သတင်းခေါင်းစဉ်များ -
📌စစ်ကိုင်းတိုင်းတွင်း မြို့နယ်များကို အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုဖြတ်တောက်
📌ပခုက္ကူမြို့က ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့နဲ့ စျေးဆိုင်တွေကလည်း စစ်ကောင်စီထုတ်ကုန်တွေ မရောင်းဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်
📌မင်းအောင်လှိုင် ပြည်မြို့ကို လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် မြို့လယ်ခေါင်နေရာတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းတွေ ချိတ်ဆွဲဆန္ဒပြ
📌ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကိုင်းတိုင်းတွင်း မြို့နယ်များကို အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုဖြတ်တောက်လိုက်တဲ့သတင်းကို တင်ပြပေးပါ့မယ်
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၂၃ မြို့နယ်တွင် မတ်လ ၃ ရက် ည ၁၁ နာရီမှစလို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုများ ထပ်မံဖြတ်တောက်လိုက်ပါတယ်။ ဒီလိုဆက်သွယ်မှုဖြတ်တောက်တာဟာ စစ်ကောင်စီအနေနဲ့ လူမဆန်တဲ့စစ်ရာဇဝတ်မှုများကို အစွမ်းကုန်ကျူးလွန်တော့မယ့် ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ အင်တာနက်ဖြတ်တောက်မှုကို စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးခုဖြစ်တဲ့ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး တို့မှအပ ကျန်မြို့နယ်အားလုံးတွင် MPT၊အော်ရီဒူး နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးမိုဘိုင်း အင်တာနက် လိုင်းအားလုံးကို ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
"MPT နဲ့ အော်ရီဒူးက အင်တာနက်လုံးလုံးမရတော့ဘူး။တယ်လီနောက တော့ 2G တချက်တချက်ပေါ်တယ်။အဲဒါလဲ ဘာသွားသုံးစားလို့ရမလဲဗျာ " လို့ မြောင်မြို့နေ ပြည်သူတစ်ဦးက အင်တာနက်သုံးမရတဲ့အပေါ် ညည်းတွားပြောဆိုသွားပါတယ်။ ၎င်းကဆက်လက်ပြီး စစ်အာဏာရှင်အမိန့်တိုင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ညွှန်ကြားသမျှလိုက်နာနေတဲ့ စစ်ကောင်စီယန္တရားများအဖြစ် MPT ၊ အော်ရီဒူး နှင့် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းများကို အပြစ်ဖို့ပြောဆိုပါတယ်။ ပြည်သူများနှင့်အတူ စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အင်တာနက်လိုင်းများ အလုံးစုံဖြတ်တောက်ခံရခြင်းသည် အကြမ်ဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကို ယခုထက်ပို၍ ဖိအားပေးတော့မည့် လက္ခဏာဖြစ်တယ်လို့ ယူဆချက်နဲ့ လုံခြုံရေးသတိပိုမိုထားရှိနေရပါတယ်။
"အရေးအကြီးဆုံးကစစ်ကိုင်းက မြို့တွေအားလုံးနီးပါးက သတင်းစီးဆင်းမှုတွေနှေးကွေးသွားလိမ့်မယ်။ အကြမ်းဖက်သတ်ဖြတ်တာတွေကို အရှိန်မြှင့်လုပ်လာလိမ့်မယ်ကျွန်တော်တို့ ပြည်သူ့တပ်ဖွဲ့တွေအပါအဝင် ပြည်သူတွေအတွက် ပိုသတိထားရတော့မှာပါ" လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ပအဖ(ပြည်သူ့အုပ်ချုပ်ရေး) တာဝန်ရှိသူတစ်ဦးကတော့ ဒါဟာ စစ်ကိုင်းတွင်းတွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်စီမံကိန်းကို အပီအပြင် အကောင်အထည်ဖော်နေတာ သိသာထင်ရှားတယ်လို့ မှတ်ချက်ပြုထားပါတယ်။
"အစွမ်းကုန် ယုတ်မာကြတော့မှာ။ လူသိသူသိအခြေအနေတွေမှာတောင် သတ်ဖြတ်ခံရတဲ့ ပြည်သူတွေဆိုတာ ရုပ်လုံးတောင် ဖော်မရခဲ့ကြတာ။ အခု ဆိုပိုဆိုးတော့မယ်။ပြည်တွင်းက ပြည်သူတွေနဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ အခု ဖြစ်စဥ်ကို ဝိုင်းဝန်းကူညီကြပါလို့ တိုက်တွန်းပါရစေ" ဟု ၎င်းကဆက်လက်တောင်းဆိုသွားပါတယ်။
လက်နက်အင်အားမမျှသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး မြို့နယ်အလိုက် ပြောက်ကျားအဖွဲ့ များက စစ်အာဏာရှင် ကိုနေ့စဥ် အထိနာအောင်တိုက်ခိုက်နိုင်နေတာကြောင့် အခုလို နည်းလမ်းပေါင်းစုံအသာစီးယူပြီး အဆက်အသွယ်ဖြတ်တောက်နေကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကို ၂၀၂၁ အောက်တိုဘာလမှစ၍ အလောင်းမင်းတရား စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၂ နှစ်ဦးပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ အရပ်သာပြည်သူများအပေါ် ဦးတည်အကြမ်းဖက်သတ်ဖြတ်မှုများကို ဗဟိုပြုလာတာတွေ့ရပါတယ်။ လူမဆန်သည့်နည်းမှန်သမျှကို အဓမ္မအမိန့်ဖြင့်စေခိုင်းပြီး အခုလိုဆက်သွယ်ရေးဖြတ်တောက်ခြင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဲ့ဝင်များကို အသာစီးရန်ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။
========================
📌📌ပခုက္ကူမြို့က ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်ကြဖို့နဲ့ စျေးဆိုင်တွေကလည်း စစ်ကောင်စီထုတ်ကုန်တွေ မရောင်းဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်
လက်ရှိ တော်လှန်ရေးအရှိန်အဟုန်ပိုမို မြင့်လာစေဖို့နဲ့ ပြည်သူလူထူတစ်ဦးချင်းစီရဲ့ လူမှုဘ၀လုံခြုံမှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က အသိပေးကြေညာခဲ့ပါတယ်။
အဲဒီဒေသန္တရအမိန့်မှာ ပခုက္ကူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ထောက်တိုင် ကုမ္ပဏီ၊ စက်ရုံတွေက ထွက်ရှိတဲ့ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေကို လာမယ့်မတ်လ ၂၀ ရက်ကစပြီး ရောင်းချသယ်ယူခြင်း လုံး၀မပြုရဘူးလို့ဖော်ပြထားပါတယ်။
မြန်မာဘီယာနဲ့ Red Ruby ကဲ့သို့ပစ္စည်းတွေ အပါအဝင် အကြမ်းဖက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတာ၊ သယ်ယူတာ စိစစ်တွေ့ရှိရင် ကုန်ပစ္စည်းအားသိမ်းယူတာ၊ ဖျက်ဆီးတာနဲ့ အခြားအုပ်ချုပ်မှုနည်းလမ်းတွေနဲ့အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် အကြမ်း ဖက်စစ်တပ်လက်အောက်ခံ စစ်ဘက် အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ မတ်လ ၂၀ရက်နောက်ဆုံးထားပြီး အမြန်ဆုံး CDM ပြုလုပ်သွားကြဖို့လည်း အဲဒီဒေသန္တရအမိန့်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်သောင်းကျန်းသူ စစ်ကောင်စီအလိုကျ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ယူမည်မဟုတ်တဲ့အပြင် မိမိလုပ်ရပ်နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူရမယ်လို့အသိပေးထားပါတယ်။
ပြည်သူလူထုစီးပွားရေးခက်ခဲနေချိန်မှာ စစ်ကောင်စီကျည်ဆန်၊ လက်နက်ခဲယမ်းဖြစ်စေမယ့် ရေမီတာ၊ လျှပ်စစ်မီတာစတဲ့ အခွန်အခတွကောက်ခံတာ လုံး၀မပြုလုပ်ဖို့ ပခုက္ကူ(ပအဖ)က တားမြစ်ထားပါတယ်။
ကောက်ခံတဲ့ ပုဂ္ဂိုလ်၊ ဌာန/အဖွဲ့အစည်းတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကိစ္စကို ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ အာမခံချက်လုံး၀(လုံး၀)ပေးမှာမဟုတ်ကြောင်းနဲ့ သက်ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အညီသာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ယခုအာဏာလုကာလအတွင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပျူစောထီးဆိုသူတွေ အနေနဲ့ ရပ်ရွာအတွင်းရှိပြည်သူလူထုအား အကြမ်းဖက်၊ ဓါးပြဆန်ဆန် ကိုယ်ထိလက်ရောက်ပြုမူခြင်း၊ ခြိမ်းခြောက်ခြင်း ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေချက်ချင်းရပ်တန့်ကြဖို့လည်းသတိပေးထားပါတယ်။ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ထိရောက်စွာအရေးယူခြင်းကို ခံရမယ်လို့လည်း အသိပေးထားပါတယ်။
ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနဲ့လည်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ဌာနတွေ၊ ဆက်စပ်ရာနေရာတွေကို သွားရောက်တာ၊ ပတ်သက်ဆက်နွယ်တာတွေမလုပ်ဖို့ တိုက်တွန်းထားသလို အကြမ်းဖက်စစ်ကောင်စီက အကြောင်းပြချက်မရှိ စစ်ဆေးဖမ်းဆီးနှိပ်စက်တာတွေ ပြုမူလေ့ရှိလို့ မလို အပ်ဘဲပြင်ပထွက်ခွာတာ၊ ခရီးသွားလာတာတွေ ရှောင်ရှားပေးဖို့လည်းပခုက္ကူ ပအဖက ထုတ်ပြန်ထားပါတယ်။
========================
📌📌မင်းအောင်လှိုင် ပြည်မြို့ကို လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် မြို့လယ်ခေါင်နေရာတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းတွေ ချိတ်ဆွဲဆန္ဒပြ
မင်းအောင်လှိုင် ပြည်မြို့ကို လာရောက်မယ်ဆိုတဲ့သတင်းကြောင့် မြို့လယ်ခေါင်နေရာတချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းတွေ ဒီနေ့ ချိတ်ဆွဲဆန္ဒပြကြတယ်လို့ PUGN က သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့ ကို လာရောက်ရန်ရှိနေပြီး ဒီနေ့ကစလို့ နောက် ၄ ရက်အထိ မြို့တွင်းရှိ အမိုးအကာတွေနဲ့လမ်းဘေးဈေးဆိုင်အချို့ကိုဖျက်သိမ်းခိုင်းထားတယ်လို့ သတင်းရရှိထားပါတယ်။
အကြမ်းဖက် စစ်တပ်တွေ တပ်စွဲထားသောနေရာတွေမှာလည်း အရင်ထက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ PUGN သတင်းကဆိုပါတယ်။
"ချုပ်ချယ်ရင် ရုန်းကန်ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင် လံ ထူကြ လွှင့်ကြ" ၊ "ပြည်သူတွေက လက်န က်မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်နက်မပါဘဲလာခဲ့ကြ" ဆိုတဲ့ စာသားတွေကို PUGN Team နဲ့ Shadow (Pyay Defence)အဖွဲ့က ပူးပေါင်းဆောင်ရွက် ချိတ် ဆွဲခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး၁၀နိုင်ငံစာရင်းထဲ ပါဝင်လာပါတယ်။
မတ်လ၂ရက်နေ့ကထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ရဲ့ ၂၀၂၁ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံးနံပါတ် ၉ နေရာရောက်လာကြောင်းဖော်ပြ ထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးက အာဖဂန်နစ္စတန်ဖြစ်ပြီး ဒုတိယအီရန်နဲ့ တတိယ ဆိုမားလီးယား ဖြစ်ကာ နံပါတ် ၉ နေရာမှာရှိတဲ့ မြန်မာနိုင်ငံရဲ့နောက် နံပတ် ၁၀ ကတော့ ပါကစ္စတန်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၇၅၀ ဖြစ်ပွားခဲ့ပြီး အသက်သေဆုံးသူ ၅၂၁ ဦးသေကာ ဒဏ်ရာရသူ ၃၅၁ ဦး ရှိခဲ့ပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာလည်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေကြောင့် ထိခိုက်သေဆုံးမှု အရေအတွက် တိုးလာမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်မှာမြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၄ ဦးသာ သေဆုံးမှု ရှိခဲ့ရာကနေ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ သေဆုံးမှု အဆ ၂၀ တိုး လာခဲ့ကာအဲဒါဟာ ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အရေအတွက်အများဆုံး တိုးလာတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု ၅၂၂၆ ခု ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ဟာ ကမ္ဘာတစ်ဝန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လေ့လာပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Delta News မှထုတ်နုတ်တင်ပြပေးတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment