်တာ တိုက်ပွဲအတွင်း စကစတပ်များသေဆုံးမှု အယောက်သုံးဆယ်ကျော်ရှိတယ်ဆိုတဲ့သတင်း
သုံးရက်တာ တိုက်ပွဲအတွင်း စကစတပ်များသေဆုံးမှု အယောက်သုံးဆယ်အထက်ရှိတယ်လို့ PDF Kalay ထုတ်ပြန်ပါတယ်။
မတ်လ ၁၇ ရက် မှာတိုက်ပွဲသတင်းကို PDF Kalay တပ်ရင်း ၁ က ရဲဘော်များကဆိုပါတယ်။
"သုံးရက်တာအတွင်းမှာ မုန်းဟင်းခါးပွဲး အနည်းဆုံး သုံးဆယ်အထက်ရရှိထားပါပြီ။ လေးရက် မြောက်နေ့ PDF(Kalay) တပ်ရင်း ၁ ဖက်သို့ စကစတပ်များ ဆက်လက်ထိုးစစ်ဆင်နေပါပြီ။ သတိရဆုတောင်းပေးကြပါခင်ဗျာ"လို့ PDF Kalay တပ်ရင်း၁က ရဲဘော်တစ်ဦးကဆိုပါတယ်။
လွန်ခဲ့သော မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ဝန်းကျင်ခန့်ဟာ စစ်ကားကြီး ၁၄ စီး နောက်ချန်လိုက်ပါ၍ ကလေးနည်းပညာတက္ကသိုလ်မှတဆင့် နတ်မြောင်း၊ နတ်ချောင်းကျေးရွာဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာခဲ့ရာ ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် စည်သာရွာနှင့် နတ်မြောင်းရွာအကြား၌ PDF (Kalay) တပ်ဖွဲ့များ အသင့်တပ်ဆင် ထားသည့် တိုက် မိုင်းကွင်းများအတွင်းသို့ ဝင်ရောက်သွားပြီး တိုက် မိုင်းများအကြိမ်ကြိမ်ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးသွားနိုင်ဖွယ်ရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဟာ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း စည်သာရွာဘက်မှ စစ်ကြောင်းများဖြန့်ခွဲ၍ နတ်မြောင်းရွာဘက်သို့ ဦးတည်၍ ဆက်လက်စစ်ကြောင်း ထိုးလာခဲ့ရာ လမ်းကြောင်းတလျှောက်တွင် PDF (Kalay) တပ်ဖွဲ့များတပ်ဆင်ထားသည့် တိုက်မိုင်း ကွင်းများအတွင်း ထပ်မံ ဝင်ရောက်သွားပြီး တိုက်မိုင်းများအကြိမ်ကြိမ်ထပ်မံထိ၍ အများအပြား ထိခိုက်သေဆုံးသွားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်မြောင်းရွာနှင့် နတ်ချောင်းရွာ အတွင်းဝင်ရောက်ပြီး နေအိမ် အလုံး ၃၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌ထီးချိုင့်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက် မှုကြောင့် စကစတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးတယ်လို့သတင်းရရှိပါတယ်။
မတ်လ ၁၆ ရက် တိုက်ပွဲသတင်းကို ထီးချိုင့်တော်လှန်ရေးအင်အားစုကဆိုပါတယ်။
"ယနေ့ ၁၆ ရက်နေ့ ၊ မနက် (၁၀:၃၀) ခန့်တွင် မြတောင်ရဲကင်းက ထွက်ကာ မြတောင်လမ်းဆုံ သို့ ထွက်သော စခ ကားတစီးကို မိုင်းဆွဲရာ စခများ အထိအခိုက်ရှိကြောင်း သိရပါတယ်။ ထို့အတူ နေ့လည် (၁:၀၀) နာရီ ခန့်တွင် အလယ်တောမှ ထွက်လာသော စခကား (၂) စီးကို အင်းတိန် နှင့် ဇီးဖြူကျင်းကြားတွင် မိုင်းဆွဲရာ စခ (၁၀) ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး ထိုစခများကို အင်းတော်မြို့နယ်၊ ဗုဓလက်ရွာ ဘုန်းကြီးကျောင်းတွင် ချသွားကြောင်း သိရပါတယ်"လို့ဆိုထားပါတယ်။
အလားတူထီးချိုင့်နယ် ကမ်းနီ၊ကြက်တကောင်ဘက်က ထွက်လာသော စကစတပ်များကို အင်ဒေါင်းရွာ အနီးတွင် မနက် (၇:၀၀) နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ရာ စခများ (၁၅) ကောင်ခန့် ကျဆုံးနိုင်ကြောင်းသိရပါတယ်။
ယခု အခါ စကစတပ်များ အင်ဒေါင်းရွာတွင် တပ်ဆွဲထားကြောင်းသိရပါတယ်။ ဖြစ်စဉ်အားလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှု မရှိကြောင်း သိရပါတယ်။
========================
📌📌မီးပြတ်တာနဲ့ ကုန်ကြမ်းပြတ်လပ်မှုကိုအကြောင်းပြ၍ လုပ်သားများ လျှော့ချခံရ
မီးပြတ်တာနဲ့ ကုန်ကြမ်းပြတ်လပ်မှုကိုအကြောင်းပြ၍ လှိုင်သာယာစက်မှုဇုန်တွင် လုပ်သားများ လျှော့ချခံရတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁၇ ရက် မှာ အမည်မဖော်လိုတဲ့ အထည်ချုပ်အလုပ်သမားတစ်ဦးကဆိုပါတယ်။
"ရှေ့မှာကတည်းက သူကဖြည်းဖြည်းချင်း လျှော့ချနေတာပါ။ မီးတွေကပြတ်တယ်။ပြတ်တော့ အချိန်ပိုလည်း မခေါ်တော့ဘူး။ ကုန်ကြမ်းလည်း အရင်လိုမရဘူးဆိုပြီး သူတို့သဘောမကျတဲ့လူဆို တစ်လခပေးပြီး အလုပ်နားလိုက်တယ်။တဖြည်းဖြည်း လျှော့ချနေတဲ့သဘောပေါ့နော်။ ညီမတို့ဆိုလည်း ဒါဘယ်တော့လျှော့ခံရမယ်မသိဘူး" လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက စက်ရုံ အလုပ်ရုံအချို့ဟာ အလုပ်ရုံများကို ပိတ်သိမ်းချင်သလိုပိတ်သိမ်းနေကြပြီးတော့ အလုပ်သမားများဟာ အလုပ်သမားအခွင့်အရေးကိုလည်း အပြည့်အဝခံစားခွင့်မရရှိဘူးလို့သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ လျှပ်စစ်မီးကို အလှည့်ကျပေးတဲ့ စနစ်ကို ကျင့်သုံးနေပြီးတော့ စက်မှုဇုန်များကိုလည်း မီးအပြည့်အဝပေးနိုင်ခြင်းမရှိသေးဘူးဖြစ်နေပါတယ်။
========================
📌📌လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာများသို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်မျာနဲ့ KNDF တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားရာ စကစဘက်က ၁၆ ဦးသေဆုံး
ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာများသို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်များနဲ့ KNDF တပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားရာ စကစဘက်က ၁၆ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၁၇ ရက် မှာ တိုက်ပွဲသတင်းကို KNDF ကထုတ်ပြန်ချက်အရ သိရပါတယ်။
"မတ်လ (၁၆) ရက်နေ့ ရှမ်း-ကယားနယ်စပ်၊ လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာများနှင့် ပီကင်းကောခူကျေးရွာများတွင် မိုးဗြဲဘက်မှ စစ်ကြောင်း ထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များမှ တိုက်ခိုက် ခဲ့ပါတယ်။ မတ်လ (၁၆) ရက်နေ့တွင် နံနက် (၀၃း၀၀) နာရီမှ ညနေ (၁၈း၀၀) နာရီ အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၅) ဦးသေဆုံးခဲ့ပါတယ်"လို့ KNDF ကဆိုပါတယ်။
မတ်လ ( ၉ ရက် မှ ၁၆ ) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဘက် မှ (၂၅) ဦး သေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
"မိမိတို့ ကရင်နီတပ်မတော် (KA)၊ KNDF ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည်လည်း လေကြောင်းတိုက်ခိုက်မှုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း အာဇာနည် (၆) ဦး ကျဆုံးခဲ့ရပါတယ်။ KNDF မှ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို အစဥ်အမြဲ အလေးပြုပါတယ်"လို့ KNDFကဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်များဟာ တိုက်ပွဲဖြစ်ပွားနေသာ လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့နှင့် ဦးခူးရီကျေးရွာတို့အတွင်းရှိ စာသင်ကျောင်းနှင့် ဘုရားကျောင်းများတွင် တပ်စွဲထားပြီး၊ လက်နက်ကြီးများထိုင်ကာ အနီးအနားရှိကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်လျက်ရှိပါတယ်။
========================
📌📌ကလောမြို့နယ် အင်းပြင်ရွာရှိ တပ်မ ၁၁၂ လုံခြုံရေးဂိတ်တဲ ဗုံးပစ်ခံရ၍ စကတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာ
ရှမ်းပြည်နယ် ကလောမြို့နယ် အင်းပြင်ရွာရှိ တပ်မ ၁၁၂ လုံခြုံရေးဂိတ်တဲ ဗုံးပစ်ခံရ၍ စကတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာတယ်လို့သတင်းရရှိပါတယ်။
မတ်လ ၁၆ ရက် မှာ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စု ရဲဘော်များက အနီးကပ် သွားရောက်ကာ ဗုံးပစ် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီဘက်က သတင်းကိုဖုံးဖိထားသော်လည်း ဂိတ်တဲက စစ်သားတစ်ဦးပြင်းထန်စွာ ဒဏ်ရာရတယ်လို့ တပ်တွင်း ဖရဲသီးကသတင်းပေးပို့မှုအရသိရပါတယ်။
ဒေသအလိုက် စစ်ဆင်ရေးများ၊ ပစ်မှတ်ထားတိုက်ခိုက် မှုများအရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ပေးကြရန်အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက အသိပေးကြေညာထားပါတယ်။
========================
📌📌မြန်မာပြည်သူ ရှစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UN OCHA ထုတ်ပြန်
မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၇၀ ၀၀၀ ဦးရှိပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၄၉၅ ၃၀၀ ဦးရှိတယ်လို့ UN OCHA ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (မြန်မာ) က ထုတ်ပြန်ခဲ့တာဖြစ်ပြီး စုစုပေါင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၈၆၀,၀၀၀) ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲရှောင်နေရသူတွေရဲ့ အချက်အလက်များအရ ကယားပြည်နယ်မှာ ၉၃,၈၀၀ ဦး၊ ကရင်ပြည်နယ်မှာ ၆၉,၁၀၀ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၅၄,၀၀၀ ဦး၊ မွန်ပြည်နယ်မှာ ၇,၅၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၃,၇၀၀ ဦးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ၈၀၀ ဦး ရှိတယ်လို့ သိရပါတယ်။
ယခု မတ်လအတွင်းမှာဆိုရင် တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပထမနဲ့ ဒုတိယရက်သတ္တပတ်အတွင်း ဖာပွန်မြို့နယ်က လူဦးရေ ၇၀၀ ခန့်ဟာ ကမာမောင်းမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာလည်း လူဦးရေ ၁၅၀ ခန့်ဟာ ပလောမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေရကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၆ ရက်နေ့အတွင်းမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ယာယီနေထိုင်ခဲ့ကြတဲ့ လူဦးရေ ၃,၀၅၀ ခန့်ဟာ လွိုင်ကော်မြို့နယ်ထဲက ၎င်းတို့မူလနေထိုင်ရာ နေရာများသို့ ပြန်လာခဲ့ကြတယ်လို့ UN OCHA က ဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment