၂၀၂၂ မတ်လ ၇ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းတွင် ပါဝင်ရန် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း
📌ရက္ခိုင့်တပ်တော် အေအေရဲ့ ဆယ်နှစ်အကျော်ကာလအတွင်းပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်အချို့
📌ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း
📌တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကမ္ဘာဇဘဏ်က နှစ်ပတ်တကြိမ်သာ ငွေထုတ်ပေးတော့မယ်
📌မန္တလေးမြို့ ၄၁ လမ်းစျေးမှာ ကုန်ကားနောက်ပါလာတဲ့ ကုန်ပစ္စည်းတွေကို အုပ်စုလိုက်လုယက် မှု တားဆီးမဲ့သူမရှိဖြစ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းတွင် ပါဝင်ရန် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်း
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကမ်ပိန်းတွင် ပါဝင်ရန် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ပါဝင်လှုပ်ရှားဖို့ ဝန်ကြီးဒေါက်တာတူးခေါင်က လူမှုကွန်ရက်ကနေ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
"နှစ်စဥ် မတ်လ (၈) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရှိလူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အတူတကွတိုက်ပွဲဝင်နေကြသော အမျိုးသမီးများနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်နေကြသော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် လာမယ့်ရက်သတ္တပတ်များအတွင်း ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကမ်ပိန်းများမှာ အတူတကွပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်"လို့ဆိုထားပါတယ်။
ယမန်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံခြားရေးဝန်ကြီး ေဒါ်ဇင်မာအောင်က ကမ်ပိန်းမှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
"စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရုံသာမက အာဏာရှင်စနစ်ကို ထောက်ပံ့ပေးထားသော တရားမမျှတမှုများ၊ကျားမခွဲခြားဘက်လိုက်မှုများ၊ ဖိနှိပ်မှုများကိုပါ တပါထဲ အမြစ်က ဆွဲနှုတ်နိုင်ဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုမှာ
“ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ဆောင်ပုဒ်ဖြင့် ပါဝင်ဆင်နွှဲ လိုက်ကြရအောင်"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုထားပါတယ်။
========================
📌📌ရက္ခိုင့်တပ်တော် အေအေရဲ့ ဆယ်နှစ်အကျော်ကာလအတွင်းပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက်အချို့ကို ပြောပြပေးပါဦးမယ်
ရခိုင်ဘာသာနဲ့ ပြုလုပ်တဲ့ မတ်လ ၅ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ရခိုင်ပြည်တွင်း နယ်မြေ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ထုတ်ပြောလိုက်ပါတယ်။ "တချို့နေရာတွေမှာ ကျွန်တော်တို့ ၆၀ ရာနှုန်းထိန်းချုပ်ထားတဲ့နေရာရှိတယ်။ တချို့နေရာတွေမှာ ၇၀ ရာနှုန်းထိန်းချုပ်ထားတာရှိတယ်။ ဒါကတော့ တစ်နေရာနဲ့တစ်နေရာ အခြေအနေချင်းမတူဘူး။ ရခိုင်တစ်ပြည်လုံးအနေနဲ့ဆိုရင်တော့ ၆၀ ရာနှုန်းလောက် ထိန်းချုပ်ထားတယ်ဆိုတာ တွေ့ရပါတယ်'' လို့ ခိုင်သုခက ပြောပါတယ်။ ရက္ခိုင့်တပ်တော် အေအေဟာ ရက္ခိတလမ်းစဉ်အတိုင်း ရခိုင်ပြည်လွတ်မြောက်ရေးတိုက်ပွဲကိုဖော်ဆောင်နေတာဖြစ်ပြီး ပန်းတိုင်ကိုကိုရောက်တဲ့အထိ တော်လှန်ရေး ရေချိန်ရပ်တန့်မသွားဘဲ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါကို ခိုင်သုခပြောတာက ''ဒီအခြေအနေနဲ့ ရောင့်ရဲနေတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ထုတ်ပြောထားပြီး ဖြစ်ပါတယ်။ ရက္ခိတလမ်းစဉ်အတိုင်း တစ်သဝေမတိမ်းဆက်ပြီးတော့ ချီတက်နေပါတယ်'' လို့ ပြောဆိုသွားတာပါ။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အေအေတပ်ဖွဲ့ကြား တိုက်ပွဲကြီးကြီးမားမား ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးအနေနဲ့ကတော့ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ လဆန်းပိုင်းလောက်က မောင်တောမြို့နယ်မှာတော့ ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပက်သက်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတာ သိပ်မရှိပေမယ့် ယာယီအပစ်ခတ်ရပ်စဲရေး နားလည်မှုယူထားတဲ့ အခြေအနေပဲ ဖြစ်တာကြောင့် အချိန်မရွေး ပစ်ခတ်မှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ''အခြေအနေက ကျွန်တော်တို့ တရားဝင်အပစ်ခတ်ရပ်စဲထားတာမဟုတ်ဘူး။ ဒါကြောင့် ဘယ်အချိန်မှာ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။" ခိုင်သုခက ခုလိုပြောသွားတာပါ။ အေအေတပ်တော်အနေနဲ့ ရခိုင်ပြည်နယ်တွင်းတရားစီရင်ရေးကဏ္ဍတွေကို ဆောင်ရွက်လာတာတွေ့ရပြီး ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း တိုင်ကြားလာတဲ့အမှုပေါင်း ၃၈၀၀ ကျော်လက်ခံရရှိတဲ့အနက် ၅၀ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းမှုနှင့် ပြည်သူလူထုရဲ့နွေဦးတော်လှန်ရေး ကြားမှာ AA ရက္ခိုင့်တပ်တော်ကို ဝေဖန်သံတွေလည်းကြားနေရပီး ဒါနဲ့ပတ်သက်လို့ ဦးခိုင်သုခကတော့ ဒါဟာ ရခိုင်ရဲ့တော်လှန်ရေးသမိုင်းနဲ့ လက်ရှိအခြေအနေကိုနားမလည်လို့ ပြောဆိုနေကြခြင်းသာဖြစ်တယ်။ ရခိုင်ဟာ စစ်အာဏာသိမ်းမှုတော်လှန်တာကို စိတ်မဝင်စားလို့ သီးခြားရပ်တည်နေတာမျိုးမဟုတ်ဘဲ တော်လှန်ရေးရဲ့ မတူညီတဲ့အခြေအနေတစ်ခုသာဖြစ်တယ်လို့ ပြောပါတယ်။ အေအေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်မှုမရှိပေမယ့် သူတို့ရဲ့ တော်လှန်တဲ့စွမ်းရည်တွေကို မလေးစားဘဲ မနေနိုင်ကြောင်းခုလိုပြောပါတယ် "PDF တွေအပေါ် ကျနော်တို့ဘက်ကသဘောထားကိုပြောရမယ်ဆိုရင် ဘာတစ်ခုမှမရှိတဲ့အနေအထားနဲ့ လုပ်ရဲတဲ့သတ္တိကိုတော့ ကျနော်တို့ မချီးကျူးဘဲမနေနိုင်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် PDF တွေအနေနဲ့ သူတို့ရဲ့စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်မှုအပိုင်းကိုတော့ စနစ်တကျထိန်းချုပ်မှုရှိရင် ပိုကောင်းလာမယ်လို့ ကျနော်တို့ထင်ပါတယ်" လို့ ပြောဆိုသွားတာပါ။ ဆက်လက်ပြီး ရခိုင်တို့လိုလားတဲ့ နိုင်ငံရေးအဆင့်ကို ပြည်ထောင်စုထဲတွင် နေရာမရှိပါက နိုင်ငံတကာနှင့်လက်တွဲပြီး တည်ဆောက်သွားမယ်ဆိုတာကိုလည်း ULA/AA ပြောခွင့်ရသူ ခိုင်သုခက ရခိုင်ဘာသာဖြင့်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောသွားပါသေးတယ်။
"လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံအသိုင်းဝိုင်းထဲမှာ ဖန်တီးလို့ရမယ်ဆိုရင်တော့ ကျွန်တော်တို့က တခြားတိုင်းရင်းသားတွေနဲ့ ဆက်ပြီးရှိနေနိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်ကို ဒီပြည်ထောင်စုထဲမှာ နေရာမရှိဘူးဆိုရင် ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးပြီး ကျွန်တော်တို့ရဲ့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကျွန်တော်တို့ကိုယ်တိုင်ဆက်ပြီး နိုင်ငံတကာနဲ့ လက်တွဲပြီး တည်ဆောက်သွားရမယ်ဆိုတဲ့အနေအထားလို့ ဖြေကြားလိုပါတယ်" လို့ခိုင်သုခက သုံးနှုန်းပြောဆိုသွားတာပါ။ အာဏာသိမ်းမှုအပေါ် ရှုတ်ချပြီး အာဏာသိမ်းမှုအား ဆန့်ကျင်သည့်ပြည်သူများအားစစ်တပ်မှ နှိမ်နှင်းမှုများနှင့်ပတ်သက်၍လည်း လူမဆန်သည့်လုပ်ရပ်များဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ မြန်မာပြည်မတွင်းက ပြည်သူတွေဖိနှိပ်ခံနေရမှုကို ကိုယ်ချင်းစာကြောင်းနှင့် လွတ်မြောက်လိုသူတွေရဲ့ ကြိုးပမ်းနေမှုကို အသိအမှတ်ပြုကြောင်းကိုလည်း မတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထပ်မံပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အင်အားကြီးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ULA/ AA ရဲ့ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်နေ့နံနက်ပိုင်းတွင် အွန်လိုင်းပေါ်မှာပြုလုပ်တာဖြစ်ပြီး ရခိုင်ဘာသာစကားဖြင့်သီးသန့်ပြောဆိုကာ သတင်းဌာန ၂၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌ပြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းကြောင်းအသိပေးထားတဲ့သတင်းတပုဒ်ကို ဖတ်ကြားပေးပါ့မယ်
ပြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁၊ မေလကတည်းက ဖွဲ့စည်းခဲ့ပေမဲ့ အဖွဲ့ဝင် တစ်ချို့အဖမ်းခံရတာ၊ ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိနေတာကြောင့် အခုပြန်လည် ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့လည်းဖော်ပြပါတယ်။
“ ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ညွန်ကြားချက်နဲ့အညီဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဓိက ကတော့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကနေဆောင်ရွက်ဖို့ရယ်၊ နယ်မြေစိုးမိုးမှု မရှိသေးချိန်မှာ ပြည်သူတွေ အတွက် လုပ်နိုင်တာတွေကို ကြိုတင်ဆောင်ရွက်နိုင်ဖို့ အတွက် ပြန်လည်ဖွဲ့စည်းတာပါ” လို့ ကော်မတီရဲ့ နာယကအဖွဲဝင် ဦးကျော်ဇေယျကပြောပါတယ်။
ကြိုတင်ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို မှတ်တမ်းတင်ဖို့၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေကို မှတ်တမ်းတင်ဖို့နဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူ တွေကို ချိတ်ဆက်အားပေးကူညီဖို့အတွက် စီစဥ်ဆောင်ရွက်နေ တယ်လို့ပြောပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို နာယကအဖြစ်ထားရှိပြီး တက်ကြွလှုပ်ရှားသူ တွေ၊ CDMဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ မြို့မိမြို့ဖတွေ ပါဝင် တယ်လို့ပြောပါတယ်။
========================
📌📌တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကမ္ဘာဇဘဏ်က နှစ်ပတ်တကြိမ်သာ ငွေထုတ်ပေးတော့မယ်
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကမ္ဘာဇဘဏ်က နှစ်ပတ်တကြိမ်သာ ငွေထုတ်ပေးတော့မယ်လို့ ကြေညာထုတ်ပြန်ပါတယ်။
ယခင်က ဘဏ်ဖွင့်ရက် များမှာ တပတ်တစ်ကြိမ်ထုတ်ယူခွင့်ရှိပြီးတော့ ငွေပမာဏာကိုလည်း သတ်မှတ်ချက် မရှိဘူးလို့သိရပါတယ်။
ယခုအခါမှာတော့ဘဏ်နဲ့ KBZ pay Center တွေမှာ ငွေသားထုတ်ပေးမှုကို တပတ်တကြိမ်ကနေ နှစ်ပတ် တစ်ကြိမ်မှသာ ငွေထုတ်ပေးတော့မယ်လို့ ကမ္ဘာဇဘဏ် (KBZ) က ဖော်ပြပါတယ်။
အများဆုံးငွေထုတ်ယူနိုင်တဲ့ ပမာဏကိုလည်း ဘဏ်စာအုပ်ကနေ တကြိမ်ကို အများဆုံး ကျပ် ၅ သိန်းနဲ့ KBZPay Center ကနေ အများဆုံး ကျပ် ၃ သိန်းအထိသာ သတ်မှတ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာ ဘဏ္ကနေ မိမိငွေကို ထုတ်ယူဖို့ ပြည်သူလူထုဟာ အများစု အခက်ကြုံနေရတာဖြစ်ပါတယ်။
========================
📌📌မန္တလေးမြို့ ၄၁ လမ်းစျေးမှာ ကုန်ကားနောက်ပါလာတဲ့ ကုန်ပစ္စည်းတွေကို အုပ်စုလိုက်လုယက် မှု တားဆီးမဲ့သူမရှိဖြစ်နေ
မန္တလေးမြို့ ၄၁ လမ်းစျေးမှာ ကုန်ကားနောက်ပါလာတဲ့ ကုန်ပစ္စည်းတွေကို အုပ်စုလိုက်လုယက် မှု တားဆီးမဲ့သူမရှိဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
လုယက်သူများဟာ ၄င်းစျေးနားမှာ အုပ်စုဖွဲ့ရှိနေပြီးတော့ ကုန်ကား ဝင်လာတာနဲ့ ကားနောက်ခန်းက ကုန်တွေကိုအတင်းဝင်လုကြတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
"တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ မန္တလေးရဲ့ ၄၁ လမ်းစျေးပါ။၄၁ လမ်းစျေးဆိုတာညနေ ဆို လူတော်တော်စည်တဲ့နေရာမျိုးပါ။စျေးသည်တွေရော၊စျေးဝယ်တွေရော၊ စည်လွန်းလို့ကားကိုတောင် တစ်လှိမ့်ချင်းလှိမ့်နေရတဲ့ နေရာမျိုးပါ။ အဲ့ဒီနားက လာသမျှကားတွေကို လူအုပ်စုလိုက်ကားထဲပါလာတဲ့ ပစ္စည်းတွေကို လုယက်နေတာပါ။ မြင်းခြံကနေ အပြန် ကားနောက်မှာ ဆေးလိပ်ပိုတွေတင်ပြီး ပြန်လာတော့...၄၁ လမ်းစျေးနား ကားကို တစ်လှိမ့်ချင်းလှိမ့်နေတဲ့ အချိန်၊ဘေးကနေ ဆိုင်ကယ်နဲ့ အကိုတစ်ယောက်ကနောက်က ဆေးလိပ်ပိုတွေ ဆွဲချနေပြီလို့ပြောတော့ ချက်ချင်း ကားအောက်ကို ဆင်းကြည့်လိုက်တော့..ကြိုးတွေကို ဓားနဲ့ ဖျက်ပြီး ဆေးလိပ်ပို ၃ ပို ထမ်းပြေးသွားတာ လိုက်တဲ့အချိန် တစ်ပိုက မိလိုက်တယ်။ ကျန်နှစ်ပို ကတော့ ထမ်းပြီး ပြေးသွားတာ"လို့ ကိုယ်တိုင်ကြုံတွေ့သူကားသမားကဆိုပါတယ်။ ဆေးလိပ်ကားထဲက ဆေးလိပ်တွေကို ကျန်တဲ့လူအုပ်စုက ဝိုင်းလုယူသွားတယ်လို့ ကားသမားကရင်ဖွင့်ပြောဆိုထားပါတယ်။ ဒါ့အပြင် ဆီသယ်ဆောင်လာတဲ့ကားကိုလည်း နောက်ခန်းကနေ ဆီပုံးတွေကိုဝိုင်းလုတာကြုံတွေ့ရတယ်လို့ သတင်းရရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment