၂၀၂၂ မတ်လ ၁၇ ရက်နေ့ နှင့် ၂၄ ရက် တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုရ ပြည်တွင်းသတင်းများ
📌📌ဝါဒဖြန့်တဲ့နည်းနာများ
ဝါဒဖြန့်သမားတွေက လူထုကို အနိုင်ပိုင်းဖို့အတွက် အသုံးပြုလေ့ရှိတဲ့ နည်းနာလေးတွေ ဆွေးနွေးကြည့်ပါမယ်။ လူထုဆက်ဆံရေးကို လေ့လာတဲ့သူတွေက ဝါဒဖြန့်တဲ့နည်းလမ်း အမျိုးမျိုး ပြောကြတာရှိပါတယ်။ အဲဒီထဲမှာ တစ်ချို့ကို ဆွေးနွေးဖို့ ကောက်နှုတ်ထားပါတယ်။
ပထမတစ်ခုကတော့ Loaded Words ဆိုတဲ့နည်းနာဖြစ်ပါတယ်။ အများပြည်သူနဲ့ ဆက်ဆံပြောဆိုရာမှာ စကားလုံးတွေက အတော်ထိရောက်ပြီး တကယ်လည်း အားအင်အပြည့်ရှိပါတယ်။ အဲဒါကိုသိတဲ့ ဝါဒဖြန့်သမားတွေက ဒီလိုထိရောက်လှတဲ့ စကားလုံးတွေကို အသုံးပြုပြီးတော့ လူထုကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားကြပါတယ််။ ကြောက်အောင်ပြောတာ၊ ဒေါသထွက်အောင် လှုံဆော်တာ၊ ပျော်အောင်လုပ်တာ စတဲ့ ခံစားချက်ပြင်းထန်စေတဲ့ စကားလုံးအမျိုးမျိုးကို ရွေးသုံးကြပါတယ်။
ဒုတိယတစ်ခုကတော့ Unreliable Testimonial ဆိုတဲ့ နည်းနာပါ။ ဝါဒဖြန့်တဲ့သူတွေက အများပြည်သူကို လွှမ်းမိုးနိုင်ဖို့အတွက် နာမည်ကြီးတဲ့လူတွေကို ရှေ့ထွက်စကားပြောခိုင်းကြပါတယ်။ သက်သေခံခိုင်ကြပါတယ်။ တစ်ချို့ကိစ္စတွေမှာ ဒီနာမည်ကြီးတဲ့လူတွေက သူတို့ပြောတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တကယ်ကြုံခဲ့ တကယ်လေ့လာခဲ့တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ လူတော်တော်များများကလည်း နာမည်ကြီးတဲ့သူပြောတဲ့ အကြောင်းအရာထက် ပြောတဲ့လူကို သဘောကျတာနဲ့တင် အကုန်လုံးကို ယုံတတ်ကြပါတယ်။
တတိယနည်းလမ်းကတော့ Badwagon ပါ။ လူတွေနဲ့ ပေါင်းတတ်သင်းတတ်၊ ဆက်ဆံတတ်တာ၊ အခြေအနေအချိန်အခါ အကဲခတ်တတ်တာကို လူတွေက သဘောကျကြပါတယ်။ အဲလိုလဲ ဖြစ်ချင်ကြပါတယ်။ ဝါဒဖြန့်သမားတွေကတော့ ဒီအခြေအနေကိုပဲ အသုံးချတတ်ပါတယ်။ လူတော်တော်များများက ဒီလိုစဥ်းစားကြတယ်၊ ဒီလိုလုပ်ကြတယ် အဲဒါကြောင့် ခင်ဗျားလည်း လုပ်ကိုလုပ်မှရမယ် ဆိုပြီး စည်းရုံးတတ်ကြပါတယ်။ လူအများက လက်ခံတဲ့အတွက် ခင်ဗျားလည်း လက်ခံရမည်ဆိုပြီး စည်းရုံးတာပါ။
စတုတ္ထနည်းလမ်းက Appeal to Fear တဲ့။ လူတွေရဲ့ သဘာဝ အကျင့်တစ်ခုက ကြောက်တတ်၊ စိုးရိမ်တတ်၊ ပူပန်တတ်ပါတယ်။ ဒီ လူ့သဘာဝတွေကကိုပဲ ဝါဒဖြန့်သမားတွေ သုံးတာပါပဲ။
ကျနော်တို့ပိုင်ဆိုင်တဲ့ အိမ်တွေ ယာတွေ၊ ပျော်ရွှင်မှုတွေ၊ လုံခြုံမှုတွေ၊ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေပေါ်မူတည်ပြီးတော့ ရုတ်တရက် အပြောင်းအလဲဖြစ်လာမှာကို လူတွေက စိုးရိမ်ပူပန်တတ်ကြတာဖြစ်ပါတယ်။ ဝါဒဖြန့်သမားတွေကတော့ သူတို့လိုချင်တဲ့နည်းလမ်း ဒီလိုမလုပ်ရင်တော့ ဒီဟာတွေဖြစ်သွားမယ် ဆိုပြီး ကျနော်တို့ပိုင်ဆိုင်မှုတွေနဲ့ ချိန်းခြောက်တတ်ကြပါတယ်။
ပဥ္စမမြောက်ကတော့ Name Calling ပါ။ ဝါဒဖြန့်သမားတွေက သူတို့ ရည်ရွယ်တဲ့ ပစ်မတ်ထားတဲ့ လူ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုရဲ့ အမည်နာမကို တံဆိပ်တစ်ခုခုကပ်ပြီး သူ့ကို အားပေးထောက်ခံတဲ့လူတွေ နားလည်မှုလွဲအောင်လုပ်တာပါ။ ဒီလူတွေကတော့ ဘယ်သူခိုင်းတာ၊ ဘယ်သူ့လက်အောက်၊ ဘယ်သူ့ သြဇာခံစသဖြင့် နားလည်မှုလွဲစေနိုင်တဲ့ နည်းလမ်းသုံးပြီး ဝါဒဖြန့်ကြပါတယ်။
နောက်ဆုံးတစ်ခုကတော့ Oversimplification ပါ။ နိုင်ငံတစ်ခုအတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တစ်ခုခုက သူ့နောက်မှာ အကြောင်းအရာများစွာရှိသည့်တိုင် လူထုက တကယ့်အမှန်တရားကို မသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါကတော့ ဘယ်သူနဲ့ ဘယ်သူဖြစ်ပါတယ်၊ ဘယ်သူနဲ့ ဘယ်သူ့ကြောင့်ဖြစ်တာပါဆိုပြီး အလွယ်လေးနဲ့ ပုံဖော်ပြောဆိုတာပါ။
📌📌အမျိုးမျိုးသော Propaganda များ
အရင်အပတ်က Propaganda technic တွေအကြောင်းပြောခဲ့ကြပြီးပြီဆိုတော့ ဒီအပတ်မှာတော့ Propaganda အမျိုးအစားတွေအကြောင်း နည်းနည်းပြောကြည့်ရအောင်ပါ။ Communication နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေအဆိုအရ Propaganda ဖြစ်လာတဲ့ အရင်းအမြစ် source ကို အခြေခံပြီး ပုံစံသုံးမျိုးနဲ့ ခွဲပြောကြပါတယ်။ အဖြူရောင် Propaganda ၊ မီးခိုးရောင် Propaganda နှင့် အမည်းရောင် Propaganda ဖြစ်ပါတယ်။
White Propaganda ဆိုတာက ဒီ Propaganda ဖြစ်ပေါ်လာတဲ့ ရင်းမြစ်နှင့် သဘောသဘာဝတွေကို ဖုန်းကွယ်ထားခြင်းမရှိတဲ့ အရာမျိုးတွေဖြစ်ပါတယ်။ ဒီအဖြူရောင် Propaganda ပြုလုပ်သူတွေက အစိုးရတွေ၊ အဖွဲ့အစည်းတွေ တစ်ခုခုက ပြုလုပ်တယ်ဆိုတာ သေသေချာချာ တိတိကျကျ သိရမှတ်သားလို့ ရပါတယ်။ ဒါက ပြုလုပ်သူဘက်ကို ယိမ်းလာအောင် လုပ်တဲ့ ဆက်ဆံရေးပညာ တစ်မျိုးဖြစ်ပါတယ််။ တစ်ချို့နိုင်ငံမှာ ဒီ Propaganda နဲ့ ပတ်သက်ပြီး ဌာနတစ်ခု သီးသန့်ရှိတဲ့ နိုင်ငံလည်းရှိပါတယ်။
Grey Propaganda က ကျတော့ white propaganda နဲ့ ကွဲပါတယ်။ ဒီ မီးခိုးရောင် propaganda ထဲမှာပါတဲ့ အကြောင်းအရာတွေကို ဘယ်သူလုပ်တာလဲ ဘယ်ကနေ ထွက်ပေါ်လာတာလည်း ဆိုတာမျိုး သေသေချာချာ မသိရပါဘူး။ ဒီ propaganda ကို ဖတ်မိတဲ့ သူတွေက ဒါဘယ်သူလုပ်တာလည်း ဘယ်ကထွက်လာတာလည်း ဆိုတာတွေကို သေချာ မသိရတာမျိုးဖြစ်ပါတယ်။
Black Propaganda ဆိုတာက ကျနော်တို့ မုသာဝါဒတစ်ခုကို ယုံကြည်လာအောင် အလုပ်နိုင်ဆုံး Propaganda ဖြစ်ပါတယ်။ ဒါကလည်း ဘယ်ကဖြစ်လာသလဲဆိုတဲ့ ရင်းမြစ်ကို မသိရတဲ့ propaganda မျိုးဖြစ်ပါတယ်။ ဒီ Black Propaganda ကိုပြုလုပ်သူတွေက အခြေအမြစ်မရှိတဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံနဲ့ အခြား လေလွင့်သတင်းတစ်ခုခုကို သူတို့ဟာသူတို့ ဖန်တီးပြီး သူတို့ကို မကြိုက်တဲ့ ရန်သူတွေ သို့မဟုတ် အတိုက်အခံတွေက သူတို့နာမည်ပျက်အောင်၊ သိက္ခာကျအောင် ပြုလုပ်နေပါတယ်ဆိုပြီး ပြောင်းပြန်ပြောတဲ့ Propaganda တစ်မျိုးလည်းဖြစ်ပါတယ်။ ဒီ Black Propaganda ရဲ့ ကြောက်စရာအကောင်ဆုံးအချက်က ဒီဝါဒဖြန့်ချီသူတွေ ဖန်တီးတဲ့ အရာတွေကို မြင်တဲ့သူ၊ ကြားတဲ့သူတွေက ဒါသည် သူတို့ကို ဝါဒမှိုင်းတိုက်ဖို့အတွက် ပြုလုပ်ထားခြင်းဖြစ်တယ်ဆိုတာကို မသိကြ နားမလည်နိုင်ကြရတာပါပဲ။ ကျနော်တို့ မသိလိုက်၊ သတိမထား လိုက်နိုင်ခင်မှာပဲ ကျနော်တို့ကို အမြင်မှား၊ ယုံကြည်မှုအမှားတွေဆီကို အရောက်ပို့ပေးနေတာဖြစ်ပါတယ်။ ဒီ propaganda အမျိုးအစားကို ပညာရှင်တစ်ချို့ “အလုံးစုံသော အလိမ်အညာ ပေါင်းချုပ်” ဆိုပြီး သမုတ်ကြပြီး ဖန်တီးထားတဲ့ အလိမ်အညာ အကြောင်းအရာတွေနဲ့ လူထုကို မှိုင်းတိုက် အနိုင်ယူခြင်းလို့ ပြောကြပါတယ်။ ဒီမှာ သတိထားစရာ တစ်ခုက ဒီ အမည်းရောင် propaganda ကိုဖန်တီးသူတွေက ယုံကြည်စရာကောင်းတဲ့ ပုံစံဖြစ်အောင် သတင်း/အကြောင်းအရာ ရင်းမြစ် တစ်ခုခုကိုလည်း ဖန်တီးကြတာဖြစ်ပါတယ်။ ဒီအမည်းရောင်း Propaganda က ခိုးကြောင် ခိုးဝှက်လုပ်ကြတာဖြစ်ပေမယ့် လူမှုကွန်ယက်မှာတော့ အတော့်ကို ပြန့်နှံ့လွယ်တာမျိုးပါ။ နိုင်ငံရေးမှာဆိုရင် ရည်မှန်းချက် ပန်းတိုင်အမျိုးမျိုး ရောက်နိုင်ဖို့အတွက် ဒီလိုမျိုး နည်းလမ်းမှန် မဟုတ်တဲ့ နည်းလမ်းတွေကို သုံးပြီးတော့ လူထုကို စည်းလုံးဖို့ လုပ်တတ်ကြပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာလည်းပဲ လူထုကို မမှန်ကန်တဲ့ သတင်းအကြောင်းအရာတွေပေးချင်တဲ့လူတွေ လူမှုကွန်ယက်ပေါ်မှာ နာမည် အမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ အဲဒါကြောင့် ကျနော်တို့ လူထုဘက်ကလည်း တစ်ခုခု ကြားရ မြင်ရတဲ့အခါ ဒါဘယ်သူပြောတာလည်း ဘယ်ကထွက်လာတဲ့စကားလည်း အကြောင်းအရာလည်း ဆန်းစစ်တတ်ဖို့ လိုလာပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment