23rd MAR 2022 - Morning Daily News by Radio NUG


၂၀၂၂ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ချေမှုန်းရန်လိုအပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလ ပြောကြား
📌ရှေ့တစ်နှစ်အတွင်းမှာ တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ကို မှာကြား
📌အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်နေချိန်မှာပဲ သတင်းသမားနှစ်ဦးကို ထောင်ချ
📌Foodpanda ကုမ္ပဏီကို သပိတ်မှောက်နေသော Riders များနှင့်အတူ ရပ်တည်ကြောင်း ရတနာပုံ တကသ ထုတ်ပြန်၊ riders များကို ဝန်းရံပေးကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တိုက်တွန်း
📌NUG၊ MOD ၏ အရပ်ဖက်ကွပ်ကဲမှုစည်းမျည်းအတိုင်းလိုက်နာရန်နဲ့ ဒလန်များ၊ စကစတပ်နဲ့ ရဲများကို ရှင်းလင်းပါက ကျေးရွာကာကွယ်ရေးတပ်တာဝန်ခံများကို အသိပေးအကြောင်းကြားရန် ဆားလင်းကြီး GZ LPDF ထုတ်ပြန်
📌တောင်ဖီလာလမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်သုံးစီးနှင့် တောင်သာဘက် မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကို PDF Kalay ကပစ်ခတ်၍ တစ်ဦးပွဲချင်းပြီးသေဆုံး
📌မြင်းခြံမြို့နယ်အထွက် ကျောက်ပြုတ်ရွာ အနောက်ပိုင်းတွင် စကစတပ်နဲ့ ရဲများ၊ ပျူစောထီးများ အချင်းချင်းအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၍ ဆေးရုံရောက်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ချေမှုန်းရန်လိုအပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလ ပြောကြားလိုက်တဲ့သတင်းကို တင်ဆက်ပေးပါမယ့်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ချေမှုန်းရန်လိုအပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။ မတ်လ ၂၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၄၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ယာယီသမ္မတဒူဝါလရှီးလ ပြောကြားလိုက်တာဖြစ်ပါတယ်။
"လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များကို မြို့ရောတောပါမကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး အင်အားမှာလည်း သောင်းဂဏန်း အကြီးပိုင်းကို ရောက်နေပါပြီ၊ စစ်ကောင်စီ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ရောက်လာပါပြီ။ ပြည်သူကို ကာကွယ်ရမည့်တပ်ဖွဲ့များဖြစ်တဲ့အားလျော်စွာ နေရာဒေသပေါင်းစုံမှ PDF တပ်ဖွဲ့တွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ တသွေးတသံတမိန့်ကွပ်ကဲမှုကို နာခံပြီး ကြီးမားတဲ့ စုစည်းမှုနဲ့ ပြည်သူ့ရန်သူ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ချေမှုန်းရန်လိုပါတယ်"လို့ ဆိုပါတယ်။
အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
"အစိုးရအဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက် စတင်ဖွဲ့စည်းကတည်းက မရပ်မနား ကြိုးစားလာခဲ့ကြတာအခုဆိုရင် တနှစ်နီးပါးရောက်လာပါပြီ၊ တော်လှန်တဲ့ တိုက်ပွဲဝင်အစိုးရ ဖြစ်တဲ့အားလျော်စွာ ပြည်သူလူထုအတွက် အသက်အိုးအိမ် စွန့်လွတ်ကြိုးပမ်းနေကြတာ ဖြစ်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်။ ကြိုတင်စဉ်းစားထားခြင်းမရှိဘဲ၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်မှ မတရားအာဏာသိမ်းမှုကြောင့် မလွဲ မရှောင်သာ တိုက်ပွဲဝင်လာကြ ရတာ ဖြစ်ပါတယ်။ မိမိတို့အစိုးရကလည်း တော်လှန်ရေးပီပီ၊ ဘာမျှမရှိတာကစပြီး အစစ အရာရာ လိုအပ်လာမှုများကို ပြည်သူလူထု၏ပံ့ပိုးမှုဖြင့် ဖြည့်ဆည်းလာနိုင်ခဲ့ကြပြီဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။

========================

📌📌ရှေ့တစ်နှစ်အတွင်းမှာ တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ကို မှာကြားတဲ့သတင်းကို တင်ဆက်ပေးပါ့မယ်

ရှေ့တစ် နှစ်အတွင်းမှာ တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ကို မှာကြားလိုက်ပါတယ်။ မတ်လ ၂၂ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ၄၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့တာဖြစ်ပါတယ်။
" ရှေ့လဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တစ်နှစ်ပြည့်တော့မှာဖြစ်တယ်၊ တစ်နှစ်အတွင်း ထိရောက်အောင်မြင်မှုတွေရှိသလို လိုအပ်နေဆဲအရာတွေ အများကြီးရှိတယ်။ ဝန်ကြီးဌာနအတွေအနေနဲ့ အားသာချက်၊ အားနည်ချက်တွေကို ပြန်သုံးသပ်ဖို့ တိုက်တွန်းလိုတယ်၊ ရှေ့တစ်နှစ်အတွင်းမှာ တော်လှန်ရေးမြန်မြန်အဆုံးသတ်နိုင်ဖို့၊ ပြည်သူတွေကို ဒီထက်ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ သေချာစဉ်းစားစီစဉ်ကြရမှာဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲအကြောင်းပြလို့ သိမ်းယူခဲ့ပါတယ်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH စတင်ဖွဲ့စည်းခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်သူလူထု ထောက်ခံမှုနဲ့အတူ ပေါ်ပေါက်ခဲ့ပါတယ်။ "အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့ အစိုးရအဖွဲ့အတွင်း အကောင်းမွန်ဆုံးထိန်းကျောင်းမှုတွေနဲ့ ရှေ့ဆက် လုပ်ဆောင်နေတယ်"ဆိုပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

========================

📌📌အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်နေချိန်မှာပဲ သတင်းသမားနှစ်ဦးကို ထောင်ချ

မြန်မာ့အရေးကြားဝင်ဖြေရှင်းမယ်ဆိုပြီး မြန်မာနိုင်ငံဆီရောက်လာတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်းမှာပင် စစ်ကောင်စီက တစ်နှစ်ကျော်ကြာဖမ်းဆီးထားတဲ့ သတင်းမီဒီယာသမား နှစ်ဦးကို ထောင်ချလိုက်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ရောက်ရှိနေတဲ့ မတ်လ ၂၁ ရက်နဲ့ မတ်လ ၂၂ ရက်နေ့တွေမှာ သတင်းသမား နှစ်ဦးကို ဆက်တိုက်ဆိုသလို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တာပါ။
စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းနဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ထောင်ချလိုက်တာပါ။
သူတို့နှစ်ဦးကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ဖမ်းဆီးပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်းပမ်းတာတွေရှိခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတဲ့သတင်မီဒီယာသမားဦးရေဟာ ၁၃၀ ကျော်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတွေရှိပေမယ့် ၅၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

========================

📌📌Foodpanda ကုမ္ပဏီကို သပိတ်မှောက်နေသော Riders များနှင့်အတူ ရပ်တည်ကြောင်း ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်၊ riders များကို ဝန်းရံပေးကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တိုက်တွန်း

Foodpanda ကုမ္ပဏီဘက်မှ လမ်းကြောင်းလုပ်ခလစာများ လျှော့ချခဲ့သည့်အတွက် အလုပ်မဆင်းဘဲ သပိတ်တိုက်ပွဲဆင်နွှဲနေသည့် Foodpanda riders များနှင့်အတူ တသားတည်းရပ်တည်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့် မတရားမှုကို ကျူးလွန်သော Foodpanda ကို ဆက်လက်အသုံးမပြုခြင်းဖြင့် သပိတ်မှောက်ပြီး အဖိနှိပ်ခံအလုပ်သမားထုနှင့်အတူ တသားတည်းရပ်တည်ပြီး ဝန်းရံပါဝင်ကြရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦး‌ဆောင်ကော်မတီက ဆိုပါတယ်။
အလားတူ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း သပိတ်မှောက် Rider များနှင့် တသားတည်းရပ်တည်လျက်ရှိသည့်အပြင် Rider များ၏ သပိတ်မှောက်ခြင်းနှင့် တိုက်တွန်းချက်များအား ပြည်သူများအနေဖြင့် ဝန်းရံသပိတ်မှောက်ကြရန် တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။

========================

📌📌NUG၊ MOD ၏ အရပ်ဖက်ကွပ်ကဲမှုစည်းမျည်းအတိုင်းလိုက်နာရန်နဲ့ ဒလန်များ၊ စကစတပ်နဲ့ ရဲများကို ရှင်းလင်းပါက ကျေးရွာကာကွယ်ရေးတပ်တာဝန်ခံများကို အသိပေးအကြောင်းကြားရန် ဆားလင်းကြီး GZ LPDF ထုတ်ပြန်

NUG၊ MOD ၏အရပ်ဖက်ကွပ်ကဲမှုစည်းမျည်းအတိုင်းလိုက်နာရန်နဲ့ ဒလန်များ၊ စကစတပ်နဲ့ ရဲများကို ရှင်းလင်းပါက ကျေးရွာကာကွယ်ရေးတပ်တာဝန်ခံများကို အသိပေးအကြောင်းကြားရန် ဆားလင်းကြီး GZ LPDF ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မတ်လ ၂၂ ရက်မှာ ဆားလင်းကြီး GZ LPDF ကဆိုလိုက်တာဖြစ်ပါတယ်။
"NUG/MOD ၏အရပ်ဖက်ကွပ်ကဲမှုစည်းမျည်းအတိုင်း ကျွန်တော်တို့တော်လှန်ရေးညီနောင်များက စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ လိုက်နာကြရမှာပါ။ အားနည်းချက်များကို သင်ခန်းစာယူ၍ အမှားနည်းနိုင်သမျှနည်းအောင် တော်လှန်ရင်း စစ်အာဏာရှင်ကို မြန်မာ့မြေပေါ်ကနေ အပြီးအပိုင် မောင်းထုတ်ကြရအောင်ပါဗျာ"လို့ ဆိုထားပါတယ်။
ထုတ်ပြန်ချက်အရ ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာများမှ ဒလန်များနဲ့ စကစတပ်များ၊ ရဲများကို ရှင်းလင်းသုတ်သင်မည်ဆိုပါက ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်တာဝန်များထံ အသိပေးအကြောင်းကြားရန်လိုအပ်ပြီးတော့ မိမိတို့သဘောအတိုင်းပြုလုပ်ပါက အရေးယူခြင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

========================

📌📌တောင်ဖီလာလမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်သုံးစီးနှင့် တောင်သာဘက် မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကို PDF Kalay ကပစ်ခတ်၍ တစ်ဦးပွဲချင်းပြီးသေဆုံး

တောင်ဖီလာလမ်းမပေါ်တွင်မော်တော်ဆိုင်ကယ်သုံးစီးနှင့် တောင်သာဘက် မောင်းနှင်လာသည့်စစ်ကောင်စီတပ်ကို PDF Kalay ကပစ်ခတ်၍ တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ မတ်လ ၂၂ ရက် မနက်ပိုင်းတွင် စကစတပ်များကို ပစ်ခတ်ခဲ့ကြောင်း PDF Kalayကဆိုပါတယ်။
"နံနက်ပိုင်းတွင် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ တောင်ဖီလာလမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ် ၃ စီးဖြင့် အကြမ်းဖက်စစ်သား ၆ ဦး တာဟန်းဘက်မှ တောင်သာဘက်သို့ မောင်းနှင်လာပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးသို့ ရောက်ရှိလာစဉ် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်၌ အသင့်စောင့်ဆိုင်းနေရာယူထားသော PDF (Kalay) တပ်ဖွဲ့ဝင်များက ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သား ၁ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး အပြင်းအထန်ထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အကြမ်းဖက်စစ်သားများ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ ၁ ဦး ခြေထောက်တွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

========================

📌📌မြင်းခြံမြို့နယ်အထွက် ကျောက်ပြုတ်ရွာ အနောက်ပိုင်းတွင် စကစတပ်နဲ့ ရဲများ၊ ပျူစောထီးများ အချင်းချင်းအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၍ ဆေးရုံရောက်

မြင်းခြံမြို့နယ်အထွက် ကျောက်ပြုတ်ရွာ အနောက်ပိုင်းတွင် စကစတပ်နဲ့ ရဲများ၊ ပျူစောထီးများ အချင်းချင်းအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား၍ ဆေးရုံရောက်ရှိတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၂ ရက် မနက်ပိုင်းမှာ အချင်းချင်းတွေအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကဖော်ပြပါတယ်။
"မတ်လ ၂၂ ရက် မနက်ပိုင်း ကျောက်ပြုတ်ကျေးရွာအနောက်ဖက်မှာ စခ၊ ရခ၊ ပျူတွေ အချင်းချင်းအပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ အသေပျောက်ရှိနိုင်ပြီး ဆေးရုံအတွင်းမှာ စကစတပ်တွေခြေရှုပ်နေခဲ့ပြီး အရေးပေါ်ကုသမှုလုပ်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်"လို့ဆိုထားပါတယ်။ ကျောက်ပြုတ်ရွာက မြင်းခြံမြို့အထွက်က ရွာတစ်ရွာဖြစ်ပြီး မြင်းခြံ-မြို့သာလမ်းအထွက် လယ်သစ်ကျေးရွာအကျော်မှာ ကျောက်ပြုတ်ရွာတည်ရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment