၂၀၂၂ မတ်လ ၈ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကောင်စီက ပြည်သူများကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ရန် သစ်တော၊ သတ္တုနှင့် ကျောက် မျက်အပါအဝင် သယံဇာတများကို ထုတ်ယူရောင်းချနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌အမျိုးသားညီညွတ်ရေး အစိုးရ ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် UK အစိုးရ ၊ နိုင်ငံခြားရေးဌာန ၊ အာရှရေးရာဝန်ကြီး Ms. Amanda Milling တို့မတ်လ ၇ရက်နေ့မနေ့က တွေ့ဆုံဆွေးနွေး
📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ကက်ဘိနက်အဖွဲ့ဝင်များ ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကမ်ပိန်းမှာပါဝင်လှုပ်ရှား
📌အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ညီလာခံ မှာစစ်ကောင်စီကို အဝင်မခံဖို့ မြန်မာအလုပ်သမားတပ်ပေါင်းစုကစာပို့ထား
📌ယမန်နေ့ညက မြောက်ဒဂုံမြို့နယ် မြို့မရဲသင်တန်းကျောင်းကို ပြောက်ကျားတပ်များ လက်ပစ်ဗုံးအပါအဝင် ၄၀မမနှင့်ပစ်ခတ်၍ရဲများထိခိုက်သေဆုံးမှုရှိနိုင်
📌ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ ဘက်ကို မနက်၂ နာရီခန့်မှာစစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ဘုရားကျောင်းနဲ့လူနေအိမ်များထိခိုက်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကောင်စီက ပြည်သူများကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ရန် သစ်တော၊ သတ္တုနှင့် ကျောက် မျက်အပါအဝင် သယံဇာတများကို ထုတ်ယူရောင်းချနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
စစ်ကောင်စီက ပြည်သူများကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ရန် သစ်တော၊ သတ္တုနှင့် ကျောက် မျက်အပါအဝင် သယံဇာတများကို ထုတ်ယူရောင်းချနေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုလိုက်ပါတယ်။
မတ်လ ၇ ရက်နေ့နံနက် (၁၀) နာရီတွင် ကျင်းပတဲ့ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) ၏ (၂/၂၀၂၂) အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။
"စစ်ကောင်စီဟာ ပြည်သူများကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ရန် သစ်တော၊ သတ္တုနှင့် ကျောက်မျက်အပါအဝင် သယံဇာတများကို ထုတ်ယူရောင်းချပြီး ၎င်းတို့ အင်အား ဖြည့်တင်းနေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများဖြစ်သည့် သယံဇာတ ထုတ်လုပ်ရောင်းချမှုလုပ်ငန်းများ၊ ၎င်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူအားလုံးကို နည်းလမ်းမျိုးစုံ သုံးပြီး တားဆီးပိတ်ပင်ရန် လိုအပ်ကြောင်း"
ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ NUGအစိုးရရဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ကြာကာလသယံဇာတစီမံအုပ်ချုပ်မှုအတွက် အရေးပေါ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့် မူဘောင်များကို ရေးဆွဲလျက်ရှိပါတယ်။
"ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အရေးကြီးသော လုပ်ငန်းတာဝန်များထဲမှ တချို့ဖြစ်သည့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များအား သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ထပ်မံ တိုးချဲ့ ဖွဲ့စည်းသွားရန်၊ မြို့နယ်အဆင့် သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းများနှင့် အခွန်ကောက်ခံမှုများအား စနစ်တကျဖြင့် အလေအလွင့်မရှိစေရေး ကြီးကြပ်လမ်းညွှန်ရန်၊ တိုင်းရင်းသားဒေသများတွင် ၎င်းတို့၏ သဘောဆန္ဒနှင့်အညီ သယံဇာတများ စီမံအုပ်ချုပ်နိုင်ရေး ပြည်နယ်/ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့ကို အရှိန်အဟုန်မြှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် အလေးအနက် တိုက်တွန်းလိုတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် UK အစိုးရ၊ နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီး Ms. Amanda Milling တို့မတ်လ ၇ရက်နေ့မနေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် UK အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ နှင့် ဆက်စပ် သူများ အား စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ အပါအဝင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတာကာ မျက်နှာစာတွင် မြန်မာ့အရေး ကို မျက်ခြေမပြတ် ဆက်လက်၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရွေးကောက်ခံ အစိုးရ ကို အားပေးထောက်ခံ ကြောင်း အာရှရေးရာဝန်ကြီး Ms. Amanda Milling ထပ်လောင်းဖေါ်ပြခဲ့ပြီး အာဆီယံ အထူးကိုယ်စားလှယ်နှင့်မြန်မာ့ ခရီးစဉ် အပေါ် သဘောထား၊ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ နှင့် ICRC အခန်းကဏ္ဌ၊ အကြမ်းဖက်စစ်ကောင်စီ၏ မအောင်မြင်သည့်အာဏာသိမ်းမှု အုပ်ချုပ်ရေး အခြေအနေ ၊ အရပ်သားများအပေါ် ဆက်လက် ကျူးလွန်လျက်ရှိသည့်ရာဇဝတ်မှုများ ၊ ICC /ICJ နှင့်တရားမျှတမှုဖေါ်ဆောင်ရေး ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစရှိသည့် အကြောင်းအရာ များနှင့် ပိုမို ထိရောက်စွာ ပူးပေါင်ဆောင်ရွက် နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ NUG ၏ UK ဆိုင်ရာ ကိုယ်စားလှယ်များ ဖြစ်သည့် ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြသည်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ကက်ဘိနက်အဖွဲ့ဝင်များ ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကမ်ပိန်းမှာပါဝင်လှုပ်ရှား
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ကက်ဘိနက်အဖွဲ့ဝင်များ ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကမ်ပိန်းမှာပါဝင်လှုပ်ရှားခဲ့ပါတယ်။
မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီးတော့ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်ပန်းခြင်းမရှိဖို့၊ ကျား၊ မ တန်းတူညီမျှတဲ့လူ့အသိုင်းအဝိုင်းဖြစ်ဖို့ လူတိုင်းမှာတာဝန်ရှိတယ်လို့သိရပါတယ်။
"နိုင်ငံတကာအမျိုးသမီးများနေ့"မှာ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်အနှံ့က အမျိုးသမီးတွေကို လေးစားစွာဂုဏ်ပြုလျက်။ဘက်လိုက်မှုကင်းစင်ပြီး ကျားမတန်းတူညီမျှသော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာစေဖို့ ၊“ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်းဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကမ်ပိန်းမှာ လူမှုကွန်ရက်တွင် မိမိရုပ်ပုံကို ကမ်ပိန်းရုပ်ပုံနဲ့ချိန်း၍ ပါဝင်သရုပ်ဖော်နိုင်ပြီး ယနေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အစရှိတဲ့ အစိုးရအဖွဲ့ဝင်များ ကမ်ပိန်းမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
========================
📌📌အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ညီလာခံ မှာစစ်ကောင်စီကို အဝင်မခံဖို့ မြန်မာအလုပ်သမားတပ်ပေါင်းစုကစာပို့ထား
မကြာမီကျင်းပတော့မှာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ညီလာခံတွင် စစ်ကောင်စီကို အဝင်မခံဖို့ မြန်မာအလုပ်သမားတပ်ပေါင်းစုကစာပို့ထားတယ်လို့ သတင်းရရှိပါတယ်။
မတ်လ ၈ ရက်နေ့မှာ အလုပ်သမားတပ်ပေါင်းစုက ဦးမောင်မောင်က အပြည်ပြည်ဆိူင်ရာအလုပ်သမားအဖွဲ့ညီလာခံမှာ စစ်ကောင်စီအဝင်မခံဖို့ စာပို့ထားတယ်လို့ လူမှုကွန်ရက်မှာရေးသားထားတာပါ။
"2021 June 3 ILO ညီလာခံ မတိုင်ခင် က Passport သိမ်းတယ်။ 2022 Mar 4 ILO အုပ်ချုပ်ရေး အဖွဲ့ အစည်း အဝေး မတိုင်ခင် အခုလည်း နိုင်ငံသားအဖြစ်က ရပ်တယ်။ပြောပြမယ် ငါတို့ အလုပ်သမားတပ်ပေါင်းစု က ကြို မြင်လို့ အခုလာမဲ့ ILO ညီလာခံ မှာလဲ မင်းတို့ကို အဝင်မခံ ဖို့ စာပို့ ထားပြီ” လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အလုပ်သမားအခွင့်အရေးများစွာကိုချိုးဖောက်နေပြီးတော့ လုပ်ငန်းရှင်များ အလုပ်သမားများအပေါ် ကျူးလွန်နေတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကိုလည်းလစ်လျူရှုထားပါတယ်။
"နိုင်ငံ တိုင်း မှာ အလုပ်ဆိုတာရှိတယ်။ အလုပ်ရှင်ရှိတယ်။ အလုပ်သမားရှိတယ်။ အလုပ်သမားတွေရှိရင် အလုပ်သမားသမဂတွေရှိမယ်။ အလုပ်သမားသွေးစည်းညီညွတ် မှုကို မင်းတို့ နားမလည် ပါဘူး။ ပိတ်ပင်လို့မရပါဘူး"လို့ စစ်ကောင်စီကို အလုပ်သမားတပ်ပေါင်းစုက ဦးမောင်မောင်ကဆိုပါတယ်။
========================
📌📌ယမန်နေ့ညက မြောက်ဒဂုံမြို့နယ် မြို့မရဲသင်တန်းကျောင်းကို ပြောက်ကျားတပ်များ လက်ပစ်ဗုံးအပါအဝင် ၄၀ မမ နှင့်ပစ်ခတ်၍ရဲများထိခိုက်သေဆုံးမှုရှိနိုင်
ယမန်နေ့ညက မြောက်ဒဂုံမြို့နယ် မြို့မရဲသင်တန်းကျောင်းကို ပြောက်ကျားတပ်များ လက်ပစ်ဗုံးအပါအဝင် ၄၀ မမနှင့်ပစ်ခတ်၍ရဲများထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၇ရက် ည၇နာရီအချိန် ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ် ရှိ မြို့မရဲသင်တန်းကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့အင်အားစု (Yangon)ကဆုိပါတယ်။
"ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၃၆ ရပ်ကွက် ဗိုလ်ဆွန်ပက်လမ်းနှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို People’s Force ပြည်သူ့အင်အားစု (Yangon) နှင့် Spring Brother Force တို့ ပူးပေါင်းကာလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။ရဲများထပ်မံထွက်လာချိန်၄၀မမများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်ချိန်၁၅မိနစ်ခန့်ကြာမြင့်ပြီး ပြည်သူ့ကားတန်းများရပ်သွားသဖြင့် ပြည်သူများဘေးကင်းရန် တိုက်ပွဲကိုရပ်ခဲ့ကြောင်း People’s Force ပြည်သူ့အင်အားစု (Yangon)ကဆိုပါတယ်။
သင်တန်းဆင်းပွဲအကြို လေ့ကျင့်နေစဥ်ဝင်ရောက်ပစ်ခတ်ခဲ့၍ အထိအခိုက် သေဆုံးမှုများရှိနိုင်တယ်လို့သိရပါတယ်။
========================
📌📌ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ ဘက်ကို မနက်၂ နာရီခန့်မှာစစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ဘုရားကျောင်းနဲ့လူနေအိမ်များထိခိုက်ပျက်စီး
ဒီမောဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာ ဘက်ကို မနက်၂ နာရီခန့်မှာစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ဘုရားကျောင်းနဲ့လူနေအိမ်များထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။
မတ်လ ၈ ရက် မနက်၂ နာရီခန့်အချိန်မှာ ဒီမောဆိုမြို့နယ်၊ဆောင်ဒူလာကျေးရွာ ဘက်ကို စစ်တပ်ကလေကြောင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
"မနက်၂ နာရီခန့်တွင်လေယာဥ်ဖြင့်ဗုံးကျဲခဲ့ပါတယ်။ မနေ့ညကသတိပေးခဲ့သလိုပါပဲ စကစဟာ အပြစ်မဲ့ပြည်သူတွေရှိတဲ့ ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာ ဘက်ကို မနက် ၂ နာရီခန့်မှာ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ဘုရားကျောင်းနဲ့လူနေအိမ်တစ်ချို့ပျက်စီးခဲ့ရပါတယ်။ဒီရက်ပိုင်း စကစဟာ အစွမ်းကုန်ယုတ်မာလာနိုင်ပါတယ်"လို့KNDFတပ်ရင်း၂ ကဆိုပါတယ်။
ကရင်နီဒေသကို စစ်ကောင်စီဟာ မြေပြင်နဲ့ဝေဟင်တိုက်ခိုက် မှုတွေ အင်အားသုံးတိုက်ခိုက်နေပြီးတော့ အရပ်သားထိခိုက်သေဆုံးမှူများလည်း မြင့်တက်လျက်ရှိနေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment