၂၀၂၂ မတ်လ ၇ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေပါမေ့မထားဘဲ လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်အသိပေး
📌(၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက် ဆွေးနွေးမည့်အကြောင်း အရာများကို ဝန်ကြီး ဒေါက်တူးခေါင်ထံ အကြံပြုချက်များ ရယူ
📌မြဝတီတောင်ပိုင်း လေးကေ့ကော်မှာ တိုက်ပွဲတွေပြန်လည်စတင်
📌ရှမ်းပြည်နယ် ရွာငံမြို့နယ်က အဖွဲ့ချုပ်အမတ် ဦးစိုင်းဝဏ္ဏကို ယနေ့မနက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီး
📌NUG အစိုးရ၏ အမည်ပျက်စာရင်းသွင်းခံရသူ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးရဲ့ မိသားစုဝင်များ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ အခြေချနေထိုင်လျက်ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေပါမေ့မထားဘဲ လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်အသိပေး
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေပါမေ့မထားဘဲ လုပ်ဆောင်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်အသိပေးပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်ပြောဆိုနေကြတာနဲ့ပတ်သတ်လို့ မတ်လ ၇ ရက်နေ့မှာ စီမံကိန်း ဘဏ္ဍရေးနဲ့ရင်းနှီးမြုပ်နှံ့မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့တာဖြစ်ပါတယ်။
"NUG အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ အမျိုးသမီးကလေးသူငယ်ဆိုင်ရာကိစ္စရပ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်ဆိုင်ရာကိစ္စရပ်တွေကို မေ့လျော့မထားဘဲ အားလုံးလွှမ်းခြုံပြီး ဆောင်ရွက်လျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က စစ်တပ်မှလေကြောင်းပစ်ခတ်မှုကြောင့်မိဘနှစ်ပါးလုံးသေဆုံးပြီးကျန်ရှိခဲ့တဲ့ လူငယ်အမျိုးသားကို ပြည်ထောင်စုဝန်ကြီး နော်စူဆန်လှလှစိုးက ကိုယ်တိုင်ကိုယ်ကျသွားရောက် ထောက်ပံမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
"ဒီတော်လှန်ရေးမှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေကနေ အခုထိ တစ်ကျပ်တစ်ပြားမှ အကူအညီမရသေးပါဘူး။ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ အဆုံးစွန်တဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် ရွာလုံးကျွတ်မီးရှို့ခံရတာတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာတွေ၊ နယ်မြေဒေသတစ်ခုလုံး စစ်ဘေးရှောင်ရတာတွေ၊ စစ်ပြေးဒုက္ခခံစားရတာတွေကတော့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကဆိုပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
========================
📌📌(၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက် ဆွေးနွေးမည့်အကြောင်း အရာများကို ဝန်ကြီး ဒေါက်တူးခေါင်ထံ အကြံပြုချက်များ ရယူဆိုတဲ့သတင်းကို ဆက်လက်တင်ဆက်ပေးပါ့မယ်။
အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတက်ရောက် ဆွေးနွေးမည့် အကြောင်းအရာများကို ဝန်ကြီး ဒေါက်တူးခေါင်ထံ အကြံပြုချက် များရယူတယ်လို့ သတင်းရရှိပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနတို့ ဟာ မတ်လ ၆ ရက်နေ့မှာ ဗီဒီယို ကွန်ဖရင့်မှတဆင့် တွေ့ဆုံခဲ့ကြပါတယ်။
အစည်းအဝေးမှာ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါတယ်။
ယင်းနောက် မတ်လ ၂၀ ရက် မှ ၂၄ ရက်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၄၄) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ (144th IPU General Assembly) တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပါဝင်ဆွေးနွေးရမယ့် ကိစ္စရပ်နှင့်စပ်လျဉ်းပြီး အထောက်အကူပြုနိုင်စေရန်အတွက်ထည့်သွင်းလိုတဲ့ အကြံပြုချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌မြဝတီတောင်ပိုင်း လေးကေ့ကော်မှာ တိုက်ပွဲတွေပြန်လည်စတင်လာတဲ့သတင်းကို တင်ဆက်ပေးပါ့မယ်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA - PDF ပူးပေါင်းတပ်တို့ မကြာခဏတိုက်ပွဲပြင်းထန်လေ့ရှိတဲ့ လေးကေ့ကော်ဒေသဟာ မတ်လ ၇ ရက်နေ့မှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေနှင့်အတူ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်နေပါတယ်။ လေးကေ့ကော် ရှုခင်းသာ ပန်းခြံကုန်းနေရာအနီး စစ်ကောင်စီရဲ့အမြှောက်ကုန်းနေရာကနေပြီးတော့ မတ်လ ၇ ရက် နံနက် အစောပိုင်းမှစတင်၍ လက်နက်ကြီးလက်နက်ငယ်စတင်ပစ်ခတ်သံနှင့်အတူ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ ကြားသိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းများမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ပူးပေါင်း တပ်ဖွဲ့ များ ရှိရာဘက်သို့ စတင်ပစ်ခတ်နေတာဖြစ်ပါတယ်။
"လေးကေကော် နားက စွယ်တော်အမြောက်ကုန်း ဒေသအခေါ်က ခွေးကုန်းပေါ့၊ အဲ့ဒီမှာ ညက ပေါက်ကွဲမှုဖြစ်သံကြားတယ်။ ခဏတော့ လက်နက်ငယ် ပစ်ခတ်မှုတွေ လုပ်တယ် ၊ သူတို့ တပ်ဖွဲ့ ဝင်အချင်းချင်း ပစ်ခတ်ကြတာလို့ထင်တယ်၊ ညက ကျနော်တို့ဘက်က ပစ်ခတ်တာမရှိဘူး၊ ဒီမနက် ၆ နာရီကျော်မှာ ရသေ့ဂူ တောင်ကြောဘက်ကို စပစ် တာကနေ အခု တိုက်ပွဲဖြစ်နေတယ်၊ ခွေးကုန်းက လက်နက်ကြီး ပစ်ထုတ်နေတယ်၊ ဆက်တိုက်ပဲ။ ဒီနေ့မနက် ပစ်ခတ် နေတာက ပိုပြီး အင်အားသုံးလာတယ်၊ ကျနော်တို့လည်း နေရာစုံ ကနေ ပြန်ပြီးတိုက်နေတယ် " လို့ KNLA ပူးပေါင်းတပ်ဖွဲ့မှ ပါဝင်တိုက်ခိုက်နေသူတစ်ဦးက ပြောပြပါတယ်။ လေးကေ့ကော်ဒေသချင်းဆက် လမ်းပိုင်း ဖြစ်သော ဖလူးလေး-ရသေ့ဂူ လမ်းပိုင်းမှာတော့ နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်မှုများရှိနေပါတယ်။
ပူးပေါင်းတပ်ဖွဲ့ကြား မကြာခဏတိုက်ပွဲများကြောင့် ကျေးရွာ ၅ ရွာခန့် မှ စစ်ဘေးရှောင်နေရသူ အစုအဖွဲ့ ၅ နေရာမှာ လူဦးရေ ၇၀၀၀ ခန့်ဟာ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေး နေရာတစ်လျှောက်တွင် ခိုလှုံနေထိုင်ရဆဲဖြစ်ကြောင်း သိရပါတယ်။
========================
📌📌ရှမ်းပြည်နယ် ရွာငံမြို့နယ်က အဖွဲ့ချုပ်အမတ် ဦးစိုင်းဝဏ္ဏကို ယနေ့မနက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီး
ရှမ်းပြည်နယ် ရွာငံမြို့နယ်က အဖွဲ့ချုပ်အမတ် ဦးစိုင်းဝဏ္ဏကို ယနေ့မနက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၇ရက်နေ့ မနက်၂နာရီခွဲအချိန်မှာ ။ရွာငံ အလယ်ချောင် စံပြကျေးရွာ ရွာမရပ်ကွက် မှာ စစ်တပ်က အင်အားသုံးဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုပါတယ်။
"ညနှစ်နာရီခွဲ သုံးနာရီမှာ စစ်တပ်က သူ့ရဲ့နေအိမ်မှာ ဝင်ဖမ်းသွားတာဗျ။ ရွာငံ အလယ်ချောင် စံပြကျေးရွာ ရွာမရပ်ကွက် မှာ ဖမ်းသွားတာပါ"လို့ ရွာငံ PDF တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ၂၀၂၁ ဒီဇင်ဘာလ ၃၁ နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အရေအတွက်စုစုပေါင်းမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့အပါအဝင် (၆၄၉) ဦးဖြစ်ပြီး ပြန်လည်လွတ်မြောက်လာပြီးသူမှာ (၁၄၆) ဦးရှိပါတယ်။
ထိန်းသိမ်းခံထားရစဉ်ကာလအတွင်း (၁၄) ဦးကျဆုံးခဲ့ရကာ (၄၈၉) ဦးမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပါတယ်လို့ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလ တွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကျဆုံးကွယ်လွန်ခဲ့သူ (၁၄) ဦးရှိခဲ့ပါတယ်။
========================
📌📌NUG အစိုးရ၏ အမည်ပျက်စာရင်းသွင်းခံရသူ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးရဲ့ မိသားစုဝင်များ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ အခြေချနေထိုင်လျက်ရှိ တယ်ဆိုတဲ့ သတင်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ် ၄ ရက် ရက်စွဲဖြင့် မြန်မာကုမ္ပဏီ ၃ ခုကို အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို တိုက်လေယာဉ်များ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ ၎င်းတို့ တိုက်ခိုက်နိုင်ရန်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေသော မြန်မာကုမ္မဏီ ၃ ခု ဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီများမှာ ဦးခင်မောင်အေး ပိုင်သော Golden Myanmar Airline (GMA) ကုမ္ပဏီ၊ ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊ ဦးအောင်ကိုဝင်း၏ KBZ အုပ်စုနှင့် ထိုင်း PTT တို့ ပူးပေါင်းလုပ်ကိုင်သော Brighter Energy ကုမ္ပဏီတို့ဖြစ်ကြောင်း NUG စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဦးသိန်းဝင်းဇော်သည် လက်ရှိတွင် တယ်လီနောမြန်မာ မိုဘိုင်းအော်ပရေတာကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
အဲသည်ထဲက Golden Myanmar Airline ကုမ္မဏိပိုင်ရှင် ခင်မောင်အေးမှာ မြန်မာပြည်က စီဘီဘဏ်ဥက္ကဌလည်း ဖြစ်ပါတယ်။ ၎င်း ငွေကြေးပေါင်းမြောက်များစွာကို အမေရိကန်ပြည်သို့ ပြောင်းရွှေ့ရင်းနှီးမြုတ်နှံပြီး အိမ်များ ခြံများ လုပ်ငန်းများ ဝယ်ယူထားပါတယ်။ ၎င်း ဇနီးနဲ့ သားသမီးများကို အမေရိကန်ပြည်မှာ တရားဝင်အခြေချနေထိုင်ခွင့်ရအောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်ဘေးဧရိယာမှာ နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။ စီဘီဘဏ်မှာ ငွေကြေးများစွာကို အပ်နှံထားတဲ့ ပြည်သူတွေက ၎င်းတို့ငွေကို ပြန်လည်ထုတ်ယူရန် အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။ ခင်မောင်အေးကတော့ လွတ်လပ်စွာ စီးပွားရေးလုပ်ငန်းများကို ပြည်ပသို့ ရွေ့ပြောင်းတိုးချဲ့နေပါတယ်။ အခုတော့ ခင်မောင်အေးဟာ မြန်မာပြည် သို့မဟုတ် ဒူဘိုင်းက စစ်အုပ်စု အသိုင်းအဝိုင်းများဆီမှာ ရှိနေတယ်လို့ ကြားသိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment