၂၀၂၂ မတ်လ ၂၅ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြန်မာနိုင်ငံတွင်လည်း ယူကရိန်းပြည်သူများနည်းတူအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌ကျောက်ဆည် စက်မှု (၁) နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁၂ ဦးသေဆုံး
📌မီးရထား CDM ဝန်ထမ်းများ နေထိုင်ရပ်တည်မှု ခက်ခဲလာ
📌တောင်သာမြို့ ရဲစခန်းကို ၄၀ မမ နဲ့ပစ်ခတ်ခံရ
📌မြဝတီမြို့နယ် BGF ကစောမုတ်သုန် အိမ်အနီး ယမန်နေ့ ညက မိုင်းပေါက်ကွဲ
📌မြန်မာပြည်သူများအပေါ် ကျူးလွန်မှုများအတွက် မင်းအောင်လှိုင်အပါအဝင် ၆၁ ဦးကို နိုင်ငံတကာခုံရုံးတင်သင့်ကြောင်း Fortify Rights ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာနိုင်ငံတွင်လည်း ယူကရိန်းပြည်သူများနည်းတူအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မြန်မာနိုင်ငံတွင်လည်း ယူကရိန်းပြည်သူများ ရင်ဆိုင်နေရတဲ့ အခက်အခဲများနှင့် အလား သဏ္ဍာန်တူသည့် လူသားများမှ ဖန်တီးသော ကြေကွဲဖွယ်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကုလတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုဆိုင်ရာ (၁၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ်အထူးအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့တာဖြစ်ပါတယ်။
" မြန်မာနိုင်ငံတွင်လည်း ယူကရိန်းပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် အလား သဏ္ဍာန်တူသည့် လူသားများမှ ဖန်တီးသော ကြေကွဲဖွယ်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ စစ်တပ်မှ ၎င်း၏ပြည်သူများကို ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ ကျူးလွန်နေခြင်း၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့်ပြစ်မှုများ ကျူးလွန်နေခြင်းနှင့် ခွဲခြားမှုမရှိ အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်မှုများများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရ လျက်ရှိကြောင်း"ပြောကြားခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ” ခေါင်းစဉ်ဖြင့် ယူကရိန်းနိုင်ငံမှ မိတ်ဆက် တင်သွင်းသည့် အဆိုပြုမူကြမ်း A/ES-11/L.2 အား မြန်မာနိုင်ငံအနေဖြင့် ပူးတွဲအဆိုရှင်အဖြစ် ပါဝင်ကာထောက်ခံမဲပေးခဲ့ပါတယ်။
ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ၊ စစ်တပ်မှ နိုင်ငံတစ်ဝှမ်းတွင် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုများ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုနေအပ်နေသူ ၆.၂ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။
========================
📌📌ကျောက်ဆည် စက်မှု (၁) နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁၂ ဦးသေဆုံး
ယနေ့မနက်ပိုင်းမှာ ကျောက်ဆည် စက်မှု (၁) နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁၂ ဦး သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၅ ရက် မနက် ၃ နာရီ ၃၀ အချိန် ကျောက်ဆည်ခရိုင် ကျောက်ဆည် စက်မှု ၁ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပျောက်ကြားတပ်ဖွဲ့ မှပြောပါတယ်။
မတ်လ ၂၅ ရက်နေ့ မနက် ၃:၃၀ အချိန်တွင် မန်းလေးတိုင်းကျောက်ဆည်ခရိုင် ကျောက်ဆည်စက်မှု (၁) နယ်မြေရဲစခန်းအား ကျောက်ဆည်နဂါးနီပျောက်ကြားတပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ရာ စခန်းရှိ ရဲ ၁၂ ကောင်အား သုတ်သင်ခဲ့ပြီး တပ်ဖွဲ့မှာ အထိခိုက်မရှိ ပြန်လည်ဆုက်ခွာခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါရဲစခန်းမှ တပ်ဖွဲ့ဝင်များဟာ စိတ်ကျန်းမာ ရေးချို့တဲ့နေတဲ့ကလေးငယ် တစ်ဦးအားသတ်ဖြတ်ခဲ့တယ်လို့ ကျောက်ဆည်နဂါးနီပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
========================
📌📌မီးရထား CDM ဝန်ထမ်းများ နေထိုင်ရပ်တည်မှု ခက်ခဲလာတယ်လို့ဆို
မီးရထား CDM ဝန်ထမ်းများ နေထိုင်ရပ်တည်မှုခက်ခဲလာတယ်လို့ ဝန်ထမ်းများဆီကစုံစမ်းသိရပါတယ်။ မတ်လ ၂၅ ရက် မှာ မီးရထားဝန်ထမ်းများ နေထိုင်ရပ်တည်မှု ခက်ခဲလာကြောင်း CDM ဝန်ထမ်းများက ဆက်သွယ်ပြောကြားပါတယ်။
"ကျနော်လုပ်တတ်တဲ့ လက်မှုပညာနဲ့ အိမ်သုံး အသုံးအဆောင်လေးတွေ ပထမ လုပ်ရောင်းပါသေးတယ်။ အခုနောက်ပိုင်းဘာမှ သိပ်မရောင်းရတော့ဘူး။ CDM ဝန်ထမ်းမို့လို့ ကူညီထောက်ပံ့ပေးပါဆိုတော့ အပြင်မှာလုပ်လုပ်ဖို့ပြောကြတယ်။ အခုက CDM တွေကို ပြန်ဖမ်းနေတဲ့အချိန်လည်းဖြစ်နေတယ်။ အပြင်မှာလည်း ကျနော်တို့လုပ်တတ်တာက သိပ်မရှိဘူး"လို့ CDM မီးရထားဝန်ထမ်းကဆိုပါတယ်။
မန္တလေးမှာ မီးရထားဝန်ထမ်းအများစုဟာ CDM ဝင်ထားပြီးတော့ အများစုဟာ ထွက်ပြေးတိမ်းရှောင်နေရကာ စျေးရောင်းရပ်တည်နေရတယ်လို့သိရပါတယ်။
"ကျနော်တို့မှာ ဝန်ထမ်းကတ်တွေလည်းရှိကြတယ်။ ဖြစ်နိုင်ရင် ဒီလို မီးရထားဝန်ထမ်း CDM ဝင်ထားသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်ခုခုစီစဥ်ပေးစေချင်ပါတယ်။ တပြင့်ဌာနက CDM ဝင်တဲ့သူတွေဆိုရင် တိမ်းရှောင်ဖို့ကအစအကူအညီရကြတယ်"လို့ ကိုမျိုး အမည်လွှဲ CDM မီးရထားဝန်ထမ်းကဆိုပါတယ်။ အလားတူ CDM ဝန်ထမ်းအများစုရဲ့လက်ရှိအခြေအနေ ဘဝရပ်တည်တူမှုမှာ အလွန်ပင်ကြပ်တည်းနေတဲ့အနေအထားနှင့် ရင်ဆိုင်ရပ်တည်နေကြောင်းကို CDM များ၏ ရင်ဖွင့်ပြောဆိုသံများမှတဆင့်သိရှိပါတယ်။
========================
📌📌တောင်သာမြို့ ရဲစခန်းကို ၄၀ မမ နဲ့ပစ်ခတ်ခံရ
မတ်လ၂၄ ရက်က တောင်သာမြို့ ရဲစခန်းကို ၄၀ မမ နဲ့ပစ်ခတ်ခံရတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီနေ့ ည ၇ နာရီ ၄၅ အချိန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ တောင်သာ PDF ကဆိုပါတယ်။
"တောင်သာမြို့ ရဲစခန်းအား မတ်လ၂၄ ရက် ည 7:45 pm အချိန်ခန့်တွင် PDF တောင်သာ အဖွဲ့မှ 40mm ဖြင့် ပစ်ခတ်မှုရှိခဲ့ပြီးနောက်ပိုင်းတွင် မြို့တွင်းတပ်စွဲထားသော စကစများ ခြောက်လှန့်မှု အနေဖြင့် ပစ်ခတ်ခဲ့တယ်"လို့သတင်းရရှိပါတယ်။ ပစ်ခတ်မှုများကြောင့် ထိခိုက်မှုများလည်းရှိပြီးတော့ အသေးစိတ်အခြေအနေကိုမသိရသေးဘူးဖြစ်ပါတယ်။
========================
📌📌မြဝတီမြို့နယ် BGF ကစောမုတ်သုန် အိမ်အနီး ယမန်နေ့ ညက မိုင်းပေါက်ကွဲ
ကရင်ပြည်နယ် မြဝတီမြို့နယ် BGF က စောမုတ်သုန် အိမ်အနီး ယမန်နေ့ ညက မိုင်းပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ မတ်လ ၂၄ ရက် ညပိုင်းတွင် ပေါက်ကွဲခြင်းဖြစ်ကာ ၄င်းဖြစ်စဥ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။
"ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ"လို့ မြဝတီဒေသခံတစ်ဦးကလည်းဆိုပါတယ်။ မတ်လ ၂၄ ရက်နေ့ ည ၉ နာရီ အချိန် မိုင်းပေါက်ကွဲခဲ့သော်လည်း အိမ်အနီးစတိုးဆိုင်ကပေါက်ကဲဲခင်းဖြစ်ကာ လူထိခိုက်မှုမရှိဘူးလို့သတင်းရရှိပါတယ်။ ကရင်ပြည်နယ်တွင် စစ်တပ်ထောက်ခံသည့် BGF များ အမြန်ဆုံးနုတ်ထွက်ရန်လည်း သတိပေးစာတစ်ရပ် ထုတ်ပြန်ဖူးပါတယ်။
========================
📌📌မြန်မာပြည်သူများအပေါ် ကျူးလွန်မှုများအတွက် မင်းအောင်လှိုင်အပါအဝင် ၆၁ ဦးကို နိုင်ငံတကာခုံရုံးတင်သင့်ကြောင်း Fortify Rights ထုတ်ပြန်
မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူသားမျိုးနွယ်စုကိုဆန့်ကျင်သည့်ရာဇဝတ်မှုများ (crimes against humanity) အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ၆၁ ဦးကို စုံစမ်းစစ်ဆေးကာ တရားဆွဲဆိုသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများ အပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူ ၆၁ ဦး၏ အမည်စာရင်းကို Fortify Rights က ၎င်းတို့ထုတ်ပြန်လိုက်သော ‘Nowhere is Safe’ အစီရင်ခံစာတွင် ထည့် သွင်းဖော်ပြခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားပြည်သူ လူထုအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ပြီး ဖြစ်ပွားနေဆဲလက်နက်ကိုင်ပဋိပက္ခ ချက်ချင်းအဆုံးသတ်ရေး နိုင်ငံတဝန်းအပစ်အခတ်ရပ်စဲရေးကို ကြေညာရန် Fortify Rights က တိုက်တွန်းသည်။
ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခဲ့သူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ မြန်မာ ပြည်သူများရွေးချယ်တင်မြှောက်ထားသူများထံ အာဏာပြန်အပ်ရန်နှင့် အင်တာနက်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ သုံးစွဲခွင့်ပိတ်ပင်တားမြစ်မှုများကို ရုတ်သိမ်းရန် စသည့်အချက်များကိုလည်း စစ်ကောင်စီအား Fortify Rights က တိုက်တွန်းသည်။
ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီကို မည်သည့်နည်းနှင့်မဆို တရား ဝင်အသိအမှတ် မပြုရန်၊ အတိတ်နှင့် လက်ရှိကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရရှိရန်၊ ရေနံနှင့်ဓာတ်ငွေ့အပါအဝင် ပစ်မှတ်ထားပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု ပိတ်ဆို့မှုများ လုပ်ဆောင်ရန်လည်း Fortify Rights က အကြံပြုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၌ NUG ၏ တည်ရှိပြီးသော အသိအမှတ်ပြုမှုများကို ဆက်လက် ကူညီထောက်ပံ့ရန် အကြံပြုထားသည်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment