၂၀၂၂ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် သခင်ပညာရေးကို သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
📌၂၀၂၁ခု နှစ် တစ်နှစ်လုံးစာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအားလုံး သိန်းတစ်ရာစီ ဘတ်ဂျက်ရရှိခဲ့ပြီးတော့ အသုံးအစွဲ စီစစ်သုံးစွဲခဲ့တယ်လို့ဆို
📌မြန်မာ့ နွေဦးတော်လှန်ရေးဓာတ်ပုံ ၂ ပုံက World Press Photo ဆု ဆွတ်ခူး
📌BLACK ARMY တပ်ရင်းက ၄၀-မမ နဲ့ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ နိုင်ငံတကာဆက်တံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီရိုကွန့်ဖရင့်မှ တဆင့် ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေး၌ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားပါတယ်။
CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနဘက်မှရှင်းလင်းတင်ပြ အကြံပြုခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်း၍ ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးနေမျိုး၊ ဦးရောဘတ်ညေးရယ်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့များ၊ ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်း၊ ပြည်သူ့ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်အိအိပြုံး၊ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးထက်၊ ဖက်ဒရယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးနိုင်နိုင်ဝင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် သခင်ပညာရေးကို သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်အတွက် သခင်ပညာရေးကို သွားနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြားလိုက်ပါတယ်။
မတ်လနောက်ဆုံးပတ်အတွင်း ရုပ်သံအင်တာဗျူးတစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရသွားနေတဲ့ ပညာရေးအစီအစဉ်ကို ရှင်းလင်းပြောကြားရာမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေယက်တာဇော်ဝေစိုးကဆိုပါတယ်။
"ရွာတစ်ရွာမှာ တယ်လီဖုန်းတစ်လုံးရှိတယ်ဆိုရင် အွန်လိုင်းမှာ တစ်တန်းကနေ ဆယ်တန်းအထိ ကို တင်ထားတဲ့ဟာတွေ ကူးယူသိမ်းဆည်းပြီး သင်လို့ရတယ်။နောက်တစ်ခါ ဒီဂျစ်တယ်ဖောင် ပြောင်းလို့ရတယ်။ဒါတွေကို မန်မိုရီစတစ်နဲ့ကူးယူပြီး ဆရာတို့ဖြန့်နေတာလည်းရှိတယ်။စစ်ကိုင်းလိုနေရာ၊ချင်းလိုနေရာအဲဒီနေရာတွေကို ဒီဂျစ်တယ်ဖောင် စပြီးဖြန့်ပေးနေတယ်။အခုဆို ကရင်နီကိုဖြန့်ဖို့လုပ်နေတယ်။အဲဒီလိုဖြန့်ပြီးသွားရင် ကလေးတွေကို သင်မယ်။ဒါ့အပြင် လွတ်မြောက်ဒေသတွေရှိမယ်။ဆရာတို့ ထိန်းချုပ်ထားနိုင်တဲ့နေရာတွေရှိမယ်။တိုင်းရင်းသားဒေသတွေရှိမယ်။အဲဒီနေရာတွေမှာ ကလေးတွေကို မျက်နှာချင်းဆိုင်သင်ကြားနေတယ်။စစ်ရှောင်ဒေသတွေမှာ CDMဆရာမတွေက ကလေးတွေကိုသင်ကြားနေတာရှိတယ်။အခုဆရာတို့ပညာရေးက သူတို့ဟိုတုန်းကလို ကျွန်ပညာရေးမဟုတ်ဘူး။စကားလုံးကအစ သမိုင်းတွေကအစမတူဘူး။အားလုံးပြောင်းလဲထားတယ်။ဟိုလူခိုင်းတာလုပ် ဒီလူခိုင်းတာလုပ်တဲ့ ကျွန်ပညာရေးမဟုတ်ဘူး။ကိုယ့်ဘာသာကိုယ်ရှာတယ်။ကိုယ့်ဘာကိုယ်တတ်တယ်ဆိုတဲ့သခင်ပညာရေးကိုသွားနေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးညီညွတ်ရေးအစိုးရမှ ကြားကာလပညာသင်ကြားရေး အစီအစဉ်ဟာ မိသားစုအခြေပြု သင်ကြားရေးကိုအခြေ ခံ၍ အွန်လိုင်းတွင် တင်ပြထားသော သင်ကြားရေးအစီအစဉ်များကို ကလေးငယ်များက ရုပ်ပုံထောက်ကာ သင်ကြားနိုင်ကြောင်းသိရပါတယ်။
========================
📌📌၂၀၂၁ခု နှစ် တစ်နှစ်လုံးစာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအားလုံး သိန်းတစ်ရာစီ ဘတ်ဂျက်ရရှိခဲ့ပြီးတော့ အသုံးအစွဲ စီစစ်သုံးစွဲခဲ့တယ်လို့ဆို
၂၀၂၁ခု နှစ် တစ်နှစ်လုံးစာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအားလုံးသိန်းတစ်ရာစီဘတ်ဂျက်ရရှိခဲ့ပြီးတော့ အသုံးအစွဲ စီစစ်သုံးစွဲခဲ့တယ်လို့ဝန်ကြီးဒေါက်တာ တူးခေါင်ကဆိုပါတယ်။
"ဝန်ကြီးဌာန အားလုံး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တနှစ် လုံးမှာမှ ကျပ် သိန်းတစ်ရာစီ ဘက်ဂျက်ရကြပါတယ်။ ဒေါ်လာငွေနဲ့ ဆို ၆ ထောင်ကျော်ပေါ့။ ကျနော်တို့ ဝန်ကြီးဌာန ဒုဝန်ကြီးရုံးနဲ့ ခွဲဝေကြတော့ ရုံးချုပ်မှာ တရုတ်ယွမ် ၂ သောင်းပဲ ရပါတယ်။ နိုင်ငံတကာရောက် အလှူရှင်တချို့ရဲ့ ကောင်းမှုကုသိုလ်ကြောင့် ရုံးလည်ပတ်နိုင်ခဲ့တယ်။ တကယ်တော့ MONREC တခုလုံးကို မောင်းနင်နေတဲ့ အဖွဲ့သားအားလုံး ရာနဲ့ချီ ရှိတာပါ။ အားလုံးက လုပ်အားပေး တွေပါပဲ။ NUG ရဲ့ ဘက်ဂျက်ဖြုန်းခဲ့ကြသူတွေ မဟုတ်ဘူး။ ဝန်ကြီးဌာနရဲ့ CDM အရေး၊ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှု၊ စကစဖက် စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်မှု စသည်ဖြင့် ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်ခဲ့ကြတာပါ။ ဒါကြောင့် စီမံဘဏ္ဍာက ဘက်ဂျက် ဆွဲပေးပါ ဆိုလို့ ဆွဲပေးတယ်။ ဒါပေမယ့် မရမက တောင်းတာမရှိဘူး။ ကာကွယ်ရေးဖက်ပဲ အားထည့်ခဲ့ကြတာပါ"လို့ ဝန်ကြီးဒေါက်တူးခေါင်ကဆိုပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ စစ်ကောင်စီထံ စီးဝင်မဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအများစုဟာ CDM ဝန်ထမ်းများလည်းပါဝင်ပြီးတော့ နိုင်ရာတာဝန်ကို ထမ်းဆောင်နေကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌မြန်မာ့ နွေဦးတော်လှန်ရေးဓာတ်ပုံ ၂ ပုံက World Press Photo ဆု ဆွတ်ခူး
မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ ဓာတ်ပုံ ၂ ပုံ ၂၀၂၂ World Press Photo ပြိုင်ပွဲမှာ ဆုရရှိကြတယ်လို့ မတ် ၂၅ ရက်တွင် ထုတ်ပြန်ထားပါတယ်။
ဆုရရှိတဲ့ဓာတ်ပုံတစ်ပုံက လောက်လေးခွလို့ အမည်ပေးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အမည်မသိသူတစ်ဦးက ပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံဟာ ခေတ်မီလက်နက်ကိုင်ဆောင်စစ်ကောင်စီတပ်ကို ပြည်သူတွေက လောက်လေးခွနဲ့ပြန်ခုခံတာဟာ မြန်မာပြည်သူတွေ စစ်အာဏာရှင်ကိုဘယ်လောက်တွန်းလှန်ချင်တာလဲဆိုတာဖော်ပြတဲ့ပုံဖြစ်ပါတယ်။
ဆုရရှိတဲ့တခြားဓာတ်ပုံတစ်ပုံကတော့ မြန်မာနွေဦးတော်လှန်ရေးလို့ အမည်ပေးထားပြီး ဓာတ်ပုံဆရာ တာမွေ၊ Sacca က အဖြူအမဲပုံနဲ့ရိုက်ထားတာဖြစ်ပါတယ်။
========================
📌📌BLACK ARMY တပ်ရင်းက ၄၀-မမ နဲ့ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်
BLACK ARMY တပ်ရင်းက ၄၀-မမ နဲ့ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်တယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၅ ရက် မှာတီထွင်ထုတ်လုပ်အောင်မြင်တဲ့ လက်လုပ် ၄၀မမ နဲ့ တာဝေးပစ်များကို ထေုတ်ဖော်ပြသခဲ့ပါတယ်။
"ရွှေဘိုခရိုင် တပ်ရင်း -၂၁ (BLACK ARMY တပ်ရင်း)ရဲ့ ၄၀-မမ ထုတ်လုပ်မှုနဲ့ တာဝေးပစ် ရော့ကဒ် ဂျပန်မှအကိုကြီးရဲ့ နည်းပညာဖြင့်ထုတ်လုပ်သည်"လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်များကိုခုခံရန် ကာဘိုင်သေနတ်များ၊ ၆၀မမများ၊ စနိုက်ပါသေနတ်များ လက်လုပ်တီထွင်ရာ ကာကွယ်ရေးတပ်ဖွဲ့အများအပြား အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment