၂၀၂၂ မတ်လ ၂၄ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကောင်မတီ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတို့ မြန်မာ့အရေး ဆွေးနွေးတိုင်ပင်
📌အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဌာနက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်သင့်င့်ပြီဟုဆို
📌ဝပါရွာရှိ လူနေအိမ် ၆၇ လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ပြည်သူများကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကသွားရောက်ကူညီ
📌နိုင်ငံအဝှမ်းရှိ အကျဥ်းထောင်အသီးသီးတွင် စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ တစ်သောင်းနီးပါးရှိပြီ
📌မင်းဘူးခရိုင်၊ ပဒါန်းမြို့ ပဒါန်းရဲစခန်းအနီး ကင်းလှည့်လာတဲ့ ရဲများကို အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့က တိုက်ခိုက်
📌အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့သားကောင်းများ တွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပ
📌တော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူများ အာရုံကိုလှည့်စားရန် အဖမ်းအဆီးများပြနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကောင်မတီ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတို့ မြန်မာ့အရေး ဆွေးနွေးတိုင်ပင်
ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများနှင့် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကောင်မတီ၏ နိုင်ငံခြားရေးရာ ဆပ်ကော်မတီတို့ မြန်မာ့အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရဖက်မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ပါမောက္ခဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့်အတူ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့ကြပါတယ်။
သြစတြေးလျလွှတ်တော်ဖက် မှ နိုင်ငံခြားရေးရာဆပ်ကော်မတီ ဥက္ကဌ Mr Dave Sharma MP ၊ ဒုတိယ ဥက္ကဌ Mr Julian Hill MP တို့နှင့်အတူ Senator Tony Sheldon ၊ Mr Peter Khalil MP နှင့် အခြား ကော်မတီဝင် လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတက်ရောက်သူများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အထူးအကျိုးရှိသည့် အစည်းအဝေးတခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဌာနက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်သင့်ပြီဟုဆို
အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဌာနက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် အချိန်ကျရောက်ပြီလို့ သံဃာ့သမဂ္ဂဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။ မတ်လ ၂၄ ရက် မှာ မိုးကြိုးသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ သံဃသမဂ္ဂမန်းကဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။
"တန့်ပြန်သဘောအရတော့ ထုတ်လို့လဲသင့်တယ်။ မထုတ်လည်း မင်းအောင်လှိုင်ဟာ ရာဇဝတ်သားဆိုတာ ကမ္ဘာရော မြန်မာက သိပြီးသားပါ။ ဒါပေမဲ့ ဥပဒေကြောင်းအရ ထုတ်ပြန်သင့်ပါတယ်"လို့ ဆရာတော်ကမိန့်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များအကြောင်းပြ၍ နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပါတယ်။ ယင်းနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်လှုပ်ရှားသူများကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
"သူ့ရဲ့(မင်းအောင်လှိုင်) ကျူးလွန်မှုအရဆိုရင်တော့ နိုင်ငံတော်ကို ပုန်ကန်ဖောက်ဖျက်တာပေါ့။ လက်နက်စွဲကိုင်ပြီး ပြည်ထောင်စုအစိုးရကို ပုန်ကန်တာ။ ဒါက အမှုဖွင့်တာ။ ဖမ်းဆီးတာက ကြိုက်တဲ့အချိန် သူ့ကို အမှုဖွင့်တရားစွဲလို့ရတယ်။ နောက်ပြီး နိုင်ငံတော် ပုန်ကန်မှုဆိုတာ သံသယရှိရုံမဟုတ်ဘူး။ စွပ်စွဲတာနဲ့တင် သူကဖမ်းဆီး စစ်ဆေးခွင့်ရှိတယ်"လို့ အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေတစ်ဦးကဆိုပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၀၀) ဦး ရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
========================
📌📌ဝပါရွာရှိ လူနေအိမ် ၆၇ လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ပြည်သူများကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကသွားရောက်ကူညီ
ဒီပဲယင်းမြို့နယ် ဝပါရွာရှိ လူနေအိမ် ၆၇ လုံးကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ပြည်သူများကို တစ်အိမ်ထောင် သုံးသောင်းကျပ်ဖြင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကသွားရောက်ကူညီခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ၂၃ ရက်နေ့မှာ ပြည်တွင်း ပြည်ပ စေတနာရှင်ကူငွေများကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က သွားရောက်လှူဒါန်းပေးခြင်းဖြစ်ပါတယ်။
"ဝပါကျေးရွာ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် (၆၇) အိမ်အတွက်တစ်အိမ်လျှင် (၃၀၀၀၀) ကျပ်စီနှင့် မီးလောင်ဒဏ်ရာ ရရှိသည့်အဘွားအတွက် (၅၀၀၀၀) ကျပ်၊ စုစုပေါင်း (၂၀၆၀၀၀၀) ကျပ် သိန်းနှစ်ဆယ်ခြောက်သောင်း ကျပ်ကိုမြေပြင်အကူညီပေး အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျာ။ အနယ်နယ် အရပ်ရပ်မှ ပေးအပ်ကူညီလှူဒါန်းသည့် အဝတ်အထည်နှင့် စောင်ခြင်ထောင်များကိုလည်း တစ်ပါတည်း ပေးအပ်ကူညီလှူဒါန်းပေးခဲ့ပါတယ်"လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆိုပါတယ်။
မတ်လ (၅) နေ့ ဝပါကျေးရွာသို့ စကစတပ်၊ ဝပါဒလန်များနဲ့ပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဝပါကျေးရွာ နေအိမ် (၆၇) လုံး နှင့် စပါးများ နွားများ ကျေးရွာပြည်သူလူထုရဲ့ ပိုင်ဆိုင်သမျှ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌နိုင်ငံအဝှမ်းရှိ အကျဥ်းထောင်အသီးသီးတွင် စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ တစ်သောင်းနီးပါးရှိပြီ
နိုင်ငံအဝှမ်းရှိ အကျဥ်းထောင်အသီးသီးတွင် စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၉၈၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၈၇၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၈၆၈) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၂) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၉၁) ဦးရှိပြီဖြစ်ပါတယ်။
========================
📌📌မင်းဘူးခရိုင်၊ ပဒါန်းမြို့ ပဒါန်းရဲစခန်းအနီး ကင်းလှည့်လာတဲ့ ရဲများကို အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့က တိုက်ခိုက်
မင်းဘူးခရိုင်၊ ပဒါန်းမြို့ ပဒါန်းရဲစခန်းအနီး ကင်းလှည့်လာတဲ့ ရဲများကို အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၃ ရက်နေ့ည ၈ နာရီ ၄၀ အချိန်ပဒါန်းမြို့ ပဒါန်းရဲစခန်းအနီး ကင်းလှည့်လာသောရဲများကို တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့ကဆိုပါတယ်။
မတ်လ၂၃ ယမန်နေ့ည ၈ နာရီ ၄၀ မိနစ် အချိန်ခန့်က မင်းဘူးခရိုင်၊ ပဒါန်းမြို့ ပဒါန်းရဲစခန်းအနီး ကင်းလှည့်လာသော ရဲတပ်ဖွဲ့ပတ်ကင်းအား အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေးမဟာမိတ်အထူးတပ်ဖွဲ့ ရဲဘော်များမှ နာနတ်သီးအကြီးစားတစ်လုံး ကျွေးခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရဲများ ထိခိုက်ဒဏ်ရာရမှုများရှိနိုင်တယ်လို့သိရပါတယ်။ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ယခုအချိန်အခါ ပြည်သူ့ခုခံတွန်းလှန်စစ် အရှိန်အဟုန်မြှင့်တက်လာပြီဖြစ်၍ အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့အနေဖြင့်လည်း ပိုမိုထိရောက်ပြင်းထန်သော စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်လာမည်ဖြစ်တဲ့အတွက် မိဘပြည်သူများအနေဖြင့် တော်လှန်ရေးတွင် မိမိတို့ ကျရာ နိုင်ရာ တာဝန်များကို ပါဝင်ထမ်းဆောင်ကြရင်း၊ မိမိတို့လုံခြုံရေးအတွက် စကစတပ်များ ရဲများနှင့် ကင်းကင်းရှင်းရှင်းနေကြရန် အနောက်ပိုင်းတိုင်းမြေအောက်စစ်ဆင်ရေး မဟာမိတ်အထူးတပ်ဖွဲ့ကဆိုပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့သားကောင်းများ တွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပ
မတ်လ(၂၄)ရက်နေ့၊ ၂၀၂၂ခုနှစ်
၂၀၂၂ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသော ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့် ၄င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် အမျိူးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့မှ ပေးပို့သော အားပေးစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် ပြည်သူ့သားကောင်းများနှင့်အတူ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခဲ့ကြပြီး တွေ့ဆုံပွဲကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ပါတယ်။
========================
📌📌တော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူများ အာရုံကိုလှည့်စားရန် အဖမ်းအဆီးများပြနေ
တော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူများ အာရုံကိုလှည့်စားရန် အဖမ်းအဆီးများပြနေတာလို့ သတင်းရရှိပါတယ်။ ဒလ၊ သမ္မတကမ်းခြေ အပါအဝင် မြေယာကိစ္စနောက်ဆက်တွဲ ရန်ကုန်မြို့တော်ဝန် ဦးဘိုဌေးနဲ့ အခြား ဆက်စပ်သူတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့သိရပါတယ်။
"ဖမ်းပြီးထောင်ထဲပို့တာတော့မဟုတ်သေးဘူးဗျ။ ခေါ်ယူစစ်ဆေးနေတဲ့သဘောပါ"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနက အရာထမ်းတစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းက စကစခန့် စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကိုပါ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
မတ်လ၂၃ ရက်ညမှာ ဦးရဲထွဋ်၊ တိုးနိုင်မန်း၊ ဦးကျော်ဆွေတို့ဖမ်းဆီးခံရကြောင်း သတင်းဌာနများကဆိုဖော်ပြခဲ့ကြပေမဲ့ ဦးရဲထွဋ်က သူအဖမ်းမခံရဘူးလို့ လူမှုကွန်ရက် မှာ ရှင်းလင်းပြောဆိုထားပါတယ်။ "ဒါတွေက အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် အဂတိပုံရိပ် သူကင်းစင်တယ်လို့ တစ်ဖက်ကပြပြီး တစ်ဖက်က ဒီသတင်းတွေနဲ့ တော်လှန်ရေးကို စိတ်ဝင်စားနေတဲ့ လူတွေအာရုံကို သူလှည့်စားနေတာပါပဲ"လို့ ရန်ကုန်မြို့ရှိ အမည်မဖော်သူ နိုင်ငံရေးသုံးသပ်သူကဆိုပါတယ်။
ဇေကမ္ဘာဦးခင်ရွှေနှင့် သားဦးဇေသီဟ တို့ကို မတ် ၂၂ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ဖမ်းဆီးခဲ့ပါတယ်။ ထို့အပြင် ဇေကမ္ဘာ ပြတိုက် ဝန်ထမ်း ၁၂ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆည်းတယ်လို့လည်းသိရပါတယ်။
ဇေကမ္ဘာခင်ရွှေနှင့် သားဖြစ်သူဇေသီဟကို ရန်ကုန်တိုင်း စစ်ထောက်ချုပ်ရုံးက ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေနဲ့အမှုဖွင့်တာကြောင့်သားအဖနှစ်ဦးစလုံးဖမ်းဆီးကာ အင်းစိန် အကျဥ်းထောင်ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
စစ်ကာင်စီက ဖမ်းဆီးပြီးနောက်မှာ အခုလို အကောင်ကြီးကြီး အမြီးရှည်ရှည်တွေရဲ့ ငွေကြေး ဥစ္စာ ဓနတွ အရင်းအနှီးတွေ အဆက်အသွယ်တွေကို အာဏာရှင်အဆက်အစပ်တွက သိမ်းပိုက်ကြ ဝေစုတွေ ခွဲခြမ်းကြတာလုပ်ကြမယ်၊ ခြစားတဲ့ ဝန်ထမ်းတွ ထောက်လှမ်းရေးတွေ ပါးကွက်သားတွေကလည်း ငွေညှစ်ကြတာ အကြပ်ကိုင်ကတာတွေ ထုံးစံအတိုင်း လုပ်ကြဦးမယ်လို့ သတင်းသမားတဦးက မှတ်ချက်ပေးပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment