26th MAR 2022 - Evening Daily News by Radio NUG

၂၀၂၂ မတ်လ ၂၆ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ဖို့အစီအစဥ်မရှိ
📌မတ်လ ၂၇ ရက်နေ့တွင် စစ်ရေးပြပွဲများထုတ်လွှင့်မည့် သတင်းလွှင့်ချိန်၌ မီးအားလုံးပိတ်ခြင်း သပိတ်တွင်ပါဝင်ရန် ဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း
📌ဒေါက်တာအောင်မိုးမြင့်နှင့် အောင်လှိုင်ဦးအပါအဝင် လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းအောင်တို့ကို ယူကေအစိုးရက ပိတ်ဆို့အရေးယူ
📌ထီးချိုင့်မြို့နယ် မြို့အထွက် ကက္ကိုကုန်းလမ်းဆုံမှာ တစ်နေရာထဲ မိုင်းနှစ်ကြိမ် မိ၍ နှစ်ဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရ
📌အသက် ၁၈ နှစ် အရွယ် လူငယ်အမျိုးသားကို ဆိုင်ကယ်တားရာ မရပ်ပေး၍ ပစ်သတ်ခဲ့ သတင်းမှန်ဖုံးဖိထား
📌ဗိုလ်ကြီးတစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ဝင်လာ၍ လွတ်မြောက်နယ်မြေပို့ဆောင်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ဖို့အစီအစဥ်မရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ စစ်တပ်က ကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ဖို့အစီအစဥ်မရှိဘူးလို့ဆိုပါတယ်။ မတ်လ ၂၃ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့၊ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်များနှင့် ဂျပန်နိုင်ငံမှ တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် မြန်မာနိုင်ငံအကြောင်း zoom ဖြင့်တွေ့ဆုံဆွေးနွေးရာတွင် လူငယ်လုပ်ငန်းအဖွဲ့က ကိုသော်ထက်ဥာဏ္ကပြောကြားခဲ့ပါတယ်။

"စစ်တပ်က တိုင်းပြည်အာဏာကို ဆက်ချုပ်ကိုင်ထားဖို့အတွက် လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ဖို့အစီအစဥ်မရှိပါဒါသည် ပါတီလူငယ်အဖွဲ့သာမက ပါတီတစ်ခုလုံးရဲ့သဘောထားဖြစ်တယ်"လို့ဆိုခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့ လူထုထောက်ခံမဲ အပြတ်အသတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

သို့သော် စစ်တပ်ဟာ ရွေးကောက်ပွဲမဲရလဒ်နဲ့ရွေးကောက်ပွဲအကြောင်းပြလို့ ၂၀၂၁ခု နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် စတဲ့ ပါတီအကြီးအကဲပိုင်းများကို ဖမ်းဆီးခဲ့ပါတယ်။

========================

📌📌မတ်လ ၂၇ ရက်နေ့တွင် စစ်ရေးပြပွဲများထုတ်လွှင့်မည့် သတင်းလွှင့်ချိန်၌ မီးအားလုံးပိတ်ခြင်း သပိတ်တွင်ပါဝင်ရန် ဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း

အာဏာရှင် စစ်တပ်ကအချောင်ယူထားတဲ့ မတ်လ၂၇ ရက်နေ့တွင် စစ်ရေးပြပွဲများထုတ်လွှင့်မည့် သတင်းလွှင့်ချိန် ည ၈ နာရီမှ ၈ ခွဲထိ မိနစ် (၃၀) အတွင်း မီး အားလုံးပိတ်ခြင်း သပိတ်တွင်ပါဝင်ရန် ဝန်ကြီးဒေါက်တာတူးခေါင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

မတ်လ ၂၆ ရက် မှာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က မီးအားလုံးပိတ်ခြင်းသပိတ်မှာလူထုပါဝင်ရန်ပြောကြားခဲ့ပါတယ်။

"ဖက်ဆစ်ဂျပန်ကို လက်တွေ့တော်လှန်ခဲ့တာ ပြည်သူ၊ ခုထိလဲ တော်လှန်နေရဆဲ၊ ဒါပေမယ့် အာဏာရှင် စစ်တပ်ဟာ တပ်မတော်နေ့ ဆိုပြီး နာမည်အချောင်ယူထားတဲ့ မတ်လ ၂၇ ရက်နေ့ကို ဆန့်ကျင်တဲ့ အနေနဲ့ စစ်ရေးပြပွဲများထုတ်လွင့်မည့် သတင်းလွင့်ချိန် ည ၈ နာရီမှ ၈ ခွဲထိ မိနစ် (၃၀) အတွင်း မီး အားလုံးပိတ်ခြင်းအားဖြင့် ပြည်သူ့သပိတ်မှာ ပါဝင်ကြဖို့ နိုးဆော်အပ်ပါတယ် ခင်မျာ"လို့ဖော်ပြထားပါတယ်။

အမှန်တကယ်တော့မတ်လ ၂၇ ရက်ဟာ ဖက်ဆစ်ကို စတင်တော်လှန်သော တော်လှန်ရေးနေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၇ နှစ် က ကမ္ဘာ့ပြည်သူတွေကြားကို ထိုးဖောက်ဝင်ရောက်လာတဲ့ နာဇီ နဲ့ ဖက်ဆစ်ဝါဒ တို့ကို ကျွန်တော်တို့ နိုင်ငံသားတိုင်းရင်းသားတွေကလည်း ကမ္ဘာ့ ပြည်သူတွေနဲ့အတူ မတ်လ ၂၇ ရက်မှာ လှည်းနေလှေအောင်းမြင်းစောင်းမကျန် တော်လှန်ခဲ့ကြပါတယ်။ တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့သူ့ကိုပုံပြောင်းဖော်ပြခဲ့တဲ့ တပ်မတော်နေ့ ဆိုတာကို ဆန့်ကျင်တဲ့အနေနဲ့ ညဖက် သတင်းလာချိန် ည ၈ နာရီ က ၈ နာရီခွဲ အထိ နိုင်ငံတဝှမ်း အိမ်တိုင်းအိမ်တိုင်းက လျှပ်စစ်မီး မသုံးပဲ ဆန္ဒပြကြဖို့ ဖိတ်ခေါ်ပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ရက်တွင်လည်းဖော်ပြထားပါတယ်။

"ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော် ကာလ အလွန်မှာ နေ့စဉ်ပြတ်တောက်နေတဲ့ လျှပ်စစ်မီး ကို အချိန်ပိုင်း မသုံးပဲ ဆန္ဒပြတာ ဖြစ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ စစ်အုပ်စု လျှပ်စစ်ဌာနကို အကြပ်အတည်းဖြစ်နေတဲ့ မိနစ် ၃၀ လည်း ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။

========================

📌📌ဒေါက်တာအောင်မိုးမြင့်နှင့် အောင်လှိုင်ဦးအပါအဝင် လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းအောင်တို့ကို ယူကေအစိုးရက ပိတ်ဆို့အရေးယူ

မြန်မာ့စစ်တပ်ကို လက်နက်ထောက်ပံ့ပေးရာတွင် တာ၀န်ရှိသူများဖြစ်ကြတဲ့ ဒေါက်တာအောင်မိုးမြင့်နှင့် အောင်လှိုင်ဦးအပါအဝင် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းအောင်တို့ကို ယူကေအစိုးရက ပိတ်ဆို့အရေးယူလိုက်တယ်လို့ သတင်းရရှိပါတယ်။ မြန်မာ့စစ်တပ်ကို လက်နက်ထောက်ပံ့ပေးရာတွင် တာ၀န်ရှိသူများဖြစ်ကြတဲ့ လက်နက်ရောင်း၀ယ်ဖောက်ကားသူများနှင့် ကုမ္ပဏီများကို ယူကေအစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့တယ်လို့ ယူကေသံရုံးရန်ကုန်ကဖော်ပြခဲ့ပါတယ်။

"ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရခြင်းနှင့်အတူ ယမန်နှစ် အာဏာသိမ်းပြီးနောက်ပိုင်း သွေးထွက်သံယို အဆိုးရွားဆုံးနေ့ဖြစ်သည့် မြန်မာ့တပ်မတော်နေ့ မတိုင်မီ ပိတ်ဆို့အရေးယူမှုအသစ်များကို ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားပြီးတော့အမေရိကန်နှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာစစ်အာဏာရှင်ကို စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးနေသည့် အဓိကကျသော လူပုဂ္ဂိုလ် နှစ်ဦးနှင့် ကုမ္ပဏီ သုံးခုကို ယူကေအစိုးရက ပိတ်ဆို့ အရေးယူလိုက်တယ်"လို့ဆိုထားပါတယ်။

လက်နက်ရောင်းဝယ်ဖောက်ကားရာတွင် ပါဝင်ဆောင်ရွက်သူများဖြစ်တဲ့ ဒေါက်တာအောင်မိုးမြင့်နှင့် အောင်လှိုင်ဦးတို့၏ ယူကေနိုင်ငံသို့ ခရီးသွားလာခွင့် ကို ပိတ်ပင်တားမြစ်လိုက်ပြီး ၄င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နှင့် Miya Win International Ltd. တို့ကိုလည်း ဒဏ်ခတ် အရေးယူသွားမှာဖြစ်ပါတယ်။ ထို့အပြင် မကြာသေးမီက လေတပ်ဦးစီးချုပ် အဖြစ် ခန့်အပ်ခံရသော ဗိုလ်ချုပ်ထွန်းအောင် အား ယူကေအစိုးရက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။

‘ကျွန်မတို့ ယူကေအစိုးရအနေဖြင့် စိတ်တူသဘောတူနိုင်ငံတွေနဲ့ လက်တွဲပြီး လွတ်လပ်ခွင့် ၊ ဒီမိုကရေစီ နဲ့ တရားဥပဒေ စိုးမိုးမှုရှိရေးတို့ကို ကာကွယ်သွားမှာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အရေးယူနိုင်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်’ လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling ကပြောကြားခဲ့ပါတယ်။

ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့အပါအ၀င် မြန်မာစစ်အာဏာရှင်ထံသို့ စစ်လက်နက် များ ချောမွေ့စွာရရှိစေရေး ပံ့ပိုးပေးနေတဲ့နိုင်ငံများကိုလည်း ယူကေအစိုးရက အပြင်းအထန်ရှုတ်ချတယ်လို့ထုတ်ပြန်ပါတယ်။

========================

📌📌ထီးချိုင့်မြို့နယ် မြို့အထွက် ကက္ကိုကုန်းလမ်းဆုံမှာ တစ်နေရာထဲ မိုင်းနှစ်ကြိမ် မိ၍ နှစ်ဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြို့အထွက် ကက္ကိုကုန်းလမ်းဆုံမှာ စစ်ဆေးဖို့ ရောက်လာတဲ့ စကစတပ်များယနေ့မနက်တွင် တစ်နေရာထဲ မိုင်းနှစ်ကြိမ် မိ၍ နှစ်ဦးသေ၊ သုံးဦးပြင်းထန်ဒဏ်ရာရတယ်လို့သတင်းရရှိပါတယ်။

မတ်လ ၂၆ ရက် မနက် ၇ နာရီ ၃၀ အချိန် ထီးချိုင့်မြို့အထွက် ကက္ကိုကုန်းလမ်းဆုံမှာ စစ်ဆေးဖို့ ရောက်လာတဲ့ စကစတပ်များကို မြို့ပြမုဆိုးပြောက်ကြားအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်တော်လှန်ရေးအင်အားစု TR ကပြောပါတယ်။

"ဒီနေ့မနက် ၇ နာရီခွဲလောက် မှာ ထီးချိုင့်မြို့အထွက် ကက္ကိုကုန်းလမ်းဆုံမှာ စစ်ဆေးဖို့ ရောက်လာတဲ့ စကစတပ် ၁၀ ကောင်ကို မိုင်းတလုံးနဲ့ တကြိမ်အရင်ဆွဲတာ ၃ ကောင် ဒဏ်ရာရပါတယ်။ နောက် မနက် ၉ နာရီ ၂၀ လောက်မှာ မိုင်းတလုံးနဲ့ ထပ်ဆွဲတာ ၂ ကောင် သေပါတယ်။ မြို့ပြမုဆိုးပြောက်ကြားအဖွဲ့တခုထဲကလုပ်တာပါ"လို့ဆိုပါတယ်။ ထိတွေ့မှုမှာ တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိဘူးလို့လည်းသိရပါတယ်။

========================

📌📌အသက် ၁၈ နှစ် အရွယ် လူငယ်အမျိုးသားကို ဆိုင်ကယ်တားရာ မရပ်ပေး၍ ပစ်သတ်ခဲ့ သတင်းမှန်ဖုံးဖိထား

ဟင်္သာတမြို့တွင် ဆိုင်ကယ်တားရာ မရပ်ပေးဟု အကြောင်းပြချက်ဖြင့် စစ်ကောင်စီရဲတပ်ဖွဲ့က အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားကို ပစ်သတ်၍ သတင်းမှန်ဖုံးဖိထားတယ်လို့သတင်းရရှိပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းမှန်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖြစ်စဥ်အရ မတ်လ ၂၄ ရက် ည ၉ နာရီကျော်တွင် ဟင်္သာတမြို့စွန်မြို့ရှောင်လမ်းတွင် ဆိုင်ကယ်တားရာက လူငယ်ကမရပ်ပေးဟုဆို၍ စကစရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့လူငယ်ဟာ ပြင်းထန်ဒဏ်ရာများနဲ့ ဟင်္သာတဆေးရုံကြီးမှာ သေဆုံးသွားခဲ့ပြီးတော့ စကစတပ်နဲ့ ရဲများဟာ အဆိုပါသတင်းကို ဖုံးဖိခဲ့ရာ မတ်လ၂၅ ရက်ညမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိတဲ့ လူငယ်ဟာ မြန်အောင်မြို့နယ် အနောက်ဖက်နေထိုင်သူ အရပ်သားဖြစ်တယ်လို့သိရပါတယ်။ ဟင်္သာတမြို့နယ်မှာ ယခင်ကလည်း ပစ်ခတ်ဖမ်းဆီးမှုရှိသော်လည်း ယခုဖြစ်ရပ်ဟာ မြို့အတွက် ပထမဦးဆုံးသွေးမြေကျတဲ့ဖြစ်ရပ်လို့ ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

========================

📌📌ဗိုလ်ကြီးတစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ဝင်လာ၍ လွတ်မြောက်နယ်မြေပို့ဆောင်

စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတစ်ဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ဝင်လာ၍ လွတ်မြောက်နယ်မြေပို့ဆောင်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ မတ်လ၂၅ ရက် မှာ CDM ဝင်လာတဲ့ ဗိုလ်အကြောင်းကို ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။

"လက်ရုံးတပ်တစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးအံ့ကျော် (တော်လှန်ရေးအမည်လွှဲ) ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ ပြီးခဲ့တဲ့ ၂၀၂၂ မတ်လ ၃ ရက်နေ့က CDM ဝင်ရောက်လာပါတယ်။ ယခုအချိန်မှာတော့ သူဟာ ဘေးကင်းရာ လွတ်မြောက်နယ်မြေဒေသတစ်ခုကို ရောက်ရှိနေပါပြီ"လို့ဖော်ပြထားပါတယ်။ စကစတပ်များဟာလက်ရှိ ​သြစတြေးလျနိုင်ငံကို ခိုလှုံခွင့်ရမယ်ဆိုတဲ့ သတင်းတွေကြောင့် CDM ဝင်လာသူအများအပြားရှိနေပါတယ်။

“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ" လို့ ဗိုလ်ကြီးအံ့ကျော်က ပြည်သူ့ပန်းတိုင်ကနေတဆင့် ပြည်သူလူထုကို ပြောကြားပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment