၂၀၂၂ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်
📌မြန်မာ့ လူဦးရေ သိန်း ၅၀၀ မှာ တစ်လ တစ်သိန်း ပုံမှန် အခွန်ဆောင်တဲ့ လူ တသိန်း ရှိနေရင်ကို တော်လှန်ရေး အောင်မြင်ဖို့ သေချာသလောက်ရှိပြီလို့ဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌မတ်လအတွက် အောင်လံလွှင့်ချီနွေဦးထီ Commercial Launch အရောင်းပိတ်ဖို့ ၁ ရက်သာ ကျန်
📌ကယားပြည်နယ်ဘက်က စစ်ရှောင်ပြည်သူများရဲ့ ကျန်းမာရေးအခြေအနေ
📌ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ်မှ အထွေထွေမန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းကိုအောင် CDM ဝန်ထမ်းများကို ဝန်ထမ်းနှစ်လခချေးငွေနှင့် ပတ်သတ်၍ အတင်းတရားစွဲခိုင်းနေ
📌နယ်ခြားစောင့်ရဲတပ်သား တစ်ဦး CDM အဖြစ်ခိုလှုံလာ၍ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပထမဆုံး အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်တဲ့ သတင်းကို ပြောကြားပေးပါမယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြင်သစ်နိုင်ငံနှစ်နိုင်ငံ ကြား ဆက်ဆံရေးကောင်းမွန်နိုင်စေရေး၊ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်စေရေး တို့ကို ရည်ရွယ်၍ နန်းဆုမွန်အောင်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ယနေ့မှစ၍ အစားထိုးခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က မတ်လ ၂၄ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌မြန်မာ့ လူဦးရေ သိန်း ၅၀၀ မှာ တစ်လ တစ်သိန်း ပုံမှန် အခွန်ဆောင်တဲ့ လူ တသိန်း ရှိနေရင်ကို တော်လှန်ရေး အောင်မြင်ဖို့ သေချာသလောက်ရှိပြီလို့ဝန်ကြီး ဒေါက်တာတူးခေါင်ဆို
မြန်မာ့ လူဦးရေ သိန်း ၅၀၀ မှာ တစ်လ တစ်သိန်း ပုံမှန် အခွန်ဆောင်တဲ့ လူ တစ်သိန်း ရှိနေရင်ကို တော်လှန်ရေး အောင်မြင်ဖို့ သေချာသလောက်ရှိပြီလို့ဝန်ကြီး ဒေါက်တာတူးခေါင်ဆိုလိုက်ပါတယ်။ မတ်လ ၂၄ ရက်မှာ အမျိုးသာစညီညွတ်ရေးအစိုးရ သယံဇာနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
"ကျနော်တို့ သောက ကိုယ်စီရှိကြမယ် ဆိုတာ ယုံကြည်ပါတယ်။ ထိုနည်း၎င်းပဲ စကစ ဖက်တော်သားတွေရဲ့ သောက ပိုဆိုးပါတယ်။ ဒီချိန်မှာ လက်နက်အင်အား ကျနော်တို့ ယှဉ်လို့ မရသေးသော်လည်း စိတ်ဓါတ်အင်အား တိုက်ပွဲမှာ ကျဆုံးလို့ မဖြစ်ပါ။ အခု နောက်ပိုင်း စစ်သတင်းတွေ သိပ်မတက်လာတာ မတင်လို့ မတက်တာပါ။ မြေပြင်မှာ နေ့နေ့ညည တိုက် နေကြတယ် ဆိုတာ ယုံပါ။ အားလုံး ဆုတောင်း မေတ္တာပို့ရင်း တဖက်မှာ ဖြစ်တဲ့နည်းနဲ့ ပြည်သူ့အစိုးရရဲ့ ထောက်ပို့ စနစ်ထဲ ဝင်အောင် ကြိုးစားပေးကြပါ။ မြန်မာ့ လူဦးရေ သိန်း ၅၀၀ မှာ တစ်လ တစ်သိန်း ပုံမှန် အခွန်ဆောင်တဲ့ လူ တစ်သိန်း ရှိနေရင်ကို တော်လှန်ရေး အောင်မြင်ဖို့ သေခြာသလောက်ရှိပြီ"လို့ ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း လက်ရှိမှာ အခွန်အခများ ကောက်ခံလျက်ရှိသလို အခွန်ထမ်းပြည်သူများကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်။ "ဒေါ်လာသန်း ၂၀ လောက် ဆိုတာ မြန်မာပြည်ထဲက သာမန်လုပ်ငန်းရှင် တယောက်ရဲ့ ဘက်ဂျက်လောက်တောင် မဟုတ်ပါဘူး။ NUG သို့ တိုက်ရိုက်လှူတမ်းနေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေ မရှိတာ မဟုတ်ဘူး၊ ရှိနေလို့ပဲ ဒီလောက် အခြေအနေ ရောက်လာရတာပါ။ ဒီ့ထက် ဘဏ္ဍရေးစုစည်းမှု၊ စီမံခန့်ခွဲရေးစုစည်းမှု အားတွေ ကောင်းရင် ဒီ့ထက် ပိုပြီး အရှိန်အဟုန်နဲ့ သွားမှာပါ"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
========================
📌📌မတ်လအတွက် အောင်လံလွှင့်ချီနွေဦးထီ Commercial Launch အရောင်းပိတ်ဖို့ ၁ ရက်သာ ကျန်တယ် ဆိုတဲ့သတင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်
လစဉ်ရောင်းချပေးနေတဲ့ အောင်လံလွှင့်ချီနွေဦးထီ Commercial Launch အရောင်းပိတ်ဖို့ ၁ ရက်တည်းသာ ကျန်ပါတော့တယ်။ ထီရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းအား တာဝန်သိ CDM ဝန်ထမ်းများကို ချီးမြှင့်သွားမှာ ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှ ကျပ်သိန်း(၁၀၀) အထူးဆု တစ်ဆုနှင့်အတူ အခြားဆုမဲများဖွင့်လှစ်ပေးသွားမှာပဲ ဖြစ်ကြောင်းသိရှိရပါတယ်။ မနက် ၁၀ နာရီမှ ည ၁၀ နာရီအထိနေ့စဉ်ရောင်းချပေးလျှက်ရှိပြီး လစဉ် ၂၅ ရက်နေ့ည မှ လကုန်ရက်အထိ ရောင်းချခြင်းကို ခေတ္တခဏ ရပ်နားထားမှာဖြစ်ကာ ကံထူးရှင်များကို လစဉ် လကုန်ရက် တွင်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ဒီမတ်လ အတွက် မတ် ၃၁ ရက်နေ့မှာ ထီဖွင့်ပေးမှာ ဖြစ်ပါတယ်။ နွေဦးထီကို အားပေးကြတဲ့ မိဘပြည်သူများ၏ လုံခြုံရေးကို အထူးအလေးထားပြီး၊ လုံခြုံရေးအဆင်ပြေစေနိုင်ရန်အတွက် နွေဦးထီမိသားစုမှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိပါတယ်။ တော်လှန်ရေးထီဖြစ်သည့်အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာတွင် ဘယ်သောအခါမျှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီကိုအားပေးရင်း တော်လှန်ရေးမှာပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့အလေးအနက်တိုက်တွန်းကြောင်း အောင်လံလွှင့်ချီနွေဦးထီ ရဲ့ စာမျက်နှာမှာ ရေးသားထားပါတယ်။
========================
📌📌ဆက်လက်ပြီး ကယားပြည်နယ်ဘက်က စစ်ရှောင်ပြည်သူများရဲ့ ကျန်းမာရေးအခြေအနေတွေကို တင်ပြပေးပါမယ်
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ အနီးနားဒေသတွေက စစ်ရှောင်ပြည်သူအများအပြား နာမကျန်းဖြစ်နေကြတာကြောင့် သောက်သုံးရေနဲ့ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖျားနာသူတွေထဲမှာ လူကြီး၊ လူငယ်နဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုတဝိုက် နေရာအနှံနီးပါး တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ စခန်း နေရာအမြဲပြောင်းနေရတဲ့အပြင် ရာသီအကူးအပြောင်းကြောင့် အမိုးအကာတွေလည်း အများအပြား လိုအပ်နေတယ်လို့သူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်ခဲ့ပြီး စစ်ရှောင်ပြည်သူ သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။ ထို့အပြင် Covid 19 မျိုးကွဲ အိုမီခရွန် နဲ့ ရောဂါလက္ခဏာဆင်တူတဲ့ အဖျားရောဂါတွေ ဖရူဆိုမြို့နယ် က စစ်ဘေးရှောင် တွေမှာ အဖြစ်များနေပြီး၊ ဆေးဝါး၊ ကိရိယာတွေအလုံအလောက် မရှိတာကြောင့် စစ်ဆေးမှု မလုပ်နိုင်ဘူးလို့ ဖရူဆိုဘက်မှာ ဆေးဝါးကုသမှုပေးနေတဲ့ ပရဟိတ ဆေးဆရာမတစ်ဦးက ပြောပါတယ်။
“စစ်မနေတော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ တစ်အိမ်တစ်ယောက်ဆိုရင် အကုန်လုံးဖြစ်ကြတယ်။ ဖြစ်တဲ့လက္ခာဏာက အကုန်လုံးဆင်တူတယ်။ ကျမကိုယ်တိုင်ကလည်းဖြစ်တယ်။” လို့ ပရဟိတ ဆေးဆရာမတစ်ဦးက ပြောပါတယ်။ မိသားစုအလိုက် ဖျားနာမှုတွေရှိနေပြီး လည်ချောင်းနာ၊ အဖျားတက်၊ ကိုက်ခဲ၊ ချောင်းဆိုး စတဲ့ ရောဂါလက္ခာဏာတွေကို ခံစားနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ရောဂါလက္ခာဏာအလျောက် ဆေးဝါးတွေပေးပြီး ကုသပေးနေပေမယ့် ၊ ဆေးဝါး တွေမလုံလောက်ဘူးလို့ ပရဟိတ ဆေးဆရာမက ပြောပါတယ်။
“ ကိုက်ခဲဆေးဆို ကိုက်ခဲဆေးအလျောက် ကျမတို့ ပေးတယ်။ ချောင်းဆိုးတယ်။ အကယ်၍ ချောင်းတအားဆိုးနေပြီဆိုရင် ကျမတို့ ပဋိဇီဝ ဆေးတွေ အဲ့လိုပေးတယ်ပေါ့နော။ အဲ့ဒီလိုပဲ ကျမတို့ ကုသပေးနေတယ်။ ပြီးတော့ လောလောဆယ် ဆေးရုံဆေးခန်းတွေမှာလည်း ကျမတို့မှာလည်း ကျမတို့လည်း စေတနာဝန်ထမ်းတွေပါပဲ။ ကျမတို့ လောလောဆယ်တော့ ဆေးတော့ တအား ခက်ခဲတာပေါ့။ ချွေတာပြီးတော့ ချင့်ချိန်ပြီးတော့ ပေးတယ်။ ဥပမာ မိသားစုများတဲ့ လူတွေဆိုရင် တစ်ယောက်ကို နှစ်လုံးလာ သုံးလုံးလား အဲ့လောက်ပဲ သောက်နိုင်အောင် ကျမတို့ စီစဉ်ပေးနေရတယ်။” လို့ ပရဟိတ ဆေးဆရာမ တစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်တွေ နေထိုင်တဲ့ နေရာတွေကို လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်အပြင်၊ စစ်ရေးအခြေအနေတွေကြောင့် အလှူရှင်တွေမရောက်ရှိနိုင်တာ ၅ လဝန်းကျင်ရှိနေပါပြီ။ အဲဒီဒေသမှာ စစ်ဘေးရှောင် ၄ ထောင်ကျော်ရှိနေပြီး ကရင်နီတစ်ပြည်လုံးမှာ စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက် ( KCSN )က ထုတ်ပြန်ထားပါတယ်။ ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ထဲမှာရှိတဲ့ တခြားမြို့နယ်က စစ်ဘေးရှောင်တွေလည်း လာရောက်ခိုလှုံတာရှိနေပါတယ်။
လက်ရှိ ဖရူဆိုအနောက်ဘက်ခြမ်းဒေသမှာ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအကူအညီလိုအပ်နေပြီး၊ ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။ ကရင်နီပြည်မှာ စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ ၁၆ ဦး ရှိနေတယ်လို့ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ထားပါတယ်။
========================
📌📌ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ်မှ အထွေထွေမန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းကိုအောင် CDM ဝန်ထမ်းများကို ဝန်ထမ်းနှစ်လခချေးငွေနှင့် ပတ်သတ်၍ အတင်းတရားစွဲခိုင်းနေ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ်မှ အထွေထွေမန်နေဂျာ ဗိုလ်ကြီးဟောင်း ဝင်းကိုအောင် CDM ဝန်ထမ်းများကို ဝန်ထမ်းနှစ်လခချေးငွေနှင့် ပတ်သတ်၍ အတင်းတရားစွဲခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၄ ရက် မှာ CDM ဝန်ထမ်းများက ဆက်သွယ်အကြောင်းကြားပြောပြခဲ့ပါတယ်။
"MD ကအရုပ်ပဲ။ ပင်စင်သွားခါနီးတော့ ဝန်ထမ်းတွေဘက်က ဘာမှမရပ်တည်ပေးဘူး။ အခုက စစ်ထွက်ဗိုလ်ကြီး ဝင်းကိုအောင် သူကအဓိကပဲ။ သူက GM ပါ။ အခုက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို အတင်းဖုန်းတွေဆက်၊ နေရာတွေရှာခိုင်းလုပ်တယ်။ ဌာနမှူးတွေနဲ့ ချိန်းခြောက်ခိုင်းတယ်။ နှစ်လခချေးငွေ ကျန်နေတာတွေမပေးရင် တရားစွဲတော့မယ်ပေါ့။ နောက်ပြီး မိသားစုပင်ပင်တွေလည်းထုတ်မပေးဘဲ သိမ်းထားကြတယ်။ ရပ်ကိုထားလိုက်တာ"လို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ် ငွေစာရင်းဌာနမှ CDMအရာထမ်းတစ်ဦးက မိုးကြိုးသတင်းဌာနကိုပြောပါတယ်။
ယင်းကဲ့သို့ CDM ဝန်ထမ်းများကို ဆက်သွယ်ရာတွင် ဝန်ထမ်းများမှာ တိမ်းရှောင်နေရပြီး ကျန်ရှိမိသားစုများကိုပါ ချိန်းခြောက်လျက်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ်မှာ CDM ဝန်ထမ်း တစ်ရာနီးပါးရှိပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ CDM ဝန်ထမ်းအများအပြားရှိတယ်လို့သိရပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးချုပ်အဓိက ဝင်ငွေဖြစ်တဲ့ဒလ ပန်းဆိုးတန်း ကူးတို့ဂိတ်တွင် လက်မှတ်မဖြတ်ဘဲ ကုန်တင်လူထွက်ပေါက် တံခါးမမှဝင်ပါက ရရှိငွေကို ဝန်ထမ်းနဲ့အရာရှိက စာရင်းမသွင်းဘဲခွဲဝေရယူလျက်ရှိပါတယ်။ အလားတူရေယာဉ်များဆီဖြည့်တင်းရသော ဆီတွဲများကလည်း အလှည့်ကျဝန်ထမ်းများ အရာရှိနဲ့ပူးပေါင်းကာ ဆီများခိုးယူရောင်းချမှုတို့ရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌နယ်ခြားစောင့်ရဲတပ်သား တစ်ဦး CDM အဖြစ်ခိုလှုံလာ၍ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့
နယ်ခြားစောင့်ရဲတပ်သား တစ်ဦး CDM အဖြစ်ခိုလှုံလာ၍ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကိုယ်ပိုင်အမှတ် လ/ ၂၅၂၆၂၃ ၊ နယ်ခြားစောင့်ရဲတပ်သား ကိုသန့်ဇင်ကို ဟာ ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် တာဝန်မှ ရပ်နားပြီး CDM ဝန်ထမ်းအဖြစ် The Youth Force ((ဆော/ကျောက်ထု) တွင် ခိုလှုံခဲ့တယ်လို့သိရပါတယ်။
၎င်းကိုပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာသောကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပြီး ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
နောက်နောင်တွင် စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နှင့်တကွ The Youth Force (ဆော/ကျောက်ထု) အဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သော ဆုကြေးငွေကိုပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမယ်လို့ The Youth Force (ဆော/ကျောက်ထု) ကဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment