၂၀၂၂ မတ်လ ၅ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်းဟောပြောပွဲတရပ်ကိုကျင်းပမည်
📌ငွေတိုက်စာချုပ်ဝယ်ယူနေသူတွေဟာ ကိုယ်ထူကိုယ်ထ ရဲဘော်ရဲဘက် စိတ်နဲ့ မိမိတို့တိုင်းပြည်ကို တစ်တပ်တစ်အား ပြန်လည်ထူထောင်နေကြသူတွေဖြစ်ကာ ငွေတိုက်စာချုပ်စုစုပေါင်း ၆၁၀၇၄ စောင်ရောင်းချပြီးဖြစ်
📌အင်တာနက်များဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတွင်းမှာ စစ်ကောင်စီတပ်များဟာ ရွာသားတွေကိုဝင်ရောက်သတ်ဖြတ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ဦးဆုံးအနေနဲ့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ခေါင်းစဉ်ဖြင့် အွန်လိုင်းဟောပြောပွဲတရပ်ကိုကျင်းပမယ့်သတင်းကို တင်ပြပေးချင်ပါတယ်။
နှစ်စဥ် မတ်လ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ အမျိုးသမီးအခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတို့အတွက် အသိအမြင်မျှဝေရေး၊ လှုပ်ရှားမှုများအတွက် ရည်ရွယ်ပြီး နှစ်စဥ်ကျင်းပလေ့ ရှိပါတယ်။ ကမ္ဘာကြီးပေါ်က နိုင်ငံရေးအရွေ့၊ သမိုင်းရဲ့အရွေ့တိုင်းမှာ အမျိုးသမီးများဟာ ရွပ်ရွပ်ချွံချွံ ရှေ့တန်းကနေပါဝင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ သူမတို့ရဲ့ တောင်းဆိုမှုဟာ အမျိုးသမီးတွေအတွက်သာမက၊ လူသားတွေရဲ့ အခွင့်အရေး၊ ပြည်သူပြည်သားများရဲ့ အသံ၊ အလုပ်သမားထုတစ်ရပ်လုံးရဲ့ အခွင့်အရေး၊ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးတို့ကို ကိုယ်စားပြုနေပါကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာလဲ အမျိုးသမီးများဟာ ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံပါဝင်ပြီး မတရားမှုကို တိုက်ထုတ်လျက်ရှိပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ အခုလို သမိုင်းရဲ့ အရွေ့မှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ ယင်းအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို အတူတူပါဝင်ဆင်နွဲကြဖို့ ဖိတ်ခေါ်အပ်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက နှိုးဆော်ထားတာကိုတွေ့ရပါတယ်။
ဆက်လက်ပီး ရေးသားဖော်ပြရာမှာ အာဏာရှင်စနစ်ကို တိုက်ထုတ်နေရာမှာ စစ်အာဏာရှင်စနစ်သာမက ကျား၊မ ဘက်လိုက်ခွဲခြားသည့် အာဏာရှင်စနစ်၊ လူမျိုးတစ်မျိုးမှ တစ်မျိုးအပေါ်နိုင်ထက် စီးနင်းပြုသည့် အာဏာရှင်စနစ်၊ လူတန်းစားခွဲခြားဘက်လိုက်သည့် အာဏာရှင်စနစ်တို့ကို ပါတပြိုင်ထဲ ဆန့်ကျင်တော်လှန်ကြရမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရုံသာမက ဘက်လိုက်မှုကင်းစင်ပြီး ကျားမတန်းတူညီမျှသော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာစေရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်လို့ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက နှိုးဆော်လျက်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့မှာတော့ Break The Bias Reject Dictatorship အမည်နဲ့ အွန်လိုင်းဆွေးနွေးဟောပြောပွဲတရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲကို မတ်လ ၈ ရက်နေ့ မနက် ၈ နာရီမှ ကိုးနာရီခွဲထိ စီစဉ်ကျင်းပမှာဖြစ်ပြီး အန်ယူဂျီအစိုးရ ယာယီသမတ ဒူဝါလရှိးလက တက်ရောက်အမှာစကားပြောမှာဖြစ်ပါတယ်။ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီး စူဇနာလှလှစိုးအပြင် အခြားသော အမျိုးသမီးရေးရာတက်ကြွလှုပ်ရှားသူ လူငယ်များက ပါဝင်ဟောပြောသွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌ငွေတိုက်စာချုပ်ဝယ်ယူနေသူတွေဟာ ကိုယ်ထူကိုယ်ထ ရဲဘော်ရဲဘက် စိတ်နဲ့ မိမိတို့တိုင်းပြည်ကို တစ်တပ်တစ်အား ပြန်လည်ထူထောင်နေကြသူတွေဖြစ်ကာ ငွေတိုက်စာချုပ်စုစုပေါင်း ၆၁၀၇၄ စောင်ရောင်းချပြီးဖြစ်တဲ့အကြောင်း သတင်းကို ဆက်လက်ဖတ်ကြားပေးပါ့မယ်
၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့အထိ ထုတ်ဝေရောင်းချခဲ့ပြီးသော ငွေတိုက်စာချုပ်စုစုပေါင်းမှာ ၆၁၀၇၄ စောင် ဖြစ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များရောင်းချနေတဲ့ ယူနိုက်တက်ဘွန်းလူမှုကွန်ရက်စာမျက်နှာက မတ်လ ၄ ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ ဘွန်းဝယ်ယူကြသူတွေထဲမှာ အမေရိကန်ဒေါ်လာ သိန်းနဲ့ သန်းနဲ့ချီပြီး ဝယ်သူတွေပါဝင်သလို USD ၁၀၀ တန်းဘွန်းကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်းပါဝင်တယ်လို့ ယူနိုက်တက်ဘွန်းစာမျက်နှာက အသိပေးထုတ်ပြန်လိုက်တာပါ။
မိမိနိုင်တဲ့ပမာဏအလိုက် ဘွန်းတန်ဖိုး အသီးသီးဝယ်ယူပြီး တော်လှန်ရေးအတွက် ပါဝင်အားဖြည့်ပေးကြသူ တစ်ဦးချင်းတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်းကိုလည်း ယူနိုက်တက်ဘွန်းအဖွဲ့က ကျေးဇူးတင်စကားရေးသားထားတာတွေ့ရပါတယ်။ တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုထိခိုက်ကြရတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ်ချွံချွံ တွန်းလှန်နေကြတဲ့ တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ဖို့ မိမိတို့ရဲ့ ချွေးနည်းစာများကို ခက်ခဲမှုများကြားထဲကနေ တာဝန်သိစိတ်နဲ့ ဘွန်းဝယ်ယူပေးကြသူတွေဖြစ်သလို ကိုယ်ထူကိုယ်ထ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ မိမိတို့ တိုင်းပြည်ကို တစ်တပ်တစ်အား ပြန်လည်ထူထောင်နေကြသူတွေလည်း ဖြစ်ကြပါတယ်။
ဝယ်ယူပံ့ပိုးထားတဲ့ ငွေကြေးများကိုလည်း လိုအပ်တဲ့နေရာတွေမှာ ထိထိရောက်ရောက် အသုံးပြုနေတယ်ဆိုတာကို အသိပေးတင်ပြလိုပါတယ်လို့ NUG ယူနိုက်က်ဘွန်းအဖွဲ့က ဖော်ပြပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်ရသူတွေကိုလည်း နည်းသည်ဖြစ်စေ များသည်ဖြစ်စေ တတ်စွမ်းသလောက် ဘွန်းဝယ်ယူပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာကို ကာကွယ်ပံ့ပိုးပေးကြဖို့ ဆက်လက်တိုက်တွန်းပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ဆိုပြီး သတင်းစကားပါးထားပါသေးတယ်။
၁၉၄၅ ခုနှစ်မှာ တောင်တန်း မြေပြန့် ပြည်သူပြည်သားများ၊ တော်လှန်ရေးအင်အားစုများအားလုံး တညီတညွတ်တည်း ဖက်ဆစ်စနစ်ဆိုးကို အပြီးတိုင်တိုက်ထုတ်ခဲ့သလိုပဲ ယခုအခါမှာလည်း ပြည်သူများအားလုံး “ကျောချင်းကပ်” ကာ ဖက်ဆစ်စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် တိုက်ထုတ်ကြဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေးအတွက် ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အရေး “အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့” ဆိုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ယူနိုက်တက်ဘွန်းငွေတိုက်စာချုပ်အရောင်းစာမျက်နှာက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌နောက်ဆုံးသတင်းတပုဒ်အနေနဲ့ အင်တာနက်များဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတွင်းမှာ စစ်ကောင်စီတပ်များဟာ ရွာသားတွေကိုဝင်ရောက်သတ်ဖြတ်နေတဲ့သတင်းကို တင်ပြပေးပါ့မယ်
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို မတ်လ ၃ ရက်နေ့ကစလို့ အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီးနောက် မတ်လ ၄ ရက်နေ့မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဟာ ရွာတွေထဲဝင်ပြီးတော့ မီးရှို့သတ်ဖြတ်မှုတွေ လုပ်ဆောင်လာနေပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ မင်းဆွေနှစ်ကျေးရွာမှာ မတ် ၄ ရက်နေ့ မနက်ပိုင်းက အိမ်စီးကားနဲ့ စစ်ကောင်စီတပ်တွေဝင်လာပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦး အသတ်ခံလိုက်ရတယ်လို့အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပြပါတယ်။ ရွာလုံခြုံရေး ကင်းစောင့်ပြီး နားနေတဲ့အချိန် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက အိမ်စီးကားနဲ့ရောက်လာပါတယ်။ ကင်းစောင့်နေသူများက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကားကို အများပြည်သူအသုံးပြုတဲ့ ကားလို့ ထင်မှတ်လိုက်တာကြောင့် ခုလို တိုက်ခိုက်ခံလိုက်ရတာဖြစ်ကြောင်း သူကပြောပြပါတယ်။
“ညဘက်ဆို မီးထိုးပြီးကြွက်ရှာတဲ့ ဒေသခံတွေရှိတယ်။ ဝမ်းစာရေးဆိုတော့လည်း သူတို့က မပြောသာဘူးပေါ့။ မနက်ပိုင်း ကားမီးက ကြွက်ထိုးမီးလိုလုပ်လာတော့ ပြည်သူတွေလို့ပဲ ထင်လိုက်တယ်နဲ့တူပါတယ်။ အိပ်နေတဲ့ ၈ ယောက်လုံးကို သတ်ပြီး တဲနဲ့အတူ မီးရှို့သွားတာ။ သေနတ်သံကြားမှပဲ ရွာထဲကလူတွေ သိကြတာ။ ကားက လူနာတင်ကားလား၊ ဘုန်းကြီးကားလားတော့ မသေချာဘူး။ အရပ်သားကားပဲ သိလိုက်တယ်။ ညကတည်းက အင်တာနက်ဖြတ်ထားတော့ သတင်းအချက်လက်တွေလည်း မသိလိုက်ကြဘူးလေ” လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။ အသတ်ခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ဝန်းကျင်ရှိတဲ့ လူငယ်တွေဖြစ်ပြီး ရွာအပြင်မှာ လုံခြုံရေးယူထားကြတာလို့သိရပါတယ်။ စစ်ကောင်စီတပ်များဟာ ရွာသားလူငယ်တွေကို သတ်ဖြတ်ပြီးနောက်မှာ ရွာထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စိုင်ပြင်ရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ညဘက် အပြင်မထွက်ဖို့ ပြည်သူတွေကို သတိပေးထားပေမယ့် တချို့ပြည်သူတွေက မလိုက်နာတာတွေရှိတယ်လို့လည်းသိရပါတယ်။ ရန်သူစစ်ကောင်စီအမှတ်နဲ့ မှားယွင်း ပစ်ခတ်မိရင် ပြည်သူအန္တရာယ်ဖြစ်မှာစိုးလို့ ရှောင်ရှားရင်း အခုလို အသက်ပေးလိုက်ရတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ခုလိုအဖြစ်ဆိုးထပ်မကြုံရန် ပူးပေါင်းပေးကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေဖြစ်တဲ့ ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ အခြားဒေသအချို့မှာ အင်တာနက်ဖြတ်တောက်ခံထားရတာ ၆ လကျော်နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘိုကလွဲရင် ကျန်တဲ့နေရာတွေအကုန်အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာ။ ၄ မြို့နယ်ကလွဲလို့ စစ်ကိုင်းတိုင်းတစ်ခုလုံးပါပဲ” လို့ သူကပြောပြပါတယ်။ မတ်လ ၃ ရက်နေ့ညပိုင်းကစလို့ အင်တာနက်ဖြတ်တောက်လိုက်တဲ့ မြို့နယ်ပေါင်း ၂၃ ရွာအထိ ရှိလာပါတယ်။ အခုလို အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှု သတ်ဖြတ်မီးရှို့မှု တွေပြုလုပ်လာမှာကို စိုးရိမ်မှုများ မြင့်တက်နေကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment