သတင်းခေါင်းစဉ်များ -
📌စစ်ကောင်စီ၏ နိုင်ငံသားရပ်စဲမှုကို အူနှိပ်ပြီး ရီနေရုံပဲလို့ NUG ပြည်ထဲရေးဝန်ကြီးတုံ့ပြန်ခဲ့သလို ဒါဟာတရားမဝင်ဘူးလို့ NUG၏လူ့အခွင့်ရေးရာဝန်ကြီးကလည်းတုံ့ပြန်ပြောဆိုခဲ့
📌ရန်ကုန် မြို့တွင် မီးပြတ်ချိန် မီတာဘောက် အထွက်ကြိုးတွေခိုးယူခြင်းခံနေရ
📌လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့မိခင်ပိုင်နေအိမ်ကို စစ်ကောင်စီက ဖမ်းဝရမ်းကပ် ချိတ်ပိတ်ရန်ကြိုးစား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကောင်စီ၏ နိုင်ငံသားရပ်စဲမှုကို အူနှိပ်ပြီး ရီနေရုံပဲလို့ NUG ပြည်ထဲရေးဝန်ကြီးတုံ့ပြန်ခဲ့သလို ဒါဟာတရားမဝင်ဘူးလို့ NUG၏လူ့အခွင့်ရေးရာဝန်ကြီးကလည်းတုံ့ပြန်ပြောဆိုခဲ့တဲ့ အကြောင်းကိုတင်ပြပေးပါ့မယ်။
မတ်လ၄ရက်နေ့မှာ စကစဟာ NUGပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးများကို နိုင်ငံသားရပ်စဲကြောင်း ကြေညာတဲ့အပေါ် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဒီလိုထုတ်လိုက်တဲ့အပေါ် အူနှိပ်ပြီး ရီနေရုံပဲလို့ သူ့ရဲ့လူမှုကွန်ရက် မှာ ရေးသားဖော်ပြခဲ့တာပါ။
"ငါ့ ရဲဘော်တွေကို ကတိပေးပြီး သူတို့ နဲ့ အတူနေနေတာကိုမင်းတို့ပြောတဲ့ ဥပဒေနဲ့ ဘယ်ဟာကများညှိစွန်းနေလို့တုန်း၊ ပြီးတော့ NUG စဖွဲ့က တည်းက ငါတို့ မူဝါဒက ပျက်သားပြီးသား၊အာဏာရှင်ဆန့်ကျင် တိုက်ပွဲဝင်ခဲ့မှု့ကြောင့် အကြောင်းအမျိုးမျိုး နဲ့ ပြည်ပရောက်နေတဲ့ပြည်ထောင်စုဖွားတွေပါ။
ငါတို့က နိုင်ငံသစ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကိုအတွေးအခေါ်သစ်တန်ဖိုးစံ အသစ်တွေနဲ့ တည်ဆောက်ကြဖို့ခြေခံမူတွေ ပျက်သားပြီး သားဆိုတော့အူနှိပ်ပြီး ရီနေရရုံထက် ဘာမှမပိုပါဘူး ကွာ"လို့ဆိုထားပါတယ်။
၂၀၂၁ခု နှစ် ဖေဖော် ဝါရီ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက် NLDအစုိးရအဖွဲ့ဝင်များနဲ့ အမတ်များကို ဖမ်းဆီးအရေးယူခဲ့တယ်။
ဒါပေမဲ့ NUGအစိုးရအဖွဲ့ပါအမတ်များဟာ CRPHပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီးတော့ NUGခေါ် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပေးနိုင်ခဲ့တဲ့လို့ပြန်လည်ရေးသားတုံ့ပြန်ထားပါတယ်။
အလားတူလူ့အခွင့်အရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကလည်းနိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဟာ စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဟာ အစိုးရမဟုတ်တဲ့အတွကွ သူတို့ထုတ်ပြန်တဲ့ "နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်း" ဆိုတာ တရားမဝင်ပါဘူး။ တရားဝင်ခဲ့မယ်ဆိုရင်တောင် နိုင်ငံကိုချစ်တဲ့စိတ်ကို ဘယ်လိုနည်းနဲ့မှ ဟန့်တားနိုင်မှာမဟုတ်ပါဘူး။ ကိုးကားထားတဲ့ ပုဒ်မ ၁၆ ဆိုတာနဲ့လဲ မကိုက်ညီပါဘူး။ အပြီးအပိုင်ထွက်ခွာသွားကြတာ မဟုတ်ပါ၊ အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ပါ"လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးကဆိုပါတယ်။
မတ်လ၄ရက်နေ့မှာ စကစဟာ ၁၉၈၂ခု နှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ၆၇ ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းဥပဒေပုဒ်မ၁၆နဲ့အညီ နိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့တယ်လို့ ထုတ်ပြန် ကြေညာပါတယ်။
========================
📌📌ရန်ကုန် မြို့တွင် မီးပြတ်ချိန် မီတာဘောက် အထွက်ကြိုးတွေခိုးယူခြင်းခံနေရ
၂၀၂၂ခု နှစ်ဇန်နဝါရီလကစလို့ လျှပ်စစ်မီးပြတ်တောက် မှုများဟာ ရန်ကုန်မြို့တွင်းမှာ ပိုမိုကြုံတွေ့လာရပြီး အထပ် မြင့်တိုက်ခန်းနေထိုင်သူများ အနေနဲ့ သုံးရေ အခက်အခဲဖြစ်တာနဲ့ ချက်ပြုတ်ဖို့ အဆင်မပြေတာတွေ ဖြစ်ပျက်နေသလို ရန်ကုန်မြို့၏ မြို့နယ်အချို့မှာလည်း လျှပ်စစ်ရုံးက မီးဖြတ်ချိန်မှာ မီးကြိုးတွေကို ကတ်ကြေးနဲ့ ညှပ်ယူခိုးခံနေရတယ်လို့ သိရပါတယ်။
"ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် လမ်းတစ်ချို့မှာEPC ရုံးက ဝန်ထမ်းယောင်ဆောင်ပြီး မီးတွေ ပျက်နေ ချိန် အခွင့်ကောင်းယူပြီး လူနေတိုက်ခန်း လှေခါးပေါ်တွေတက်ပါတယ်။မီတာပုံးက အထွက်ကြိုးတွေ ကို လှေခါးအလယ်လောက်က နေ ဖြတ်ခိုး တဲ့ မီတာကြိုးသူခိုးတွေပတ်သောင်းကျန်းနေကြပါတယ်။လူတွေက မီး မ လာ၊ မီးလာပြန်ရင် ရေ မ လာလို့ စိတ်ညစ်နေကြတာ၊ မီးက လာပြီ
ရေတင်မယ်ကြံတုံး သူခိုးတွေက မီတာပုံးက အဝင်အထွက်ကြိုးတွေ ကို အလယ်က နေ ညှပ် ခိုးသွားလို့ သူများက မီးလာလို့ ပျော်နေချိန် မပျော်ရှာရပါဘူး"လို့ ရန်ကုန်မြို့နေထိုင်သူတစ်ဦးကဆိုထားပါတယ်။
လက်ရှိမှာ မြို့နယ်လျှပ်စစ်ရုံးတွေက ဒဂုံတောင်၊ဒဂုံမြောက်၊ ဒဂုံအရှေ့ ၊ လှိုင်သာယာ၊ရွှေပြည်သာ စတဲ့မြို့နယ်တွေကို မီးအလှည့်ကျပေးစနစ်ကိုကျင့်သုံးနေပါတယ်။ နာရီနဲ့အလှည့်ကျ မီးရရှိလို့ ရေတင်ဖို့နဲ့ ချက်ပြုတ်စားသောက်ဖို့ကို နေ့စဥ်လုပ်ငန်းဆောင်တာတွေထဲမှာလူတွေက ဦးစားပေးလုပ်ဆောင်နေရတယ်လို့သိရပါတယ်။
========================
📌📌လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့မိခင်ပိုင်နေအိမ်ကို စစ်ကောင်စီက ဖမ်းဝရမ်းကပ် ချိတ်ပိတ်ရန်ကြိုးစားတဲ့သတင်းတပုဒ်ကို တင်ပြပေးပါ့မယ်
နိုင်ငံတော်အာဏာကိုဥပဒေမဲ့ သိမ်းယူပြီး ပြည်သူလူထုရဲ့ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်မှာပဲ စစ်ကောင်စီဟာ ဒီမိုကရေစီလိုလားသူတွေရဲ့ နေအိမ်များကို လိုက်လံချိတ်ပိတ်သိမ်းဆည်းခြင်းများ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက မတ်လ ၄ ရက်နေ့က လာရောက်ဖမ်းဝရမ်းစာကပ်သွားခဲ့ပြီး ဒေါ်ဖြူဖြူသင်းလာရောက် အဖမ်းမခံဘူးဆိုရင် အိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်တာတွေလုပ်ခဲ့ပါတယ်။ “အမှုတွေကို လာဖြေရှင်း။ မဖြေရှင်းရင် အိမ်ကိုချိတ်ပတ်မယ်ဆိုတာမျိုး လုပ်သွားတာပါ၊ ခြိမ်းခြောက်တဲ့သဘောပေါ့၊ အဲ့အိမ်မှာက ဆရာမရဲ့ အမေပဲရှိတယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးက ပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ (၁၁)လမ်းမှာရှိတဲ့ အဆိုပါအိမ်ဟာ ဒေါ်ဖြူဖြူသင်းရဲ့ မိခင်ပိုင်ဆိုင်သော အိမ်ဖြစ်တယ်လို့သိရပြီး လက်ရှိမှာတော့ မတရားအမှုစွဲခံထားရတဲ့ ဒေါ်ဖြူဖြူသင်းက ရှောင်တိမ်းနေပြီး မိသားစုဝင်များသာ ဆက်လက်နေထိုင်နေကြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုခံထားရတဲ့ ဒေါ်ဖြူဖြူသင်းအနေနဲ့ လာမည့် မတ်လ ၁၈ ရက်၌ တရားရုံးသို့လာရောက်အမှုရင်ဆိုင်ရန် ကာယကံရှင်ရဲ့မိခင်နေအိမ်မှာ ကပ်ထားတဲ့ ဝရမ်းစာမှာရေးသားထားပါတယ်။ "ဒေါ်ဖြူဖြုသင်းပြန်လာမယ်ဆို အိမ်ကိုချိပ်ပိတ်တာဆိုင်းငံ့မယ်။ အကယ်၍ ပြန်မလာရင် ၁၈ ရက်နေ့အပြီး အိမ်ပေါ်က ဆင်းပေးရမယ်။ အိမ်ကဒေါ်ဖြူဖြူသင်း ပိုင်ဆိုင်တဲ့ အိမ်မဟုတ်ဘူး။ သူ့အမေ ပိုင်ဆိုင်မှုအမည်ပေါက်အိမ်ပါ။ ဆင်းပေးရမှာ၊ တခြားဆွေမျိုးမိသားစုတွေက ကြီးမေအတွက် စီစဥ်ပေးရတော့မှာပေါ့" ဟု မိသားစုနှင့်နီးစပ်သူက ပြောပြပါတယ်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒေါ်ဖြူဖြူသင်းတည်ထောင်ထားသည့် NAC HIV စောင့်ရှောက်ရေးဂေဟာမှ တာဝန်ခံတစ်ဦးဖြစ်သည့် ကိုရာဇာကို စစ်ကောင်စီအဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါသေးတယ်။
လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကတော့ အဆိုပါကိစ္စနဲ့ပက်က်ပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် " နိုင်ငံရေး စတင်လုပ်ဆောင်သည်မှ ယနေ့အထိ ကျမနှင့် ပြည်သူဘက်မှရပ်တည်ပေးခဲ့တဲ့ မိသားစုဝင်အားလုံးကို အားနာပါတယ် NAC CENTER မှ သား/သမီး များ အားလုံးကိုလဲ အားနာပါတယ် ဒါပေမယ့် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ GZ တွေ နိုင်ငံစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်အောင် အသက်စွန့် ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းPDF တွေ အပစ်မဲ့ပြည်သူတွေ အသက်စွန့်လွှတ်ခဲ့ရတဲ့ကလေးသူငယ်နှင့်အမျိုးသမီးတွေ နေအိမ်မီးရှို့ခံ အပစ်သတ်ခံရတဲ့ အပစ်မဲ့ပြည်သူတွေ ကိုလဲပိုပြီးအားနာပါတယ် ဒါကြောင့် စစ်အာဏာရှင် ကျဆုံးသည်အထိ အောင်ပွဲ ရသည်အထိ တိုက်ပွဲ ဝင်သွားပါ့မယ် ။ လို့ မတ်လ ၅ ရက်နေ့မှာပဲ ထုတ်ဖော်ရေးသားလိုက်ပါတယ်။ တော်လှန်ရေးသစ္စာနှင့်အတူ မကြာခင်ပြန်ဆုံနိုင်အောင်ကြိုးစားပါ့မယ်လို့ ဒေါ်ဖြူဖြူသင်းက စစ်ကောင်စီကတုံ့ပြန်ထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment