23rd MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၃ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မြို့လှ PDF မှ ချောင်းဝရွာ အနီးမှာ မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ရာ စကစတပ် ၂ ဦးသေ ၅ ဦးထိခိုက်ဒဏ်ရာရ
📌စွန်နိုင် PDF အတွက် 5.56 တစ်တောင့်ထိုး ရိုင်ဖယ်များ ထုတ်လုပ် တပ်ဆင်ပေး
📌KLG PDF နဲ့ မဟာမိတ်ဝင်များ စကစတပ်များကို ဝင်တိုက်ရာ စကစဘက်မှ ဆယ်ဦးသေဆုံး
📌ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦးကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၁၇ စီး တိုက်ခိုက်ခံရ
📌နယ်စွန်နယ်ဖျားမှာရှိပြီး အင်အားနည်းတဲ့ရဲစခန်းတွေ ညမအိပ်ဖို့ စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား
📌သေဆုံးသွားတဲ့ စစ်ဗိုလ်ပုခုံးက ကြယ်ပွင့်တွေနဲ့ အလှဆင်ထားတဲ့ ဖိနပ် လေလံတင်ရာ အမေရိကန်ဒေါ်လာ ၁၈၅၀၀ အထိပေးဝယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မြို့လှ PDF မှ ချောင်းဝရွာ အနီးမှာ မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ရာ စကစတပ် ၂ ဦးသေ ၅ ဦးထိခိုက်ဒဏ်ရာရ

ခြေလျင်စစ်ကောင်းထိုးလာတဲ့ စကစတပ်များကို ယနေ့မနက် ချောင်းဝရွာအနီး မိုင်း ၈ လုံး ဆွဲပြီးမြို့လှ PDF မှတိုက်ခိုက်ရာ စကစတပ်မှ ၂ ဦးသေ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မတ်လ၂၃ ရက်မနက် ကသာမြို့နယ် ချောင်းဝရွာအနီးမှာ စကစတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့မြို့လှPDFကဆိုပါတယ်။

"ယနေ့မနက်အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ထွက်ခွာစဥ် လမ်းခုလတ် တောစပ်တနေရာ၌ ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။

စကစ ဖက် မှ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦးထက် မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ စကစဖက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား စက်လှေများဖြင့် သယ်ယူခဲ့ပြီးတော့ မြို့လှ PDF ဖက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌စွန်နိုင် PDF အတွက် 5.56 တစ်တောင့်ထိုး ရိုင်ဖယ်များ ထုတ်လုပ် တပ်ဆင်ပေး

သံမဏိ Force - MPDF မှ စွန်နိုင် PDF အတွက် 5.56 တစ်တောင့်ထိုး ရိုင်ဖယ်များ ထုတ်လုပ် တပ်ဆင်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၂ ရက် မှာ လက်နက်ထုတ်လုပ် တပ်ဆင်ပေးတာနဲ့ ပတ်သတ်လို့ သံမဏိ Force - MPDF မှဆိုပါတယ်။

"သံမဏိ Force - MPDF မှ စွန်နိုင် PDF အတွက် 5.56 တစ်တောင့်ထိုး ရိုင်ဖယ်များ ထုတ်လုပ် တပ်ဆင်ပေးခဲ့ပါတယ်ဗျာ။ကျနော်တို့ သံမဏိအဖွဲ့သားများသည် မိမိတို့ တတ်စွမ်းသည့်ပညာများကိုလည်း တော်လှန်ရေး ညီနောင်အဖွဲ့များဆီသို့ မချွင်းမချန် ကူညီပံ့ပိုးပေးလျက်ရှိပါသည် ခင်ဗျာ။ တော်လှန်ရေးအမြန်အောင်မြင်ဖို့ ကျနော်တို့လည်း နိုင်ရာကနေ ကူညီပေးလျက်ရှိပါတယ်"လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်းအတွင်း လက်နက်ကြီးများတီထွင်အောင်မြင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက စမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။

========================

📌📌KLG PDF နဲ့ မဟာမိတ်များ စကစတပ်များကို ဝင်တိုက်ရာ စကစဘက်မှ ဆယ်ဦးသေဆုံး

မင်းကင်းမြို့နယ် တောင်တွင်းချောင်ကျော်ရွာတွင် တပ်ဆွဲထားသော စကစတပ်များကို ယနေ့ မနက်အစောပိုင်း KLG PDF နဲ့ မဟာမိတ်များ ဝင်တိုက်ရာ စကစဘက်က ဆယ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၃ ရက် မနက် ၅ နာရီ ၃၀ အချိန် မင်းကင်းနယ် တောင်တွင်းချောင်ကျော်ရွာတွင် တပ်ဆွဲထားသော စကစများကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF ကဆိုပါတယ်။

"မတ်လ ၂၃ ရက် မနက် ၅ နာရီ ၃၀ အချိန် မင်းကင်းနယ် တောင်တွင်းချောင်ကျော်ရွာတွင် တပ်ဆွဲထားသော စကစများကို KLG PDF ရွှေသမင်မုဆိုး PDF ရွှေ​တြိဂံ PDF ကနီတပ်ရင်း (2) နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်ရာ နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပြီးတော့ စကစတပ်ဘက်က ဆယ်ဦး သေဆုံးခဲ့ပါတယ်။ PDF ရဲဘော် သုံးဦး ကျည်ထိထား​ပြီး မစိုးရိမ်ရဘူးလို့သိရပါတယ်။

========================

📌📌ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦးကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၁၇ စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦးကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၁၇ စီးကို ယနေ့ မနက်အစောပိုင်းတိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၃ ရက် မနက်ပိုင်းမှာ စစ်ရေးသတင်းကို Brother Defense Force - BDF ကဆိုပါတယ်။

"စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ ရွှေတောင်ဦးကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၁၇ စီးကို မတ်လ ၂၃ ရက် ဒီနေ့ မနက် (၄:၃၀) အချိန်တွင် Unity Force monywa - UFM နှင့် Brother Defense Force - BDF တို့မှ စတင်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က သေဆုံးခြင်းကိုမသိ‌သေးဘဲ ရဲဘော်များလုံခြုံတဲ့နေရာပြန်လည်ရောက်ရှိလာပြီလို့သိရပါတယ်။

========================

📌📌နယ်စွန်နယ်ဖျားမှာရှိပြီး အင်အားနည်းတဲ့ရဲစခန်းတွေ ညမအိပ်ဖို့ စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား

နယ်စွန်နယ်ဖျားမှာရှိပြီး အင်အားနည်းတဲ့ရဲစခန်းတွေ ညမအိပ်ဖို့ စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ ရဲစခန်းတွေကို PDF တွေဝင်တိုက်ခိုက်နိုင်တယ်လို့ စိုးရိမ်စိတ်ကြောင့် ယခုလို ညွှန်ကြားစာထုတ်ပြန်တယ်လို့လည်းသိရပါတယ်။

ရဲစခန်းများအနေနဲ့ ဘန်ကာ၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းများတူး၍ စခန်းတစ်ခုလုံး တစ်ဝက်သာအိပ်ပြီး တစ်ဝက်ကင်းစောင့်စနစ် ကျင့်သုံးဖို့ကို အဓိကထား ညွှန်ကြားပါတယ်။ ဒါ့အပြင် ရဲစခန်းတွေအနေနဲ့ မြို့နယ်မှာရှိတဲ့ တပ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း စကစကလမ်းညွှန်ထားပါတယ်။

========================

📌📌သေဆုံးသွားတဲ့ စစ်ဗိုလ်ပုခုံးက ကြယ်ပွင့်တွေနဲ့ အလှဆင်ထားတဲ့ ဖိနပ် လေလံတင်ရာ အမေရိကန်ဒေါ်လာ ၁၈၅၀၀ အထိပေးဝယ်

သေဆုံးသွားတဲ့ စစ်ဗိုလ်ပုခုံးက ကြယ်ပွင့်တွေနဲ့ အလှဆင်ထားတဲ့ ဖိနပ်ကို မတ်လ ၂၂ ရက်မှာ မပန်ဆယ်လိုက လေလံတင်ရောင်းချပေးရာ အမေရိကန်ဒေါ်လာ ၁၈၅၀၀ အထိပေးဝယ်တယ်လို့ လူမှုကွန်ရက်မှာ အသိပေးရေးသားထားပါတယ်။

“စစ်ခွေးအစိကပ် PDF ဖိနပ် နာမ်နှိမ် လေလံအနေနဲ့ အမေရိကန်ဒေါ်လာ 18500 နဲ့ လေလံအောင်မြင်သွားပါပြီ။ အကောင့်တုပေါင်းစုံနဲ့ ဝိုင်းဝန်းနှောက်ယှက်နေတဲ့ကြားက အကောင်းဆုံး ဖြတ်ကျော်ဖန်တီးနိုင်ခဲ့ပါတယ်။ လေလံ ဝင်ဆွဲပေးကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စစ်ခွေးတွေ ပုခုံးပေါ်က တန်ဖိုးမရှိတဲ့ အစိတွေဟာ ဖိနပ်လို နေရာမှန်ကို ရောက်တဲ့အခါ ပြည်သူရဲ့ အမုန်းတရားနဲ့ ပေါင်းစပ်ပြီး $18500 တန်ဖိုးရှိ PDF ဖိနပ်အဖြစ် သမိုင်းဝင်ခဲ့ပါပြီ"လို့ မပန်ဆယ်လိုက ဆိုပါတယ်။

အလှဆင်ထားတဲ့ ဖိနပ်ရောင်းချရငွေကို ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ဝယ်ပေးမှာဖြစ်သလို တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း ကူညီထောက်ပံမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment