၂၀၂၂ မတ်လ ၆ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ထောက်ပံမှုအနေနဲ့ တပ်ရင်းတစ်ရင်းကို သိန်း ၈၀ ရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆို
📌တော်လှန်ရေးအတွက် လှူဒါန်းပေးထားတဲ့ အဆိုတော်လင်းနစ်ရဲ့ နီလာစိန်ရံလက်စွပ် USD ၅၆၀၀နဲ့ လေလံအရောင်းထွက်
📌အင်တာနက်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းကမြို့နယ်များမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးတင်ရှို့
📌ရန်ကုန်မြို့တွင် အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြေး ၁၅၀၀ ကျပ်မှ ၂၀၀၀ ထိတောင်းခံနေပြီး ရုံးခန်းတွင်းမှာပင် ဖလားချတောင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ထောက်ပံမှုအနေနဲ့ တပ်ရင်းတစ်ရင်းကို သိန်း ၈၀ ရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆို
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အခြေပြုဖွဲ့စည်းထားတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရကနေ ထောက်ပံမှု တပ်ရင်းတစ်ရင်းကို သိန်း ၈၀ ရတယ်လို့အတည်ပြုဆိုပါတယ်။
စစ်ကိုင်းတိုင်းတွင်းမှာ လက်ရှိ လက်နက်အင်အားနဲ့ဆေးဝါးထောက်ပံ့မှုတို့ လိုအပ်နေပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။
"ကာကွယ်ဆေးနဲ့ဆေးဝါးဆိုင်ရာကတော့ အခြေအနေမသိရသေးဘူး။ မရသေးဘူးပေါ့။ ငွေကတော့ တပ်ရင်းတစ်ရင်း၈၀ရပာတယ်။ ဒါကျွန်တော်တို့တပ်ရင်းပြောတာပါ။ အခြား တပ်ရင်းတွေလည်း ရတဲ့တပ်ရင်းရနေပါပြီ"လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က တာဝန်ရှိသူ ခေါင်းဆောင်ပိုင်းတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအခြေအနေများသိရှိဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက နေ့စဥ်မပြတ် ဆက်သွယ် စုံစမ်းနေပြီ လိုအပ်တာများကို ချိတ်ဆက်ဆောင်ရွက်ပေးဖို့ စီစစ်နေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့များထံကသိရပါတယ်။
ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း COVID19 ကာကွယ်ဆေးများကို လက်ရှိ တိုင်းနဲ့ပြည်နယ်အချို့က ကာကွယ်ရေး တပ်ဖွဲ့တပ်ရင်းများမှာရဲဘော်များကို ထိုးနှံပေးလျက်ရှိပြီးတော့ မထိုးရသေးတဲ့ ရဲဘော်များလည်းရှိနေကြောင်း သတင်းရရှိပါတယ်။
========================
📌📌တော်လှန်ရေးအတွက် လှူဒါန်းပေးထားတဲ့ အဆိုတော်လင်းနစ်ရဲ့ နီလာစိန်ရံလက်စွပ် USD ၅၆၀၀နဲ့ လေလံအရောင်းထွက်
တော်လှန်ရေးလူငယ်တွေအတွက် လှူဒါန်းပေးထားတဲ့ အဆိုတော်လင်းနစ်ရဲ့ နီလာစိန်ရံလက်စွပ် ဒီကနေ့ မတ်လ ၆ ရက် မနက် ၁၀ နာရီမှာ လေလံအရောင်းထွက်သွားတယ်လို့ သတင်းရရှိပါတယ်။
ဒီလက်စွပ်ကို ကြမ်းခင်းစျေး USD ၅၀၀ နဲ့စတင်အရောင်းဖွင့်ခဲ့တာဖြစ်ပြီးတော့ အမေရိကန်နိုင်ငံနေ မြန်မာလူမျိုးတစ်ဦးကပဲဝယ်ယူသွားတာဖြစ်တယ်လို့သိရပါတယ်။
"အဆိုတော်ကိုလင်းနစ်တို့ ဇနီးမောင်နှံ လှူဒါန်းထားတဲ့ နီလာစိန်ရံလက်စွပ်လေးကို USAမှ အလှူရှင်တစ်ဦးက USD 5600 နဲ့ လေလံအောင်မြင်သွားပါပြီ။ ရရှိငွေကို Local PDF များထံ ပေးပို့သွားမှာဖြစ်ပါတယ်။ အလှူရှင်ကိုလင်းနစ်နှင့် လေလံအောင်သူ အစ်မ၊ ပါဝင်လေလံဆွဲသူအားလုံးအား အထူးကျေးဇူးတင်ရှိပါတယ်"လို့ လေလံတက်ရောင်းချပေးသူ အိပန်ဆယ်လိုကဆိုပါတယ်။
ရောင်းချရတဲ့ငွေများကို စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့များကို အမြန်ဆုံးပေးပို့သွားမယ်လို့သိရပါတယ်။
အဆိုတော် လင်းနစ်ဟာ ဒီဇင်ဘာည တေးသီချင်းကို ဖန်တီးသူဖြစ်ပြီးတော့ စစ်ကောင်စီက ကျင်းပတဲ့ တေးသီချင်းပြိုင်ပွဲမှာလည်း ယင်းသီချင်းကို သီဆိုခွင့်မပြုခဲ့သူလည်းဖြစ်ပါတယ်။
========================
📌📌အင်တာနက်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းကမြို့နယ်များမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးတင်ရှို့
မတ်လ၃ရက်နေ့ညကစတင်ပြီး အင်တာနက်ဖြတ်ခံရတဲ့ စစ်ကိုင်းတိုင်းကမြို့နယ်များမှာ ကျေးရွာတွေ အကြောင်းမဲ့ မီးရှို့ခံရတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်အတွင်း ကျေးရွာနှစ်ရွာကို စစ်တပ်က မီးတင်ရှို့လိုက်တယ်လို့မတ်လ ၆ ရက်နေ့မှာ ခင်ဦးသတင်းမှန်ပြန်ကြားရေးကဖော်ပြပါတယ်။
"ယမန်နေ့မတ်လ-၅ နေ့လယ်ပိုင်းက ခင်ဦးနယ် ဒါန်းကုန်းကျေးရွာသည် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရသည့် အပြင် ယမန့်နေ့ည ၈:၃၀ နာရီမှ ၁၀:၃၀ အထိ ခင်ဦးနယ် မှန်တောကျေးရွာကိုလည်း ညတွင်းကြီးမီးတင်ရှို့ခဲ့ကြပါတယ်။ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသောစစ်ကြောင်းဟာ ရေဦးနယ်ဘက် မှ တက်လာသော အင်အား ၁၀၀ ပါ စစ်ကြောင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၆ ရက်ယနေ့မနက်အထိလည်း ခင်ဦးနယ် မှန်တော ကျေးရွာအနီးလက်နက်ကြီး လက်နက်ငယ်များ တရစပ်ပစ်ခတ်သံများ ကြားနေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကဖော်ပြပါတယ်။
အနီးအနားကျေးရွာရှိ ဒေသခံဦးရေ ထောင်နှင့်ချီလည်းထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အလားတူ ကနီမြို့နယ် ချောင်းမရွာမှာလည်း မတ်လ ၅ ရက်နေ့ကစစ်ကောင်စီတပ်များဟာ ချောင်းမအနောက်ရွာကို (၁၄)အိမ် , ချောင်းမ အရှေ့ရွာကို (၂)အိမ် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ဒီပဲယင်းမြို့နယ် ဝပါကျေးရွာကိုလည်း ယမန်နေ့က စစ်ပေါင်စီတပ်များဟာ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတဲ့ အတွက် အိမ်ခြေ (၇၀) ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရပါတယ်။
"အချို့မိသားစုများမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုသာ ကျန်နေပြီးအရေးပေါ်ကူညီရေးများလိုအပ်နေပါတယ်။ ပြည်သူမှ ပြည်သူသို့ တတ်စွမ်းသမျှ အကူညီပေးကြဖို့အတွက်မေတ္တာရပ်ခံပါတယ် ခင်ဗျာ"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ အင်တာနက် ဖြတ်တောက်တာ သုံးရက် မြောက်နေ့ရောက်ရှိပြီဖြစ်ပါတယ်။ အင်တာနက်ဖြတ်ထားတဲ့ အတွက် စစ်ကောင်စီတပ်များရဲ့ ရာဇဝတ်ကျူးလွန်မှုများကို လူအများမသိရှိရဘူးဖြစ်နေပါတယ်။
========================
📌📌ရန်ကုန်မြို့တွင် အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြေး ၁၅၀၀ ကျပ်မှ ၂၀၀၀ ထိတောင်းခံနေပြီး ရုံးခန်းတွင်းမှာပင် ဖလားချတောင်း
ရန်ကုန်မြို့ရှိ မြို့နယ်များမှာ အုပ်ချုပ်ရေးမှူးများထံ ဧည့်စာရင်းတိုင်ကြားပါက တိုင်ကြားခ ၁၅၀၀ ကျပ်မှ ၂၀၀၀ ထိပေးဆောင်နေရတယ်လို့ မြို့နေလူများကပြောပါတယ်။
၂၀၂၁ခု နှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ရပ်ကွက်နေပြည်သူများကို ဧည့်စာရင်းတိုင်ကြားခိုင်းတာဖြစ်ပါတယ်။
"အမတို့ရပ်ကွက်ဆို အုပ်ချုပ်ရေးမှူးရုံးမရှိလို့ မြို့နယ်ရုံးသွား တိုင်ရတယ်။ မြို့နယ်ရုံးမှာ ဖလားပေါ်တင်ချပြီးတောင်းတာ။ ကမာရွတ်မြို့နယ်ပါ။တစ်ခါထည့် ၁၅၀၀၊၂၀၀၀ မထည့်လို့ကိုမရတာ။အခု ဧည့်စာရင်းပြန်တိုင်တဲ့လူတွေကလည်းများလာတယ်။များလာတာကလည်းသူက ရပ်ကွက်ထဲ ညဆို သူတို့ကဝင်ရှာကြတယ်။ ဒလန်တွေလည်းပြန်များလာတယ်"လို့ ကမာရွတ်မြို့နယ်နေ အမျိုးသမီးတစ်ဦးကဆိုပါတယ်။
ဧည့်စာရင်းတိုင်ကြားသော်လည်း ညအချိန်တွင် အကြမ်းဖက်စစ်တပ်နဲ့ရဲများက နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးချင်သူရှိပါက ဧည့်စာရင်းတိုင်ကြားထားသော်လည်း ဖမ်းဆီးခံရတယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းပြုချက် များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိတိုင် အကြောင်းအမျိုးမျိုးပြကာဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၅၀၇) ဦးရှိပြီး ၎င်းတို့အနက် မှ (၈၂၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment