6th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၆ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကမ်ပိန်းများမှာ အတူတကွပါဝင်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဖိတ်ခေါ်
📌အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများအပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာချက်အပေါ် တုံ့ပြန်မှုများ
📌အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ကုန်သွယ်ရပ်ဝန်းသတင်းလွှာ အတွဲ (၁) အမှတ် (၉) ကို ထုတ်ဝေ
📌စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ၍ ပြည်သူလူထုနေ့စဉ်လူမှုဘဝများကို ထိခိုက်နေ
📌အောင်လံလွှင့်ချီ နွေဦးထီ သိန်း ၁၀၀ ပေါက်သူက ဒေါ်လာ ၁၀၀၀ တန် အထူးငွေတိုက်စာချုပ် ၃ စောင် ဝယ်ယူပြီး ကျန်ငွေကိုလည်း လှူဒါန်း

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကမ်ပိန်းများမှာ အတူတကွပါဝင်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဖိတ်ခေါ်

မတ်လ (၈)ရက်နေ့မှာ ကျရောက် မဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကမ်ပိန်းများမှာ အတူတကွပါဝင်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။

"နှစ်စဥ် မတ်လ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရှိလူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အတူတကွတိုက်ပွဲဝင်နေကြသော အမျိုးသမီးများနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်နေကြသော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် လာမယ့်ရက်သတ္တပတ်များအတွင်း ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကမ်ပိန်းများမှာ အတူတကွပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်"လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရုံသာမက အာဏာရှင်စနစ်ကို ထောက်ပံ့ပေးထားသော တရားမမျှတမှုများ၊​ ကျားမခွဲခြားဘက်လိုက်မှုများ၊ ဖိနှိပ်မှုများကိုပါ တပါထဲ အမြစ်က ဆွဲနှုတ်နိုင်ဖို့ ရည်ရွယ်တဲ့လှုပ်ရှားမှုဖြစ်တယ်လို့သိရပါတယ်။

လှုပ်ရှားမှုမှာ “ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ဆောင်ပုဒ်ဖြင့် ပါဝင်ဆင်နွှဲကြရပြီးတော့ မိမိFace bookမှာ Profile ဓာတ်ပုံလေးများကို ပြောင်းခြင်းဖြင့် ပါဝင်ရမှာဖြစ်ပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများအပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာချက်အပေါ် တုံ့ပြန်မှုများ

ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ကိုမင်းကိုနိုင်၊ ဒေါက်တာ ဆာဆာ အပါအဝင် ၁၁ ဦးကို မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း အာဏာသိမ်းစစ်ကောင်စီက မတ်လ ၄ရက်နေ့က ကြေညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသားအဖြစ် ရပ်စဲခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ က စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပါတယ်။
"မြန်မာနိုင်ငံကို ဖျက်ဆီးနေတာ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တွေပဲဖြစ်တယ်ဆိုတာ ပြည်သူလူထုလည်းသိတယ်၊ တစ်ကမ္ဘာလုံးကလည်း သိတယ်၊ သူတို့ထုတ်ပြန်သမျှကို ကျွန်တော်တို့က ဂရုမစိုက်ပါဘူး။ သိလည်းမသိဘူး၊ စိတ်လည်းမဝင်စားဘူး၊ တရားဝင်ခြင်းလည်း မရှိဘူး။ မြန်မာနိုင်ငံသားဖြစ်တယ်မဖြစ်ဘူးဆိုတာ သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ကျွန်တော် မြန်မာ နိုင်ငံသားဖြစ်တယ်ဆိုတာ မွေးရာပါဖြစ်တယ်၊ သူတို့ ပြန်ယူခွင့်မရှိသလို ပေးခွင့်လည်း မရှိဘူး။ ကျွန်တော် ချင်းပြည်သူဖြစ်တယ်ဆိုတာ မင်းအောင်လှိုင်က ဆုံးဖြတ်ရမှာမဟုတ်ဘူး၊ ဆုံးဖြတ်ပိုင်ခွင့်လည်း သူ့မှာမရှိဘူး။" လို့ RFA အား ဖြေကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း "ဘယ်သူတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မဲဆောက်မှာ တောထဲမှာ တောခြောက်တာတွေ လုပ်တာအားမရလို့ ထပ်ပြီး Searching fire လုပ်တဲ့ သဘော လည်း ပါမယ်။ ဒီလို လုပ်လိုက်ရုံ နဲ့ ပြည်သူ့ နဲ့ တော်လှန်ရေး ဟာ ချက်ကြိုးပြတ်မသွား ဘူး လို့ ဆိုချင်တယ်။ နောက်တချက် အရေးအကြီးဆုံးက - ကျမတို့ တော်လှန်ရေးအလွန် နိုင်ငံတော်သစ်မှာ ဒီ (၈၂) ဥပဒေကြီးက ရှိအုံးမှာ မို့လို့လား လို့ပဲ - မေးခွန်းထုတ်ချင်ပါတယ် ။" သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ကလည်း "တရားမဝင် စစ်ကောင်စီက ကျွန်မတို့ကို မြန်မာနိုင်ငံသားဖြစ်ခွင့် ရပ်စဲတယ်ဆိုတာ အရမ်းရီဖို့ကောင်းတယ်။ နိုင်ငံတော်ကို ဘယ်သူပိုင်လဲတောင် မသိတဲ့ အကြမ်းဖက်ကောင်တွေက ကျွန်မတို့ကို ပြောဆိုနေတော့ ပြန်မေးရမှာက ရှင်တို့က အာဏာသိမ်းလိုက်ကတည်းက လက်ခံတဲ့ ပြည်သူရှိလို့လား။ တရားမဝင်အာဏာရှင်ထုတ်တဲ့စာတစ်ရွက်က ကျွန်မရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံကို ချစ်တဲ့စိတ်ကို မဖျက်ဆီးနိုင်ပါဘူး။ ကျွန်မရဲ့ ပြည်သူနဲ့ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာ၊ ယုံကြည်မှုတွေကို ယိမ်းအောင် တိမ်းအောင်တောင်မလုပ်နိုင်ဘူး။ လူ့စည်း ဘီးလူးစည်း ပြတ်သားပြီးသားတော်လှန်ရေးအတွက် ရဲဘော်အားလုံးနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားကြမယ်။ အရေးတော်ပုံအောင်ရမည်…" လို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ကုန်သွယ်ရပ်ဝန်းသတင်းလွှာ အတွဲ (၁) အမှတ် (၉) ကို ထုတ်ဝေ

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ကုန်သွယ်ရပ်ဝန်းသတင်းလွှာ ကို အပတ်စဉ် တင်ဆက်လာခဲ့ရာ အတွဲ (၁) အမှတ် (၉) ကို မတ်လ ၅ ရက်နေ့တွင် ထုတ်ဝေလိုက်ပါတယ်။ ယင်းအပတ်စဉ် ကုန်သွယ်ရပ်ဝန်းသတင်းလွှာမှာ ကမ္ဘာရွှေဈေးနှင့် မြန်မာ့ရွှေဈေး၊ ငွေလွှဲနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ နဲ့ လယ်ယာထွက်ကုန်ဈေးများကို ဖေါ်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေးသတင်းများကိုလည်း ဖေါ်ပြထားရာမှာ ရုရှားအပေါ် SWIFT ပိတ်ဆိုအရေးယူမှုများကြောင့် တရုတ်ယွမ်ငွေပေးချေမှုစတော့ရှယ်ယာများမြင့်တက်တဲ့ သတင်း၊ ကိုဗစ်ဗိုင်းရပ်ထိမ်းချုပ်မှုများကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကျဆင်းတဲ့သတင်း၊ တရုတ်နိုင်ငံဟာ ခြောက်နှစ်ဆက်တိုက် ဂျာမဏီနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာတဲ့သတင်း၊ ဂျာမဏီဟာ ၂၀၃၅ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှ ၁၀၀ ရာခိုင်မှုန်း စွမ်းအင်ရရှိရန် ရည်မှန်းထား ဆိုတဲ့သတင်း ၊ ဗြိတိန် နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး အာရှသို့လာရောက်ပြီး စင်္ကာပူနှင့် ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့သတင်း၊ စားအုန်းဆီဟာ ဈေးအကြီးဆုံး ဟင်းသီးဟင်းရွက်ဆီ ဖြစ်လာတဲ့သတင်း နဲ့ ရေထွက်ပစ္စည်းများ ဆော်ဒီအာရေးဗီးယားသို့ တင်ပို့ရန်အတွက် စက်ရုံမှတ်ပုံတင်ရန် လိုအပ် ဆိုတဲ့ သတင်းများကိုရေးသားထားတာ တွေ့ရှိရပါတယ်။

========================

📌📌စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ၍ ပြည်သူလူထုနေ့စဉ်လူမှုဘဝများကို ထိခိုက်နေ

ရန်ကုန်မြို့နဲ့အခြားမြို့ကြီးတွေမှာ တစ်ရိပ်ရိပ်တက်နေတဲ့ စက်သုံးဆီဈေးနှုန်းတွေကြောင့် သာမာန် လက်လုပ်လက်စား လူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက် မှုတွေရှိနေတယ်လို့သိရပါတယ်။
ဒီလို စက်သုံးဆီဈေးနှုန်းတက်ရိပ်ပြမှုကြောင့် စားသောက်ကုန်နဲ့ သားငါးရောင်းချတဲ့ ဆိုင်များကလည်း သယ်ယူပို့ဆောင်စရိတ်အကြောင်းပြပြီးဈေးပိုယူနေကြတယ်လို့ရန်ကုန်မြို့ပြနေ လူထုများကဆိုပါတယ်။
"စက်သုံးဆီဈေးတွေ တက်တော့ ဝင်ငွေထက် ထွက်ငွေပိုသုံးနေရတယ်။ အငှားယာဉ်စီးရင် ကိုပဲ အရင်က ၁၅၀၀တန်ခရီးက ၂၀၀၀၊ ၂၅၀၀တောင်းတယ်။ ဘာလို့လဲလို့မေးရင် ဆီကားမို့လို့ပါ။ ဆီဈေးတွေ တက်လို့ပါ။ အကြောင်းပြတယ်။ဈေးထဲသွားရင်လည်း အကုန်ဈေးတက်တယ်။ သား၊ ငါး၊ ဆီ၊ ဆန်ပေါ့။ နည်းနည်းစီသူကတက်တယ်။ဘာလို့တက်တာလဲမေးရင် နိုင်ငံရေးမတည်ငြိမ်တာတို့၊ သယ်ယူပို့ဆောင်ခစရိတ် ကြီးမြင့်တာတို့အကြောင်းပြတယ်။ စက်သုံးဆီဈေး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကတော့မြန်မာနိုင်ငံမှာက သိတဲ့အတိုင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးတော့ရောက် မယ်မထင်ဘူး"လို့သမိုင်းမြို့နယ်နေ ထိုင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။
မတ်လ၅ရက်နေ့ စက်သုံးဆီပေါက်ဈေးများကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 ၁၉၃၀ကျပ်၊ အောက်တိန်း 95 ၁၉၉၅ကျပ်၊ အောက်တိန်း 97၂၂၈၅ကျပ်၊ ဒီဇယ်၂၀၂၅ကျပ်၊ ပရီမီယံဒီဇယ် ၂၀၃၅ကျပ်တို့ပဲဖြစ်ပါတယ်။
အဆိုပါစက်သုံးဆီဈေးနှုန်းများဟာ ဒေသအလိုက် စက်သုံးဆီ အရောင်းဆိုင်အလိုက် မတူကွဲ ပြားစွာ ဈေးနှုန်းများလည်း ကွာခြားကြောင်းသိရပါတယ်။ အဆိုပါ စက်သုံးဆီဈေးနှုန်းများ တက်ရိပ်ပြပြီး ကုန်ဈေးနှုန်းများကြီးမြင့်တဲ့ဒဏ်ကို စစ်ကောင်စီကလည်း လျှော့ချမပေးနိုင်ဘူးလို့ မြို့ပြနေလူအများစုကလည်း ပြစ်တင်ဝေဖန်နေကြတယ်လို့ သိရပါတယ်။

========================

📌📌အောင်လံလွှင့်ချီ နွေဦးထီ သိန်း ၁၀၀ ပေါက်သူက ဒေါ်လာ ၁၀၀၀ တန် အထူးငွေတိုက်စာချုပ် ၃ စောင် ဝယ်ယူပြီး ကျန်ငွေကိုလည်း လှူဒါန်း

အောင်လံလွှင့်ချီ နွေဦးထီ၏ ဖေဖော်ဝါရီလ အတွက် ကံထူးရှင်ရွေးချယ်ခြင်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး ကျပ် သိန်း (၁၀၀) အထူးဆု တစ်ဆု နှင့် (၁၅)သိန်းဆု (၅၃) ဆုတို့အား ရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ အထူးဆုကျပ်သိန်းတစ်ရာ ကံထူးရှင်က ငွေ ၂၄.၅ သိန်းကျပ်ကို ပြန်လည်လှူဒါန်းခဲ့ပြီး၊ အထူးငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ တန် ၃ စောင်ကို ဝယ်ယူသွားတယ်လို့သိရှိရပါတယ်။ နွေဦးထီမှ ရရှိသောဝင်ငွေများကို CDM သူရဲကောင်းများကို ထောက်ပံ့ကူညီပေးတာဖြစ်ပါတယ်။ လာမယ့် မတ်လအတွက် နွေဦးထီထိုးလို့ရပြီလို့ သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment