27th MAR 2022 - Morning Daily News by Radio NUG

 ၂၀၂၂ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၇/၂၀၂၂) ကို မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာ
📌ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကြိုဆိုကြောင်း NUCC ထုတ်ပြန်
📌အမှန်အမှားဆိုတာခွဲခြားမယ့်အစား အနေ‌ချောင်၊ အစားချောင်ရင် ပြီးရောဆိုတဲ့ လူအများစုရှိတဲ့ ရဲတပ်ဖွဲ့ဆိုးကြီး ဖြစ်နေပြီလို့ CDM ရဲတစ်ဦးက ဖွင့်ဟပြောကြား
📌ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော် တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှူးမှ ငွေကျပ် သိန်း ၅၀ ဂုဏ်ပြုပေးအပ်
📌ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးနှင့် မြဝတီ- ဝေါ်လေ လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ကို KNU တပ်မဟာ ၆ ဒူးပလားခရိုင်က ယာယီရပ်ဆိုင်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၇/၂၀၂၂) ကို မတ်လ ၂၆ ရက် ထုတ်ပြန်ကြေညာတဲ့အကြောင်းကို ပြောပြပေးပါ့မယ်။

ကြေညာချက်အမှတ် (၇/၂၀၂၂) အပြည့်အစုံမှာ

၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြား စစ်ဘက်ကွပ်ကွဲမှု တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွဲနေစဉ်ကာလအတွင်း စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းများနှင့် ကျင့်ဝတ်များလိုက်နာပြီး ပြည်သူတို့၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုတို့အတွက် တော်လှန် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်လာစေရေး အားသွန်ခွန်စိုက် တည်ဆောက်လျက်ရှိသည်။

၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများ ထိခိုက်နစ်နာစေမည့် တိုက်ခိုက်မှုများကို ရှောင်ရှားကြရန်နှင့် အကျဉ်းသားများ၊ သံသယရှိသူများကို စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းများ၊ အရပ်ဘက်ဥပဒေများနှင့်အညီ စစ်မေးထိန်းသိမ်းကြရန် ပညာပေးခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန် လိုက်နာစေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၃။ (၂၆.၁၁.၂၀၂၁) ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်သံမဏိ ဦးဆောင်သော ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အချို့က ကိုထိုက်မောင်အပါအဝင် လာပို့ကျေးရွာသား (၆) ဦးနှင့် အခြား (၄) ဦးအား မှားယွင်းစီရင်ခဲ့သော မှုခင်းတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ယင်းကိစ္စအတွက် လူပျောက်မှုအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါသည်။

၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းမာပင် လူပျောက်တိုင်ကြားမှုအတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် တစ်ရပ်အား တရားရေးဝန်ကြီးဌာနမှ ဥပဒေပညာရှင်များဖြင့်ပေါင်းစပ်၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အထက်ဖော်ပြပါ ယင်းမာပင်အမှုအပါအဝင် ဆက်စပ်အမှုများ၊ စစ်ရေးပြစ်မှုများအား ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများစွာကြားမှ ကြိုးပမ်း၍ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများ၊ ကျူးလွန်သူများအား အရေးယူနိုင်စေရန်နှင့် နစ်နာသူများအား တရားမျှတမှု ခံစားရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။

၅။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် ပျောက်ဆုံးနေ သူများနှင့် ပတ်သက်၍ ယင်းမာပင်ပြည့်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်သံမဏိ၊ နစ်နာသူမိသားစုဝင် (၁၁)ဦးနှင့် အခြားသက်သေ (၈) ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီး ကြားဖြတ်အစီရင်ခံစာနှင့် သုံးသပ်တွေ့ရှိချက်များအား အမျိုးသားညီညွတ်ရေးအစိုးရသို့ (၁၇.၃.၂၀၂၂) ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့သည်။ ကျန်ရှိနေသေးသော သံသယရှိသူများ နှင့် သက်သေများကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

၆။ ကြားဖြတ်အစီရင်ခံစာနှင့် သုံးသပ်တွေ့ရှိချက်များအရ
(က) လာဘို့ရွာမှ ကိုထိုက်မောင်အပါအဝင် ကျေးရွာသား (၆) ဦးကို မှားယွင်းစွပ်စွဲ သတ်ဖြတ်ခဲ့ပြီး အဆိုပါ (၆) ဦးမှာ Hero Tiger PDF အဖွဲ့ဝင်များ ဖြစ်သည်ဟု သိရှိရသည်။
(ခ) အဆိုပါ ကျေးရွာသား (၆) ဦးအပြင် မီးသတ်ရဲဘော် (၂) ဦး၊ ကားမောင်းသူ (၁) ဦးနှင့် ခြေထောက်ဒဏ်ရာရနေသော မီးသတ်ရဲဘော်အား ကူညီရန် လိုက်ပါလာသည့် လူငယ်တစ်ဦး တို့လည်း သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ဆေးတွေ့ရှိရသည်။
(ဂ) ဤသတ်ဖြတ်မှုကို ယင်းမာပင်ဒေသ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်သံမဏိ၏ လက်အောက်ခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်အချို့က ကျူးလွန်ခြင်းဖြစ်သည်ဟု စိစစ်တွေ့ရှိရသည်။
(ဃ) ဤအမှုအခင်းသည် ဒေသခံကာကွယ်ရေးအဖွဲ့ (၂) ဖွဲ့အကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုများကို အကြောင်းပြု သည်ဟု ကနဦး စီစစ်တွေ့ရှိရသည်။

၇။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ စုံစမ်းစစ်ဆေးမှုပြီးစီးသည်နှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သော အရေးယူမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ စုံစမ်းစစ်ဆေး အရေးယူမှုများကို နာခံခြင်းမရှိဘဲ မိမိတို့ စိတ်တိုင်းကျစီရင်မှုများကို လုံးဝခွင့်ပြုမည် မဟုတ်ပါ။

၈။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားသဖြင့်တော်လှန်သော ပြည်သူ့ခုခံတော်လှန်စစ်၏ အနှစ်သာရဖြစ်သည့် ပြည်သူတို့၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုကို ရှေးရှု၍ အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

၉။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ စစ်ပွဲဆိုင်ရာစည်းမျဉ်းများ၊ စစ်သည်တော် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့် သစ္စာအဓိဌာန် (၄) ချက်ကို လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုအား ထိခိုက်စေ သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဖြစ်သည်။

လို့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။


========================

📌📌ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်း NUCC ထုတ်ပြန်

ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမြောက်ကြောင်း အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကိုကြိုဆိုကြောင်း NUCC ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၅ ရက် မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ကြေညာလိုက်တာပါ။

ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်က ရာဇဝတ်မှုမြောက်ကြောင်း တရားဝင်ဆုံးဖြတ်ချက်ကို NUCC က အလေးအနက် ကြိုဆိုပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အလေးပေးပြောဆိုချက်ကိုလည်း တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့တဲ့အမေရိကန်အစိုးရကို NUCC ကအထူးကျေးဇူးတင်ရှိပြီးတော့ NUCC အနေနဲ့ မြန်မာပြည်သူ ပြည်သားအားလုံးနဲ့ ရိုဟင်ဂျာလူနည်းစုများ ဆယ်စုနှစ်ပေါင်းများစွာကြာ ခံစားနေရသော ဆင်းရဲ၊ ထိခိုက် နစ်နာမှုများကို နက်နက်ရှိုင်းရှိုင်းအသိအမှတ်ပြုတယ်လို့ဖော်ပြထားပါတယ်။

========================

📌📌အမှန်အမှားဆိုတာခွဲခြားမယ့်အစား အနေ‌ချောင်၊ အစားချောင်ရင် ပြီးရောဆိုတဲ့ လူအများစုရှိတဲ့ ရဲတပ်ဖွဲ့ဆိုးကြီး ဖြစ်နေပြီလို့ CDM ရဲတစ်ဦးက ဖွင့်ဟပြောကြား

အမှန်အမှားဆိုတာခွဲခြားမယ့်အစား အနေ‌ချောင်၊ အစားချောင်ရင် ပြီးရောဆိုတဲ့ လူအများစုရှိတဲ့ ရဲတပ်ဖွဲ့ဆိုးကြီး ဖြစ်နေပြီလို့ CDM ရဲတစ်ဦးက ဖွင့်ဟပြောကြားလိုက်ပါတယ်။ မတ်လ ၂၆ ရက် မှာ CDM ရဲတပ်ဖွဲ့ဝင် တစ်ဦးပြောကြားချက်ကို Myanmar police CDM Channel မှာဖော်ပြထားပါတယ်။

"ပြည်သူ့ချဥ်ဖက် တပ်ဖွဲ့ အဖြစ်ရပ်တည်ပြီး ပြည်သူတွေကို စကစ လက်အောက်ခံ တပ်ဖွဲ့အနေနဲ့ ဒုက္ခပေးရတဲ့ဘဝမှာ နေပျော်ပြီးကျေနပ်နေလေရဲ့။ အမှန်အမှားဆိုတာ ခွဲခြားမယ့်အစား၊ အနေ‌ချောင် အစားချောင်ရင် ပြီးရောဆိုတဲ့ လူအများစုရှိတဲ့ တပ်ဖွဲ့ဆိုးကြီးဖြစ်နေပြီ။ ဥပဒေဆိုတာ နှုတ်ကထွက်တဲ့အမိန့်ဖြစ်နေသရွေ့၊ ရဲတပ်ဖွဲ့ဆိုတာ ပြည်သူ့အမုန်းခံတပ်ဖွဲ့ တစ်ခုဖြစ်နေဦးမှာပဲ။ ရဲတပ်ဖွဲ့ဝင်ဆိုတာ ပြည်သူနဲ့ တစ်သွေးတစ်သားထဲ ရှိနေရမှာကိုပြည်သူ့ဘက် မရပ်တည်တော့ ပြည်သူတွေရဲ့အမုန်းတွေခံနေရတယ်"လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံ လက်နက်နဲ့ အတူ CDM ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဆုကြေး သိန်း ၃၀ နဲ့ အတူလွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

"အာဏာရှင်အခိုင်းအစေဖြစ်နေသရွေ့ ပြည်သူ့ကျိန်စာမိနေမှာပဲ။ ပြည်သူ့သွေးတွေချနင်း ကိုယ်ကျိုးအတွက် ကြည့်တဲ့အာဏာရှင်တွေလက်အောက်ခံတပ်ဖွဲ့ဖြစ်နေသရွေ့ ရဲတပ်ဖွဲ့နာမည်ပျက်နေမှာပဲ။ ရဲတပ်ဖွဲ့ကိုချစ်လို့ ရဲထဲဝင်လာတယ်ဆိုရင် ရဲတပ်ဖွဲ့ကိုပြုပြင်ဖို့ လိုတာသိမှာပါ။ ပြည်သူ့ရဲဖြစ်အောင် ပြုလုပ်ဖို့က မိမိတာဝန်ပါ၊ ရုန်းမထွက်နိုင် ပြည်သူနဲ့မပူးပေါင်းနိုင်ပဲ ၊ပြည်သူ့ရဲဆိုပြီး နာမည်ခံနေရင်တော့ အရှက်ဆိုတာမရှိလို့ပါပဲ"လို့ CDM ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုထားပါတယ်။

========================

📌📌ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော် တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှူးမှ ငွေကျပ် သိန်း ၅၀ ဂုဏ်ပြုပေးအပ်

ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော် တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှူးမှငွေကျပ် သိန်း ၅၀ ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ မတ်လ ၂၆ ရက် မှာ CDF-Mindatမှ CDMဝင်လာတဲ့ ခလ၂၇၄ မှ ရဲဘော် တစ်ဦးရှိကြောင်းဆိုပါတယ်။

"CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်ထဲ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသော ခလရ (၂၇၄) မှ ရဲဘော်တစ်ဦးအား CDF-Mindat ၏ တပ်မဟာမှူးမှ သိန်း ၅၀ ဖြင့် နွေးထွေးစွာကြိုဆိုခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ထိုရဲဲဘော်လေးမှလည်း ပြည်သူ့တော်လှန်ရေးအတွက် CDF-Mindat အား ကျပ် ၁၅ သိန်း ပြန်လည်လှူတမ်းခဲ့တယ်လို့ CDF-Mindat (Admin team) မှ သိရပါတယ်။

========================

📌📌ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးနှင့် မြဝတီ- ဝေါ်လေ လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ကို KNU တပ်မဟာ ၆ ဒူးပလားခရိုင်က ယာယီရပ်ဆိုင်း

ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးနှင့် မြဝတီ- ဝေါ်လေ လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ကို KNU တပ်မဟာ ၆ ဒူးပလားခရိုင်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ KNU ဒူးပလားခရိုင် ကော့ကရိတ်မြို့နယ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

"အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ၏ လုပ်ဆောင် ချက်များသည် မိမိတို့ဒူးပလာယာခရိုင်နှင့် အမှတ် (၆) တပ်မဟာအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ပါတယ်။ ထိုစိန်ခေါ်မှုများအား ရင်ဆိုင်ရန်အတွက် (၂၇/၃/၂၀၂၂) ရက်နေ့မှစ၍ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးနှင့် မြဝတီ- ဝေါ်လေ လမ်းမကြီးအား အသုံးပြုလျှက် ယာဥ်များဖြတ်သန်းသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းများကို ယာယီရပ်ဆိုင်းထားကြရန် ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီမှ အသိပေးထုတ်ပြန်အပ်ပါတယ်"လို့ ဖော်ပြထားပါတယ်။

စကစတပ်များဟာ ကရင်ပြည်နယ်ကို လက်ရှိစစ်ကြောင်းထိုးလျက်ရှိပြီးတော့ ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာမတ်လ ၂၅ ရက် နေ့က ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်ပြေးတိမ်းရှောင်နေ နေရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment