8th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၈ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရက ဒုတိယခြောက်လပတ်အတွင်းကျန်းမာရေး စီမံကိန်း ဆောင်ရွက်ချက်တွင် လူ ၄၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက် မှုတိုးချဲ့မည်
📌မန္တလေးတိုင်းဒေသကြီးအတွင်း Nan CDM ဝန်ထမ်းများကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေး
📌မတ်လနောက်ဆုံးပတ်အတွင်း အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်လာမည်
📌ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲမှာ ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဆေးကုသပြီး ကရင်နီပြည်ရဲတပ်ဖွဲ့ထံအပ်နှံ
📌NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးရည်မှန်း ချက်တွေကို တစ်ဆင့်ချင်းသွားနေတာဖြစ်တယ်လို့ CDM အရာရှိ Captain Zero ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရက ဒုတိယခြောက်လပတ်အတွင်းကျန်းမာရေး စီမံကိန်း ဆောင်ရွက်ချက်တွင် လူ ၄၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက် မှုတိုးချဲ့မည်

အမျိုးသားညီညွတ်ရေးအစိုးရက ဒုတိယခြောက်လပတ်အတွင်းကျန်းမာရေး စီမံကိန်း ဆောင်ရွက်ချက်တွင် လူ၄၀၀၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက် မှုတိုးချဲ့သွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။ မတ်လ ၇ ရက်နေ့ NUG မှ မိဘပြည်သူများသို့ အစီအစဥ်မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။

"ဒုတိယခြောက်လပတ်မှာ ဖွဲ့စည်းတည်ဆောက် မှုတွေလုပ်မယ်။အွန်လိုင်းနဲ့အွန်ဂရောင်းပေါ့။ အွန်လိုင်းမှာလည်း တာဝန်ခံတွေရှိတယ်။ အွန်ဂရောင်းက မြေပြင်မှာ တိုက်ပွဲဖြစ်နေတဲ့ဒေသ ကရင်နီဒေသ၊ကချင်၊ချင်း အဲဒီလိုပဲရန်ကုန်နဲ့မန္တလေးရှိမယ်။အဲဒီလို အားလုံးမြို့နယ်၂၈၁မြို့နယ်မှာ ပိုက်ဆံတပြားမှမရဘဲနဲ့ ကျန်းမာရေးစောင့်ရှောက် မှုပေးနေတဲ့လူ ၄၀၀၀ ရှိတယ်။ ၄၀၀၀ ကျော်တယ်။ အားလုံးက စေတနာ့ဝန်ထမ်းတွေ။ အဲဒီတော့ သူတို့ကပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေ၊ ဒါတွေကိုတိုးချဲ့မယ်"လို့ ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပထမခြောက်လပတ်အတွင်း ကျန်းမာရေးစောင့်ရှောက် မှုများအနေနဲ့ တယ်လီဂရမ်မှ ကိုဗစ်ဖြစ်ပွားမှုနှင့်ပတ်သတ်၍ လူသုံးထောင်ကို ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ အလားတူနယ်စပ်ဒေသများတ ​လျှောက် ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း တိုင်းရင်းသားအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

========================

📌📌မန္တလေးတိုင်းဒေသကြီးအတွင်း Nan CDM ဝန်ထမ်းများကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေး

မန္တလေးတိုင်းဒေသကြီးအတွင်း Nan CDMဝန်ထမ်းများကို မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေးလိုက်ပါတယ်။
မတ်လ ၇ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ Nan CDM ဝန်ထမ်းများကို အရေးယူတော့မည်လို့မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ကကြေညာလိုက်တာဖြစ်ပါတယ်။

"မန္တလေးတိုင်းအတွင်းရှိ အကြမ်းဖက်ကောင်စီ လက်အောက်ခံဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျ ပြည်သူများအပေါ်တွင် ညှင်းပန်းနှိပ်စက်​နေမှုများမတရား သဖြင့် အခွန်ကောက်ခံနေမှုများ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းပြ၍ ငွေတောင်းခံနေမှုများ၊ ပြည်သူ့အိုးအိမ်ကို အကြောင်းမဲ့ဖျက်ဆီးနေမှုများ ဆက်လက်ဆောင်ရွက် လုပ်ဆောင်နေမည်ဆိုပါ ထိရောက်စွာ အပြစ်ပေးအရေးယူဆောင်ရွက် သွားတော့မယ်"လို့ဖော်ပြထားပါတယ်။

မန္တလေးမြို့တွင် အများပြည်သူနေအိမ်များကို မကြာသေးမီရက်ပိုင်းက စကစခန့်ဝန်ထမ်းများက ဖယ်ရှား ဖျက်ဆီးခဲ့ကြပါတယ်။

========================

📌📌မတ်လနောက်ဆုံးပတ်အတွင်း အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်လာမည်

မတ်လနောက်ဆုံးပတ်အတွင်း အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်လာမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ မတ်လ၂၀ ရက်နေ့ကနေ၂၃ ရက်နေ့အထိ မြန်မာအရေးကို အခြေအနေသိရဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ လာရာက် မှာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ သို့ပေမဲ့လည်း ယင်းခရီးစဥ်မှာ မည်သူမည်ဝါတွေနဲ့တွေ့မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိဘူးဖြစ်ပါတယ်။

​ဖမ်းဆီးထားတဲ့နိုင်ငံတော်အကြီးအကဲများအပါအဝင် နိုင်ငံရေးအကျဥ်းသားများပြန်လွှတ်ပေးရေး၊တွေ့ဆုံဆွေးနွေးရေး စတဲ့ အာဆီယံမူ ငါးချက်ကိုတော့ လိုက်နာရန် အာဏာသိမ်း စစ်အုပ်စုကပျက်ကွက်နေဆဲဖစ်တယ်လို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများကဆိုပါတယ်။

========================

📌📌ဒီးမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲမှာ ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဆေးကုသပြီး ကရင်နီပြည်ရဲတပ်ဖွဲ့ထံအပ်နှံခဲ့တဲ့အကြောင်း တင်ပြပေးချင်ပါတယ်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်မှာ မတ်လ ၆ ရက်နေ့က က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁) နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်စွားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများစွာရှိခဲ့ပါတယ်။ ထိုတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်ဘက်က အများအပြားသေ ဆုံးပြီး KDF နှင့် ပြည်သူ့ ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO- Local PDF) တို့က စစ်ကောင်စီ၏ MA-1 အမျိုးအစား ရိုင်ဖယ် ၂ လက်နှင့် ကျည်ဆန်များ သိမ်း ဆည်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိပါတယ်။ အရှင်ဖမ်းမိတဲ့ စစ်သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းနှင့်အညီ ဆေးဝါးကုသပေးခဲ့ပြီး ကရင်နီပြည်နယ်မှာ ဥပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ Karenni State Police ထံသို့ သွားရောက်အပ်နှံခဲ့ကြောင်း KNDF တပ်ရင်း (၁) က မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျောက်ဆည်ကန်တိုက်ပွဲဖြစ်စဉ် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦးကို ကောင်းစွာဖမ်းဆီးသွားတာတွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့ စစ်စည်းကမ်းလိုက်နာမှုဟာ လေးစားဖွယ်ရာ ကောင်းတယ်လို့ CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း ကျောက်ဆည်ကန်တိုက်ပွဲဖြစ်စဉ်ကို ချီးကျူးပြောဆိုထားပါတယ်။ “မနေ့က တိုက်ပွဲမှာ စစ်သုံ့ပန်း ၂ ဦးမိတာ တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွါးတဲ့နေရာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ကြည်း လေ တင့် မြှောက် စတဲ့ ပူးပါင်းစစ်ဆင်မှုခံနေရတဲ့ဒေသဖြစ်ပါတယ်။ စစ်ဆင်ခံနေရတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာအရ ခံစားနာကျည်းရမှုတွေ ရှိနေပါတယ်။ မနေ့က video ထဲမှာ တချို့တပ်သားတွေရဲ့ ပြောဆိုသံတွေကြားရတယ်။ လက်စတုံးပလိုက် ဘာညာပေါ့။ ဒါပေမယ့် သူတို့စိတ်ခံစား ချက်အတိုင်းမလုပ်ခဲ့ပါဘူး။ သူတို့လိုက်နာရမယ့် စစ်စည်းကမ်းတွေကို လိုက်နာခဲ့တာတွေ့ရပါတယ်။ စစ်မြေပြင် စည်းကမ်းတွေကို လိုက်နာပြီးစိတ်ခံစားချက်တွေကို ထိန်းနိုင်ခဲ့တဲ့ အဲ့နေရာက ရဲဘော်တွေကို အရမ်းလေးစားမိလို့ ကျနော်လင်းထက်အောင် လက်တင်အလေးပြုလိုက်ပါတယ်။ အချုပ်ပြောရရင်ကျနော်တို့လိုချင်တဲ့ စစ်သား တွေဟာ အခုလို စစ်သားတွေပါ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ် တပ်မတော်မှာ ဒီလို စစ်သားတွေအများ ကြီးရှိဖို့လိုပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေဟာ ဒီလို လူတွေကြောင့်ပြည့်ကိုပြည့်မှာလို့ ကျနော်ယုံကြည်တယ်။ အဲ့လိုလူတွေအတွက်ကျနော်တို့လည်း နိုင်သလောက် တစ်ဦးချင်းတစ်ယောက်ချင်း ဝိုင်းကြိုးစားကြ ရအောင်ဗျာ” လို့ CDM ဗိုလ်ကြီးလင်းထက်အောင်က အသိအမှတ်ပြုပြောဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နွေဦးတော်လှန်ရေးအောင်မြင်ချိန်တွင် အကျင့်မကောင်းသော အာဏာသိမ်းစစ်တပ်အစား စည်းကမ်းပြည့်ဝသော ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းရှေ့ဆက်ဖို့ ရည်မှန်းချက်ထားရှိထားတာလည်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဒီမောဆိုတိုက်ပွဲမှာ အထူးစစ်ဆင်းရေးတပ်၊ DMO PDF၊ LOIKAW PDF ၊ ဖယ်ခုံ PDF ၊KA ၊KNDF နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မီးရှို့မှုတွေအပေါ် ပြန်လည်ခုခံ တိုက်ခိုက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများပြီးနောက်မှာတော့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးတခွင်သို့ လေကြောင်းဖြင့် ၆ ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း မီးလောင်မှုတချို့လည်းဖြစ်ခဲ့ကြောင်း KDF ကသတင်းဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။

========================

📌📌NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးရည်မှန်း ချက်တွေကို တစ်ဆင့်ချင်းသွားနေတာဖြစ်တယ်လို့ CDM အရာရှိ Captain Zero ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တိကျတဲ့ စစ်ရေးရည်မှန်းချက်တွေရှိပြီး စိုးမိုးနယ်မြေ တည်ဆောက်ရေးအစီအစဉ်တွေကို လည်း တိတိကျကျလုပ်ဆောင်နေတယ် ဒါ့အပြင် စစ်ရေးရည်မှန်းချက်နေရာတွေကို ထိရောက်တဲ့ထောက်ပံ့မှုတွေလုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ CDM ဗိုလ်ကြီး Captain Zero ပြောကြားလိုက်ပါတယ်။

MOD မှာ တိကျတဲ့ စစ်ရေးရည်မှန်းချက်နဲ့ စိုးမိုးနယ်မြေတည်ဆောက်ရေး Plan တိတိကျကျ ရှိတယ်ဆိုတာသိရတယ်။ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ လက်ရှိမှာ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တိုင်းကို ထောက်ပံ့ဖို့မဖြစ်နိုင်သေးဘဲ အဓိက စစ်ရေးရည်မှန်းချက် နေရာများကိုသာ ထိထိရောက်ရောက် အရင် ထောက်ပံ့နေပါတယ်” လို့ CDM ဗိုလ်ကြီး Captain Zero က ပြောကြားလိုက်တာပါ။ သူ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ သိရှိလိုတာတွေအတွက် မေးမြန်းဖြစ်ခဲ့ကြောင်း။ တာဝန်ရှိသူများဘက်က အထက်ပါအတိုင်း ရှင်းပြပေးတာနားလည်ခဲ့ရကြောင်း CDM ဗိုလ်ကြီး Captain Zero က ပြောကြားထားပါတယ်။

“နိုင်ငံတကာ ထောက်ပံ့မှုနဲ့ Bond ရောင်းချမှု ငွေများကို တိုက်ခိုက်ရေး စီမံချက်အတွက် လိုအပ်သော နေရာများမှာ သုံးပါတယ်။ ဘယ်လိုနေရာတွေမှာသုံးနေတယ်ဆိုတာကတော့ ကျွန်တော် အတိအကျ ပြောပြစရာ မလိုလောက်ဘူး ထင်ပါတယ်။ သေချာတာကတော့ တော်လှန်ရေးအစိုးရရဲ့ ဘတ်ဂျက်ကို တိုက်ခိုက်ရေးအတွက်ပဲ အဓိကသုံးပါတယ်” လို့ Captain Zero က ပြောပြပါတယ်။ တော်လှန်ရေးအစိုးရအဖြစ် ခက်ခဲတဲ့စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ဦးဆောင်ဆင်နွှဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ လက်နက်လိုအပ်မှုအခြေအနေများကြောင့် အားမလိုအားမရမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး အစောပိုင်းကတည်းက ပြည်သူ့ဘက်ရပ်တည်တော်လှန်နေတဲ့ CDM ဗိုလ်ကြီးက ဒီကိစ္စနဲ့ပက်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနထံဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ ထောက်ပံ့မှုတွေ မရသေးတဲ့ မြေပြင်တပ်ဖွဲ့တွေအတွက်လည်း စစ်ရေးရည်မှန်း ချက်တွေကို တစ်ဆင့်ချင်းသွားနေတာဖြစ်လို့ သေချာစိစစ်ပြီး ထောက်ပံ့မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူသိခဲ့သမျှကို ပြန်လည်ပြောဆိုပါတယ်။
“ထောက်ပြစရာကတော့ ပြည်သူတွေ မြင်သလိုပဲ အားရစရာလုပ်ဆောင်ချက်တွေ ထိထိရောက်ရောက်တော့ မဖြစ်သေးပါဘူး။ နှေးကွေးနေသေးတာတော့အမှန်ပါပဲ။ ဒါပေမယ့် သေချာတဲ့ အစီအစဉ်တွေရှိနေတဲ့ အတွက် အပြစ်တင်မစောသေးဘဲ စောင့်ကြည့်ကြဖို့ပြောချင်ပါတယ်” လို့သူကဆက်ပြောပါတယ်။ သူ့အနေနဲ့ အခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေကို မေးမြန်းပြီး ပြန်လည်ရှင်းလင်းရေးသားရခြင်းမှာ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှုတွေကို နားလည်သိရှိစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်တယ်လို့ ပြန်လည်အသိပေး ပြောကြားခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment