24th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ငွေတိုက်စာချုပ် ပြည်သူတွေဝယ်ကြဖို့ ဝန်ကြီးအားလုံးကို အထူးတိုက်တွန်းပေးဖို့ ပြောကြား
📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၂၂) ထုတ်ပြန်
📌CDM ဝန်ထမ်းများကို ဖိနှိပ်၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေသော နိုင်ငံခြားကုန်သွယ်မှုဘဏ် အရာထမ်း၊ အမှုထမ်း၂၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပယ်
📌လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှာကျင်းပတဲ့ Sustainability Week Summit သို့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်
📌NUG ကို အသိအမှတ်ပြုရန်နှင့် မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်း
📌စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် NLD လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်၏ နေအိမ်ကို စကစတပ်များချိတ်ပိတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ငွေတိုက်စာချုပ် ပြည်သူတွေဝယ်ကြဖို့ ဝန်ကြီးအားလုံးကို အထူးတိုက်တွန်းပေးဖို့ ပြောကြား

မတ်လ ၂၂ ရက်နေ့က ကျင်းပခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ငွေတိုက်စာချုပ် ဝယ်ကြဖို့ အထူးတိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေ ပါဝင်ထောက်ပံ့နေတဲ့ ငွေကြေးဓနအင်အားက တော်လှန်ရေးအောင်မြင် ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ရှိနေကြောင်း၊ ငွေတိုက်စာချုပ်ရောင်းချမှုမှာ ပြည်သူတွေပိုမိုဝယ်ယူ ထောက်ပံ့ကြဖို့ ဝန်ကြီးအားလုံးကို အထူးတိုက်တွန်းပေးဖို့ ပြောကြားကြောင်း ရရှိလာတဲ့ လှူဒါန်းငွေတွေကို အကျိုးရှိရှိအသုံးပြုနေတာကိုလည်းပြည်သူတွေကို အသိပေးဖို့လိုကြောင်း အစည်းအဝေးမှာ ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

========================

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၂၂) ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၂၂) ကို ထုတ်ပြန်လိုက်ပါတယ်။ ယင်းအမိန့်ကြေညာချက် အပြည့်အစုံမှာ -

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်ကောင်စီမှ လက်နက်အားကိုးဖြင့် နိုင်ငံတော်၏ အာဏာကို မတရားသိမ်းပိုက်ရယူခဲ့သည့် အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် တာဝန် ထမ်းဆောင်လျက် အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြသည့် CDM ဝန်ထမ်းများကို ဖိအားပေးနေသည့် အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်း (၉၀) ဦးအား ၈-၉-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၁) ဖြင့် အမည်ပျက်စာရင်း (BLACK LIST) (ပထမအသုတ်) တွင် ထည့်သွင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ ထို့အပြင် ၂၉-၁၁-၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂၀၂၁) ကို ထုတ်ပြန်၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်ကြီးများနှင့် သံတမန်များအား အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စားမပြုဘဲ “ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ” ဟူသော ဆောင်ပုဒ်နှင့်အညီ အမှန်တရားနှင့် ပြည်သူ့ ဘက်မှ ရပ်တည်ပေးရန် သတိပေးနှိုးဆော်ခဲ့ပါသည်။

၃။ သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီမှ နိုင်ငံတော်၏ အာဏာကို မတရားသိမ်းယူမှု (၁) နှစ် ကျော်လွန်လာခဲ့သည့်တိုင် ယနေ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ အဖွဲ့၏ ညွှန်ကြားချက်များကို နာခံဆောင်ရွက်သည့်အပြင် တာဝန်ပေးစေခိုင်းသည်ထက် ကျော်လွန်၍ CDM ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်ခြင်း၊ လက်ရှိအမှန်တရားအား ဖုံးကွယ်၍ ပူးပေါင်းကြံစည် လိမ်လည်လှည့်ဖြားပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းများဖြန့်ဝေခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း စသည်တို့ကို ဆက်လက် လုပ်ဆောင်နေသည့် အောက်ဖော်ပြပါ အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေဝန်ထမ်း (၅၄) ဦးအား ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း (BLACK LIST) (ဒုတိယအသုတ်) အဖြစ် ရေးသွင်း၍ ပြင်းထန်စွာသတိပေးလိုက်သည်။

ယင်းအမည်ပျက်စာရင်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ သံအမတ်ကြီးအပါအဝင် သံရုံးဝန်ထမ်းရာထူးများ ပါဝင်တာကို တွေ့ရှိရပါတယ်။

========================

📌📌CDM ဝန်ထမ်းများကို ဖိနှိပ်၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေသော နိုင်ငံခြားကုန်သွယ်မှုဘဏ် အရာထမ်း၊ အမှုထမ်း၂၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပယ်

CDM ဝန်ထမ်းများကို ဖိနှိပ်၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေသော နိုင်ငံခြားကုန်သွယ်မှုဘဏ် အရာထမ်း၊ အမှုထမ်း၂၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပယ်လိုက်ကြောင်းသိရပါတယ်။ မတ်လ ၂၃ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဘဝဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် ဖိအားကင်းစင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျှက်ရှိတယ်လို့ဖော်ပြထားပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး (CDM) ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ပြည်သူ့အစိုးရမှ ပြန်လည်ပေးဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် (၂) လစာချေးငွေများကို ပြန်လည်တောင်းခံခြင်းနှင့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်လျက်ရှိသည့်အပြင် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်လျက်ရှိသော စစ်ကောင်စီယန္တားရား လည်ပတ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ အရာထမ်း၊ အမှုထမ်း (၂၁၂) ဦးတို့ကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။ ထုတ်ပစ်ခံရတဲ့အထဲမှာ ဒတိယအထွေထွေမန်နေဂျာ၊မန်နေဂျာနဲ့ လက်ထောက် မန်နေဂျာအပါအဝင်ကြီးကြပ်ရေးမှူးနဲ့ငွေကိုင်တို့ပါဝင်ပါတယ်။

========================

📌📌လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှာကျင်းပတဲ့ Sustainability Week Summit သို့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်

လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှာကျင်းပသော 7th annual Sustainability Week: Accelerating transition, building resilience သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးတက်ရောက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
Sustainability Week Summit အား ကမ္ဘာ့ကုလသမဂ်အထွေထွေအတွင်းရေးမှူးချုပ်၏ Keynote remarks ဖြင့် စတင်ကျင်းပခဲ့ပြီး၊ မူဝါဒရေးရာချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ 2021 United Nations Climate Change Conference (COP26) ဆိုင်ရာ လမ်းပြမြေပုံများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ဆောင်မှုများ၊ ဘဏ္ဍာရေးစနစ် ရေရှည်တည်တံ့ခိုင်မာမှု ဆိုင်ရာကိစ္စရပ်များ၊ Digital Economy ရေးရာ မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးဖော်ဆောင်မှုများ၊ စီးပွားရေး-နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုရေးရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍနှင့် Biodiversity ကိစ္စရပ်များ၊ သဘာဝဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝသယံဇာတရေးရာကိစ္စရပ်များ၊ Net Zero ဆိုင်ရာ ပြောင်းလဲတိုးတက်မှုများကို စီမံခန့်ခွဲခြင်း စသည်များကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အဆိုပါ Summit သို့ နိုင်ငံအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ကဏ္ဍအလိုက်တာဝန်ရှိသူများမှ in-person, virtual ပုံစံများဖြင့် တက်ရောက်ကြပါတယ်။

========================

📌📌NUG ကို အသိအမှတ်ပြုရန်နှင့် မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်သူ့ကိုယ်စားပြုအစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်ရောင်းချခြင်းကို ပိတ်ပင်ရန် ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်သွင်းကြောင်း သိရပါတယ်။

ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ Mr.TomAndrew က လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံအကြောင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က တင်သွင်းရာတွင် အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းချရန်အပြင် စစ်ရေးအရအသုံးချနိုင်သည့် နည်းပညာများနှင့် လေယာဉ်ဆီများလည်း ကောင်စီထံ မရောက်ရှိစေရန် အမြန်ဆုံးရပ်တန့်ရေး တောင်းဆိုထားကြောင်း သိရှိရပါတယ်။

"တစ်နေ့တခြားဆိုးဝါးပြင်းထန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို အသေးစိတ် ဖော်ပြထားတာကြည့်ရင် မြေပြင် အခြေအနေတွေ မြေပြင်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကောင်းတာကို တွေ့နိုင်ပါတယ်။"ဟု အမျိုးသားညီညွတ်ရအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုအခြေအနေများနှင့်ပတ်သက်၍ ကုလလူ့အခွင့်အရေးကောင်စီတွင် တင်သွင်းသည့် အဆိုပါ အစီရင်ခံစာတွင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်မှု စစ်ရာဇဝတ်မှုမြောက်နေပြီဖြစ်‌ကြောင်းနှင့် ၎င်းရာဇဝတ်မှုများကို အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်သည်မှာ သေချာသည်ဟု ထည့်သွင်းအစီရင်ခံထားကြောင်း သိရပါတယ်။

ကုလလူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ၏ အစီရင်ခံစာကို ကြိုဆိုကြောင်း NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့တွင် သဘောထားထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရပါတယ်။

========================

📌📌စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် NLD လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်၏ နေအိမ်ကို စကစတပ်များချိတ်ပိတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် NLD လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်၏ နေအိမ်ကို စကစတပ်များချိတ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ ဒေါက်တာဝင်းအောင်နေအိမ်ကို လာရောင်ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

"မတ်လ- ၂၃ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် NLD လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်၏ နေအိမ်အား အကြမ်းဖက်စကစမှ လာရောက်ချိပ်ပိတ်သွားခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် သိရှိရပါတယ်"လို့ ခင်ဦးဒေသခံသတင်းအရင်းထံမှသိရပါတယ်။ စစ်ကောင်စီက နိုင်ငံအနှံ့ နေအိမ်နှင့် အဆောက်အအုံ ၅၃၁ လုံးထက် မနည်း ချိတ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

ချိတ်ပိတ် သိမ်းဆည်းခံရမှု အများစုဟာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပြီးတော့ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ မှာဒုတိယအများဆုံးဖြစ်ပါတယ်။

စစ်ကောင်စီက နေအိမ် ချိပ်ပိတ် သိမ်းဆည်းမှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ် ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှစ်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့ပါတယ်။

အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ (PDF/LDF/CDF/KNDF စသဖြင့်) နဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

Related Posts:

No comments:

Post a Comment