15th Dec 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။⁨⁨ ဆေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၈ ဦး သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူတွေကို KNDF ဗဟို စစ်တရားရုံးက ပြစ်ဒဏ်ချမှတ်

📌 ⁨⁨⁨⁨⁨၂။ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို KIO တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံ

📌၃။ ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်များကို  စစ်ကောင်စီက ဖိနှိပ်နေပြီး ငွေသောင်ယံမြို့နယ် ဧရိယာအတွင်းမှာ နေထိုင်ခွင့်မပြုတော့ဟုဆို 


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ကားအစီး ၂၀ နဲ့ ဆင်းလာတဲ့ စစ်တပ် စစ်ကြောင်းကို ရခိုင့်တပ်တော် AA ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းယူ 

🚩၂။လက်ပံတန်း တိုက်ပွဲမှာ စစ်သား ဦး သေဆုံးသွားပြီး စစ်တပ်စစ်ကြောင်း ပြန်ဆုတ်  

🚩 ၃။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်သား ဦးက ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ငွေနဲ့ပစ္စည်းတွေယူသွား

🚩 ⁨⁨၄။ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတာကြောင့် သေဒဏ်ထိချမှတ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကျောတိုက်နယ် ပအဖ ပြန်လည်ပြင်ဆင်ထုတ်ပြန် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။⁨⁨ ဆေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၈ ဦး သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူတွေကို KNDF ဗဟို စစ်တရားရုံးက ပြစ်ဒဏ်ချမှတ်


ဒီဇင်ဘာလ ၁၅ရက်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဖွင့်လှစ်တဲ့ ဆေးသင်တန်း Frontline Combat Medic က သင်တန်းသား၊ သင်တန်းသူ ၁၈ ဦး သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူတွေကို KNDF ဗဟို စစ်တရားခုံရုံးက ပြစ်ဒဏ်ချမှတ် လိုက်ပြီလို့ ဒီနေ့ ဒီဇင်ဘာ ၁၅ မှာ ထုတ်ပြန်ပါတယ်။

သင်တန်းကာလအတွင်း ညဘက်လေ့ကျင့်ရေးတခု ပြုလုပ်ချိန်မှာ သင်တန်းသား ၁၈ ဦး ရေထဲမျောပါရင်းသေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF က ဦးစီးဖွင့်လှစ်တဲ့ Frontline Combat Medic သင်တန်းကို မခုနှစ် အတွင်းဖွင့်လှစ်ခဲ့ရာမှာ တပ်ရင်းတပ်ဖွဲ့အသီးသီးက ဆေးတပ်သား ရဲဘော် ရဲမေ ၁၀၂ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါ တယ်။

သေဆုံးသွားတဲ့ ရဲဘော် ရဲမေများအတွက် အလွန်စိတ်ထိခိုက်ရသလို တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးတရပ်ဖြစ်တာ ကြောင့် အမှန်တရားနဲ့ တရားမျှတမှုအတွက် KNDF ဗဟိုကော်မတီရဲ့ လမ်းညွန်ချက်အရ ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ကာ အမှုကြားနာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတင်ပြချက် တရားခွင်အတွင်း စွပ်စွဲခံရသူများနဲ့ သက်သေခံထွက်ဆိုချက်တွေအရ  ဒီဖြစ်စဉ်အတွက် တာဝန်ရှိသူ ကျောင်းအုပ်တဦး၊ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာတဦးနဲ့ သင်တန်းအကူ တဦးတို့မှာ တာဝန်ရှိကြောင်း ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ-၁၇ နဲ့ ၂၇ တို့အရ ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေး Physical Training (PT) ဆရာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နဲ့ ၃လ စီ ချမှတ်လိုက်ပြီး သင်တန်းအကူကိုတော့ ပြစ်မှုဆိုင်ရာစစ်အက်ဥပဒေ ပုဒ်မ- ၂၇ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃လ ကျခံစေဖို့ ဗဟိုအဆင့် စစ်တရားခုံရုံးအဖွဲ့က ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNDF အနေနဲ့ အခက်အခဲများစွာရှိနေပေမယ့် တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့ထိ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပြီး တော်လှန်ရေးကာလမှာ အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမယ်လို့ သူပြည်လူထုကို ကတိပြုထား သလို အရေးတော်ပုံအောင်မြင်တဲ့အချိန်မှာ ကျဆုံးရဲဘော်များအားလုံးကို ထိုက်တန်စွာ ဂုဏ်ပြုမယ်လို့ ထပ်ပြီးကတိပြု ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို KIO တာဝန်ရှိသူတွေ သွားရောက်တွေ့ဆုံ


ဒီဇင်ဘာလ ၁၅ရက်။

တိုက်ပွဲတွေကြောင့် ဗန်းမော်နဲ့ မိုးမောက်မြို့ဘက်ကနေ တိမ်းရှောင်လောတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကော်မတီက တာဝန်ရှိသူတွေ မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လာရောက်တွေ့ဆုံခဲ့ တယ်လို့ ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။ 

စစ်ရှောင်ပြည်သူတွေလိုအပ်နေတဲ့ အဝတ်အထည် စောင်တွေနဲ့တွေပေးအပ်ခဲ့ပြီး နေစရာအတွက် မြေနေရာ ခွဲဝေပေးတာ တွေလုပ်ဆောင်ပေးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေနဲ့တွေ့ဆုံရာမှာ KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကော်မတီရဲ့ စစ်ရှောင်ကူညီရေးကော်မတီအဖွဲ့ဝင် တွေ၊ မိုင်ဂျားယန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘဏ္ဍာရေးမှူးနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါဝင်ပြီး စစ်ရှောင်ပြည်သူ တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို မေးမြန်းပြီး ဆေးကုသမှုတွေပါ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုင်းကုန်းနဲ့ ဘုံအောင်နန်းစစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူ ၇ဝ ခန့်ရှိတယ်လို့လည်း KIA သတင်းပြန်ကြားရေး ဌာနက အသိပေးထားပါတယ်။ 

ဒါအပြင် ရှအစ်ယာန်စစ်ရှောင်စခန်းက ပြည်သူတွေကို KIO ပါတီအကြောင်း အမြင်ဖွင့်သင်တန်းပေးနေပြီး စစ်ရှောင်စခန်းက အသက် ၁၈ နှစ်အထက် လူငယ် ၂ဝဝ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုသင်တန်းဖွင့်ရတာဟာ KIO ပါတီအကြောင်း ပိုသိလာစေဖို့နဲ့ လူငယ်တွေအနေနဲ့ နိုင်ငံရေး အမျိုးသားရေး ဘက်မှာ နိုးကြားလာစေဖို့ဖြစ်တယ်လို့ သင်တန်းတာဝန်ရှိသူက ပြောပါတယ်။


========================


⁨📌📌၃။ ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်များကို  စစ်ကောင်စီက ဖိနှိပ်နေပြီး ငွေသောင်ယံမြို့နယ် ဧရိယာအတွင်းမှာ နေထိုင်ခွင့်မပြုတော့ဟုဆို 


ဒီဇင်ဘာလ ၁၅ရက်။

ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းကမြို့နယ်ဘက် စစ်ဘေးရှောင်လာတဲ့သူတွေကို စစ်ကောင်စီက ဖိနှိပ်နေပြီး ငွေသောင်ယံမြို့နယ်ဧရိယာအတွင်းမှာ နေထိုင်ခွင့်မပြုတော့ဘူး စစ်ဘေးရှောင်နေသူတွေက ပြောပါတယ်။

ရခိုင်ဘက်က စစ်ဘေးရှောင်လာသူတွေရှိနေတဲ့ ပုသိမ်နဲ့ ဂွမြို့နဲ့ဆက်စပ်နေတဲ့ ငါးသိုင်းချောင်း၊ ရေကြည်၊ တောင်ကုတ်မြို့ နယ်နဲ့ ဆက်စပ်‌နေတဲ့ ဥသျှစ်ပင်၊ ကြံခင်းမြို့နယ်တို့မှာ ဒီဇင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဧည့်စာရင်းစစ်နေနေတယ်လို့ ဆိုပါတယ်။

အခုလို ဧည့်စာရင်းစစ်ရာမှာ ရခိုင်တိုင်းရင်းသားတွေကိုပစ်မှတ်ထားစစ်ဆေးနေပြီး ချောင်းသာနဲ့ ရွှေသောင်ယံ မြို့နယ်တို့မှာ ရခိုင်စစ်ဘေးရှောင်တွေကို ငါးဖမ်းခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဧရာ၀တီတိုင်းက ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ ငွေသောင်ယံဧရိယာ နယ်နမိတ်အတွင်းမှာ စစ်ဘေး ရှောင်နေကြတဲ့ ဂွမြို့နယ်က ၁၁ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ စစ်ဘေးရှောင်တွေကို နေထိုင်ခွင့်မပြုတော့ဘူးလို့ သတင်းရရှိထားတဲ့အကြောင်း နိရဉ္စရာ သတင်းဌာနက ဒီနေ့ ဒီဇင်ဘာ ၁၅ မှာ ဖော်ပြပါတယ်။ 

စစ်ကောင်စီဘက်က အခုလိုပြောဆိုလာတာကြောင့် ရခိုင်ကလာတဲ့ စစ်ဘေးရှောင်တွေဟာ မျောက်သစ်ကိုင်းလွတ်သလို ဖြစ်နေကြရပြီလို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။ 

 ငွေသောင်ယံမြို့နယ်ခွဲမှာရောက်ရှိနေတဲ့ ၁၁ မျဉ်းစောင်း ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ စစ်ဘေးရှောင်တွေအရေးနဲ့  ပတ်သက်လို့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက် မနက် နာရီက ချောင်းသာမှာ အစည်းအဝေးပြုလုပ်ခဲ့ရာ စစ်ဘေးရှောင်တွေက သွားစရာနေရာမရှိဘူးလို့ တင်ပြကြပေမယ့် ဖျာပုံမြို့နယ်ဘက်ရွှေ့ပေးမယ်လို့ စစ်ကောင်စီဘက်က ပြောတယ်လို့ သိရပါတယ်။

အခုလိုရွှေ့ပြောင်းရာမှာ မိမိတို့အစီအစဉ်နဲ့သာ ရွှေ့ပြောင်းရမှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်အများစု အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဧရာ၀တီတိုင်းအထိ တိုက်ပွဲတွေကျယ်ပြန့်လာမယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့နေတဲ့အတွက် ငသိုင်းချောင်း၊ ရေကြည်၊ အသုပ်၊ ကျုံပျော်၊ အိမ်မဲ၊ ကျောင်းကုန်း၊ အင်္ဂပူတို့မှာ စစ်ဘေးရှောင်နေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁ မျဉ်းစောင်း ကိုင်ထားသူတွေ လည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ 

အရပ်သားစစ်ဘေးရှောင်တွေအပေါ်  အခုလို ပစ်မှတ်ထားဖိနှိပ်နေတာတွေအတွက် စစ်ကောင်စီနဲ့ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ တာဝန်ခံရမယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩



========================

========================



🚩🚩 ⁨⁨ကားအစီး ၂၀ နဲ့ ဆင်းလာတဲ့ စစ်တပ် စစ်ကြောင်းကို ရခိုင့်တပ်တော် AA ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းယူ 


ဒီဇင်ဘာလ ၁၅ရက်။

ရခိုင်ပြည် အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဘက်က ကားအစီး ၂ဝ နဲ့ ဆင်းလာတာကို ရခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းယူသွားတယ်လို့ ဒေသတွင်း သတင်းတွေကဆိုပါတယ်။ 

စစ်ကောင်စီဟာ အမ်းမြို့ကို လက်မလွှတ်ရရေးအတွက် အမ်းတောင်ကြားလမ်းတနေရာမှာ အင်အားစုနေတာ တပတ် ကျော်ကြာမြင့်ပြီလို့ ဒေသသတင်းရင်းမြစ်တွေကလည်းပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာတော့ ကားအစီး ၂ဝ နဲ့ စစ်ကြောင်းထိုးခဲ့ရာမှာ အမ်းမြို့ကို မရောက်ခင် မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ ရခိုင့်တပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ လေးဝတီ FM က ဖော်ပြပါတယ်။

ရခိုင့်တပ်တော်က လမ်းမပေါ်က စစ်ကားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝိုင်းဝန်းတိုက်ခဲ့တာကြောင့် ကားတွေ မီးလောင်ပျက်စီးခဲ့တာရှိပြီး မပျက်စီးသေးတဲ့ကားတွေနဲ့ စက်လက်နက်ကြီးတွေ အမြှောက်တွေကို သိမ်းထားလိုက်တယ်လို့    ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က တမနက်လုံး အမ်းမြို့ နဲ့ ရှစ်မိုင်အကွာက ပတ်ကွေ့ဆိုတဲ့ စစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့လည်း သတင်းရင်းမြစ် က ပြောပါတယ်။

ပတ်ကွေ့ဆိုတဲ့နေရာဟာ အမ်းမြို့ ပဲပဒုံဂိတ်နဲ့ မိုင်ကွာဝေးပြီး အိမ်ခြေ ၄ဝ ကျော်ရှိတဲ့နေရာမှာ စစ်ဆေးရေးဂိတ် ပြုလုပ် ခဲ့တဲ့နေရာလို့ သိရပါတယ်။ 

စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က တောင်စောက်ဂိတ်မှာ အင်အားစုဆောင်းပြီး အလုံးအရင်းနဲ့ဝင်ရောက်ဖို့ ကြိုးစားနေပေမယ့် အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ က တိုင်းစစ်ဦးစီးချုပ် ထွက်ပြေးသွားတဲ့အတွက် ကွပ်ကဲမယ့်သူမရှိဘဲ တပ်သားတွေ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၂။လက်ပံတန်း တိုက်ပွဲမှာ စစ်သား ဦး သေဆုံးသွားပြီး စစ်တပ်စစ်ကြောင်း ပြန်ဆုတ်  


ဒီဇင်ဘာလ ၁၅ရက်။

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဦးသေဆုံးသွားခဲ့ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၂ က ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ်ဘက်ကနေ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ် တက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၇ရက်နေ့မနက်က ထန်းတောရွာအနီးမှာ ၅မိနစ်ကြာ ထိတွေတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်တာကြောင့် ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ နောက်ဆုတ်ပေးလိုက်တာကို ထွက်ပြေးသွားတယ်အထင်နဲ့ အတင်းလိုက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးရဲဘော် တွေက လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အတွင်း စစ်သား ၄ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရသွားတာကြောင့် အလောင်းကောက်ပြီး တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။။

ဒီတိုက်ပွဲကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၂၊ တပ်ခွဲ ၃၊တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ 

ပဲခူးရိုးမအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တဲ့အတွက် ဒေသနေပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားလာနေထိုင်တာမျိုး လုံးဝမပြုလုပ်ကြဖို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါ တယ်။


========================


🚩🚩 ၃။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်သား ဦးက ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ပြီး ငွေနဲ့ပစ္စည်းတွေယူသွား


ဒီဇင်ဘာလ ၁၅ရက်။

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအုပ်စု ထန်းပင်ကုန်းကျေးရွာက ဒေသနေသူတဦးရဲ့ကုန်စုံဆိုင်ကို အကြမ်းဖက်စစ်သား ၂ဦးက ဓားပြတိုက်ပြီး ငွေနဲ့ပစ္စည်းတွေယူသွားတယ်လို့ မြို့နယ် ပကဖ ဇုန် တောဗုံးကြီးအဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၁၅မှာ အသိပေး ထုတ်ပြန်ပါတယ်။

ထန်းပင်ကုန်းကျေးရွာက ပြည်သူတဦးရဲ့ နေအိမ်မှာဖွင့်ထားတဲ့စျေးဆိုင်ကို မနေ့ ဒီဇင်ဘာ ၁၄ ရက် မနက် နာရီအချိန်မှာ အကြမ်းဖက်စစ်သားတဦး တပ်ရိက္ခာအတွက် အကြွေးလာဝယ်ခဲ့ပြီး ၁၁ နာရီအချိန်မှာ နောက်ထပ် အကြမ်းဖက်စစ်သား ၂ဦးက ဓားပြလာတိုက်ခဲ့တာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်သား၂ဦးဟာ ဆိုင်ရှင် လင်မယားကို သေနတ်နဲ့ချိန်ထားပြီး ဖုန်း၂လုံး၊ ငွေကျက် သိန်းနဲ့ ဆိုင်မှာရောင်းနေတဲ့ အချိုရည်ဗူးတွေနဲ့ မုန့်တွေ ယူသွားတယ်လို့ ဒေသနေပြည်သူတွေက အတည်ပြုထားလို့ တောဗုံးကြီးအဖွဲ့က အသိပေးပါတယ်။

အဲဒီ ထန်းပင်ကုန်းကျေးရွာအုပ်စု ဇဝဲကျေးရွာဟာ အကြမ်းဖက်စစ်တပ် ခမရ-၅၆၆ တပ်ရင်းနဲ့ ဖာလုံ ခန့်သာဝေးပြီး၊ အကြမ်းဖက်စစ်သားတွေ နေ့ အချိန်မရွေး သွားလာနေတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဓားပြတိုက်တာမျိုး တကြိမ်မှမရှိဘူး မကြားဖူးဘူးလို့ ဒေသနေသူတွေက ပြောဆိုနေကြပါတယ်။ 

အကြမ်းဖက်စစ်တပ် ခမရ- ၅၆၆ တပ်ရင်းဟာ ၁၉၃၃ ခုနှစ်ခန့်မှာ တပ်ရင်းတည်ဆောက်ပြီး တပ်စွဲထားရာ အခုလို ကုန်စုံဆိုင်ကို ဓားပြတိုက်တဲ့ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြို့နယ် ပကဖ ဇုန် တောဗုံးကြီးအဖွဲ့က ထုတ်ပြန် ထားပါတယ်။

လက်ရှိမှာလည်း ခမရ- ၅၅၆ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ ထန်းပင်းကုန်းရွာအနီးဝန်းကျင်နဲ့ ဘန်းလမွတ်ရွာ၊ ရမ်းဖိုရွာစတဲ့ ကျေးရွာတွေအနီးမှာ ကင်းပုန်းများဝပ်နေတာ တပတ်ခန့်ရှိနေပြီလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨၄။ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတာကြောင့် သေဒဏ်ထိချမှတ်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ကျောတိုက်နယ် ပအဖ ပြန်လည်ပြင်ဆင်ထုတ်ပြန် 


ဒီဇင်ဘာလ ၁၅ရက်။

ဝေဖန်မှုတွေနဲ့ရင်ဆင်နေရတာကြောင့် သေဒဏ်အထိချမှတ်မယ်ဆိုတဲ့ တားမြစ်ချက် ၂၃ ချက်ပါ ထုတ်ပြန်ချက်ကို ပြန်လည် ပြင်ဆင်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျောတိုက်နယ်က မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

ပြင်ဆင်လိုက်တဲ့ထုတ်ပြန်ချက်မှာ ဒေသဏ်ထိချမှတ်မယ့်အစား တားမြစ်ချက်များကို ခွင့်ပြုချက်မဲ့ ကျူးလွန်ကြောင်း ထင်ရှားရင် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမမယ်လို့ ပြင်ဆင်ထားပါတယ်။

အရင်က သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရ၊ ထင်များသယ်ယူခြင်းမပြုရ စတဲ့အချက်တွေကိုတော့ ယခုအခါ စီးပွားဖြစ် ဆိုတဲ့ အသုံးအနှုန်းနဲ့ ထပ်မံထည့်သွင်းခဲ့ပြီး ပသုံးလုံးအဖွဲ့တွေကို ကိုယ်နှုတ်ဖြင့်စော်ကားခြင်းမပြုရဆိုတဲ့နေရာမှာ ကိုယ်ထိ လက်ရောက်လို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ 

ကျောတိုက်နယ် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက အရင်ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာပါတဲ့  သေဒဏ်အထိချမှတ်မယ်ဆိုတဲ့ သစ်ဝါးမခုတ်ရ၊ ပသုံးလုံး အဖွဲ့တွေကို ကိုယ်နှုတ်အမူအရာဖြင့် မစော်ကားရအပါအဝင် အချက် ၂၃ ချက်ပါတဲ့ တားမြစ်ချက်တွေကို ပြည်သူလူထုက ထောက်ပြဝေဖန်ခဲ့တာကြောင့် အခုလို ပြင်ဆင်ထုတ်ပြန် လာတာဖြစ်ပါတယ်။

 

⁨⁩ ⁨အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment