သတင်းခေါင်းစဉ်များ -
📌မြန်မာနိုင်ငံဟာ ခွဲခြားဆက်ဆံမှုအသွင်အပြင်တွေ အဆုံးသတ်ပြီး အာဏာရှင်စနစ် အဆုံးသတ်ဖို့ လမ်းစဉ်ကို ရောက်နေပါပြီလို့ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ဖော်အသိပေး
📌ကြားကာလမှာလေ့လာဖို့ ICT training တွေနဲ့ Continous Professional Development အစီအစဉ်တွေ ထုတ်လွှင့်မယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်အသိပေး
📌Dawn of Revo ရဲ့ ရန်ပုံငွေပွဲ နဲ့ ကံစမ်းမဲ အစီအစဉ်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျင်းပသွားမယ်
📌အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအသေအပျောက်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာနိုင်ငံဟာ ခွဲခြားဆက်ဆံမှုအသွင်အပြင်တွေ အဆုံးသတ်ပြီး အာဏာရှင်စနစ် အဆုံးသတ်ဖို့ လမ်းစဉ်ကို ရောက်နေပါပြီလို့ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ဖော်အသိပေးလိုက်ပါတယ်
မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာတဝန်းလုံးက အမျိုးသမီးတွေကို ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကလည်း ဘက်လိုက်မှုကင်းစင်ပြီး ကျားမတန်းတူညီမျှသော လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာစေဖို့ “ဘက်လိုက်မှုတွေချက်ချင်းရပ်၊ အာဏာရှင်စနစ်အမြစ်ဖြတ်” ဆောင်ပုဒ်ဖြင့် ဆွေးနွေးဟောပြောမှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်နေကြပါတယ်။
“ဘက်လိုက်မှုကို ချိုးဖျက်၊ Reject Dictatorship” ဆိုသည်မှာ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ အကြောင်းအရာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဒီမိုကရေစီ အရပ်သားအစိုးရအပေါ် စစ်အာဏာသိမ်းမှုသည် နိုင်ငံတစ်ဝှမ်း ပြည်သူ့မနာခံမှု cdm လှုပ်ရှားမှုနှင့် ပြည်သူများက 'နွေဦးတော်လှန်ရေး' ကို #RejectDictatorship သို့ ဦးဆောင်၍ တော်လှန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ခွဲခြားဆက်ဆံမှုအသွင်အပြင်တွေ အဆုံးသတ်ပြီး အာဏာရှင်စနစ် အဆုံးသတ်ဖို့ လမ်းစဉ်ကို ရောက်နေပါပြီလို့ ဝန်ကြီးဌာနရဲ့ ရေးသားဖော်ပြမှုနှင့်အတူ တချိန်တည်းမှာပဲ International Women’s Day လှုပ်ရှားမှုအဖြစ် ရန်ကုန် အမျိုးသမီးသပိတ်စစ်ကြောင်း များကလည်း မတ်လ ၈ ရက်နေ့မှာ လမ်းပေါ်ထွက် စစ်အာဏာရှင်ကိုအန်တုဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသမီးသပိတ်စစ်ကြောင်းက ကိုင်စွဲဖော်ပြခဲ့တဲ့ ကြွေးကြော်သံကတော့ ဣတ္ထိယတွေရှေ့သို့ချီ အကြမ်းဖက်မှုကိုအမြစ်ဖြတ်မည်ဟု ကိုင်စွဲချီတက်ခဲ့ကြတာတွေ့ရပါတယ် အလားတူပဲ မုံရွာမန္တလေးစတဲ့မြို့ကြီးများမှာလည်း စစ်ကောင်စီတပ်ဖွဲ့များရဲ့ အကြမ်းဖက်မှုအန္တရာယ်ကိုရင်ဆိုင်ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး အမျိုးသမီးထုများရဲ့ ဆန္ဒပွဲများ ပေါ်ပေါက်ခဲ့ပါတယ်။
“ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အိန်ဂျယ် ကြယ်စင်၊ မြသွဲ့သွဲ့ခိုင်နှင့် ခင်မျိုးချစ်တို့ အပါအဝင် လွန်ခဲ့သည့် တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးများ အားလုံးကို မိမိတို့ အောက်မေ့ ဂုဏ်ပြုအပ်ပါတယ်လို့ စစ်အာဏာရှင်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ အမေရိကန်နိုင်ငံက ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံ အတွင်း အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီ စနစ်အတွက် မဆုတ်မနစ် ကြိုးပမ်း အားထုတ်လျက် ရှိသော ရဲဝံ့သည့် အမျိုးသမီးများ အားလုံးကို မိမိတို့ ချီးကျူး ဂုဏ်ပြု အပ်ပါကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ဖော်ပြပါတယ်။ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်မှာ အာဏာသိမ်းတပ်ဖွဲ့ပစ်တဲ့ ကျည်ဆံဦးခေါင်းထိမှန်ကာ ကျဆုံးခဲ့ပါတယ်။ အိန်ဂျယ် ခေါ် ကြယ်စင်ဟာ အသက် ၁၉ နှစ်အရွယ် ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်၌ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြသည့် မန္တလေးမြို့ သပိတ်တွင် အကြမ်းဖက် စစ်ကောင်စီဘက်က ပစ်ခတ်သည့် သေနတ် ဒဏ်ရာဖြင့် ကြွေလွင့် ခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ်ဟာလည်း ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် ဆုံးပါးခဲ့ရတာဖြစ်ပါတယ်။ “နေရာဒေသ အသီးသီးကနေ ကဏ္ဍ အသီးသီးက တော်လှန် တိုက်ပွဲ ဝင်နေကြတဲ့ အမျိုးသမီးထု တစ်ရပ်လုံးကို ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပူးပေါင်း ပါဝင်မှုက အမျိုးသားတွေနဲ့ တန်းတူရည်တူ ပါဝင်နေကြတာကို သတိထား မိလာပါတယ်။ ဖက်ဆစ် အာဏာရှင်စနစ် အမြစ်ပြုတ် တော်လှန်နေတာ အပြင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်တိုင်စွမ်းရည် မြှင့်တင် နေကြပြီး တန်းတူ အခွင့်အရေး ရရှိရေးတို့ကိုပါ တစ်ပါတည်း ဖော်ဆောင်နေတာဟာ အနာဂတ်မှာ ကျား/မ ခွဲခြား ဆက်ဆံခြင်းတွေကို အလိုအလျောက် ပပျောက် စေလိမ့်မယ်လို့ ယုံကြည် ထားတယ်” ဆိုတဲ့အကြောင်းကိုလည်း မြောင်အမျိုးသမီး ပြောက်ကျား စစ်သည်တော်များ အဖွဲ့က စစ်ကောင်စီ၏ ဖိနှိပ်မှုများအောက် ရုန်းကန် တော်လှန် နေသည့် အမျိုးသမီးများအားလုံးကို ဂုဏ်ပြုစကား ဆိုထားပါတယ်။
၁၉၀၈ ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတစ်ခုမှစ၍ အမျိုးသမီးများဟာ သူတို့ရဲ့ အလုပ်ချိန်လျော့ဖို့၊ လစာတိုးဖို့နှင့် မဲပေးပိုင်ခွင့် ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာကနေ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဟာ အစပြုခဲ့ပါတယ်။ ပထမဆုံးအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ် မတ်လ(၁၉) ရက်နေ့တွင်ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ် မှစ၍ မတ်လ (၈) ရက်ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ ဂုဏ်ပြုဆင်နွှဲနေကြတာဖြစ်ပါတယ်။
========================
📌📌ကြားကာလမှာလေ့လာဖို့ ICT training တွေနဲ့ Continous Professional Development အစီအစဉ်တွေ ထုတ်လွှင့်မယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်အသိပေး
ပြည်သူ့ဘက်တော်သား ဆရာ/ဆရာမ များအတွက် ကြားကာလမှာလေ့လာဖို့ ICT training တွေနဲ့ Continous Professional Development အစီအစဉ်တွေပါထုတ်လွှင့်မယ်လို့ မတ်လ ၈ ရက်နေ့ရက်နေ့မှာ ဒုဝန်ကြီးဂျာထွယ်ပန်ရဲ့လူမှုကွန်ရက်ပေါ်ကတဆင့် အသိပေးပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလပညာရေးအစီအစဉ်များအနေနဲ့ ပြည်သူများအတွက် အခခမဲ့ ဖိုတိုရှော့သင်တန်းတွေ စီစဉ်ပေးခဲ့တာနဲ့ပက်သက်ပြီး ဝန်ကြီးက ခုလိုဖော်ညွှန်းပြောကြားခဲ့ပါတယ်
"Photoshop သင်တန်းလောက်ကတော့ ပြောမနေနဲ့။ အရင်လက ကြိုတင်ကြေညာထားတဲ့အတိုင်း ပြည်သူ့ဘက်တော်သား ဆရာ/ဆရာမ များအတွက် ကြားကာလမှာလေ့လာဖို့ ICT training တွေနဲ့ Continous Professional Development အစီအစဉ်တွေလာပါပြီ။ သိသူဖော်စား၊ မကြိုက်သူကျော်သွားပါ။ Teacher Education CPD MBEH Channel (Telegram) စတင်လိုက်ပါပြီ။ 21 ရာစုမှာ သိသင့်တတ်အပ်တဲ့ ICT နည်းပညာတွေ၊ ဆရာ၊မ များအတွက် ဖက်ဒရယ်ပညာရေး အခြေခံတွေ စုံလင်စွာ စုစည်းတင်ဆက်ထုတ်လွှင့်ပေးသွားမှာပါ"လို့ ပြောဆိုလိုက်တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စဥ်ဆက် မပြတ် လေ့လာသင်ယူနိုင်ဖို့ အစီအစဥ်များကိုအကောင်အထည်ဖော်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။ ICT training တွေနဲ့ ပက်သက်ပီး "သင်တန်းက Offline အနေနဲ့လည်း ဖြန့်ပေးမှာဖြစ်ပါတယ်။ ခုချိန် မီးပျက်တာတွေ သိပါတယ်။ ဒီ အစီအစဉ်တွေ အမြဲတမ်း ဒီ channel တွေထဲမှာရှိနေမှာပါ။ အဆင်ပြေတဲ့အချိန်လေ့လာလို့ရပါတယ်"လို့ ဒုဝန်ကြီးဂျာထွယ်ပန်က ရေးသားအသိပေးခဲ့ပါတယ်။
========================
📌📌Dawn of Revo ရဲ့ ရန်ပုံငွေပွဲ နဲ့ ကံစမ်းမဲ အစီအစဉ်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲဖြစ်တဲ့ Dawn of Revo ရဲ့ ရန်ပုံငွေပွဲ နဲ့ ကံစမ်းမဲ အစီအစဉ်ကို ၂၀၂၂ ခုနှစ် မတ်လ (၁၃) ရက်၊ တနင်္ဂနွေနေ့၊ ညနေ သုံးနာရီ (မြန်မာစံတော်ချိန်) မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းနဲ့ အခြားတာဝန်ရှိသူ လူကြီးများ၊ နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့ တသားတည်း ရပ်တည်ပေးကြတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်များက တစုတဝေးတည်း တက်ရောက် အားဖြည့် ကူညီပေးကြမှာ ဖြစ်ပါတယ်။ DOR ရဲ့ ကံစမ်းမဲ လက်မှတ် ဝယ်ယူအားပေးထားသူ အလှူရှင်များနဲ့ အခြား စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေး ဖိတ်ကြားထားပါတယ်။ အခမ်းအနားကို Zoom နဲ့ ကျင်းပမှာ ဖြစ်တဲ့အပြင် DOR page / MOD / DVB နဲ့ PVTV အစီအစဉ်များကနေတဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ပုံငွေပွဲကျင်းပမယ့် ရက် နီးကပ်နေပြီဖြစ်တဲ့အတွက် ကံစမ်းမဲလက်မှတ် မဝယ်ယူရသေးသူများအနေနဲ့ နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်ရန် ကူညီ ဝယ်ယူပေးကြဖို့ ကိုလည်း နှိုးဆော်တိုက်တွန်းထားပါတယ်။
========================
📌📌အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအသေအပျောက်များခဲ့ရပါတယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲက လက်ပံတောကျေးရွာအတွင်းမှာ မတ်လ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၂ ဦးအပါအဝင် စစ်ဘေးရှောင် ၆ ဦးသေဆုံးသွားရပါတယ်။ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း အတွင်းစစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံ ၆ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ မတ်လ ၇ ရက်နေ့က စစ်ကောင်စီ နဲ့ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ အခုလို ကျေးရွာအတွင်းသို့ စစ်ကေင်စီက ထင်ရာစိုင်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။ အသက် ၅ နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်၊ အသက် ၉ နှစ်အရွယ် မောင်စွမ်းထက်နိုင်၊ မိခင်ဖြစ်သူ ဒေါ်မို့မို့ဝင်း၊ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်နှင့် ဒေါ်သန်းလှတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
''ဘုန်းကြီးကျောင်းထဲရှောင်နေတုန်း လက်နက်ကြီးဆိုးဆိုးဝါးဝါးထိသွားတယ်။ သေဆုံးတဲ့လူတော်တော်များများကအသက်ကြီးပိုင်းတွေများတယ်။ ၁၃ ယောက်ထိတာ ၆ ဦးကတော့ သေဆုံးသွားတာပါ။သေဆုံးတဲ့အထဲမှာ တမိသားစုထဲက ၃ ယောက်လုံးသေဆုံးတာတောင်ပါတယ်။ လက်ရှိအချိန်ထိလည်း လက်ပံတောမှာတပ်စွဲထားတုန်းပါပဲ '' လို့ဒေသခံတစ်ဦးက လက်ရှိအခြေအနေကိုပြောပြပါတယ်။ စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးချင်တာကြောင့် ၎င်းတို့တပ်ဖွဲ့များရွာထဲမဝင်ခင် ရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်သွင်းနေတာဖြစ်ပါတယ်။ “ဘုန်းကြီးကျောင်းထဲမှာပဲ ပြည်သူတွေက ပုန်းနေကြတာ။ ဘုန်းကြီးကျောင်းထဲမှာ လူရှိမှန်းသိလို့ လှမ်းထုတဲ့ သဘောလည်းပါမယ်ထင်ပါတယ်။” ဟု ဒေသခံအမျိုးသမီးက ပြောပါတယ်။
အလားတူ လွိုင်ကော်မြို့နယ်၊ လွယ်ထွဲရွာအတွင်းကိုလည်း မတ်လ ၈ ရက် နေ့လယ် ၁၂ နာရီခွဲချိန်က စစ်ကောင်စီရဲ့လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲပြီးနောက် မိသားစု ၁ စုမှ ကလေးငယ် ၃ ဦးသေဆုံးကာ ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိပါတယ်။ သေဆုံးသွားသည့် ကလေးငယ်များသည် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ယောကျာ်းလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အနီးတွင်ရှိနေသည့် ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးမှ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရပါတယ်။ "ဒီနေ့လယ် ၁၂ နာရီခွဲမှာ လွယ်ထွဲရွာ ကစားကွင်း အပင်ကြီးအောက်မှာ ကလေးတွေ ကစားနေတဲ့နေရာကို လက်နက်ကြီးကျတာ၊ ၃ ဦး ပွဲချင်းပြီးသေတယ်၊ ၂ ဦး ဒဏ်ရာပြင်းထန်တယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးတွေပေါ့။ အဲဒီနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူး" လို့ ကရင်နီဒေသသတင်းရင်းမြစ်တခုက ပြောပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်ရာဒေသတွေကို လက်နက်ကြီးအားကိုး လေကြောင်းပစ်ခတ်မှုအားကိုး လူအင်အားဖြင့်စစ်ကြောင်းထိုးကာ တွေ့ရာလူစွပ်စွဲသတ်ဖြတ်မှုတွေ တစထက်တစ ပိုမိုဆိုးရွားလာနေတာတွေ့ရပါတယ်။ လူမဆန်တဲ့အာဏာသိမ်းစစ်တပ်ရဲ့ အပြုအမူတွေကို ကြေကွဲစရာသတင်းအဖြစ်ထပ်မံတင်ပြရမယ်ဆိုရင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးဝင်းကို စစ်ကောင်စီတပ်များက မုဒိန်းကျင့် သတ်ဖြတ်လိုက်ပြီး အတူတူရှိနေသည့် အသက် ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါဓားဖြင့် ထိုးသတ်သွားပါတယ်။ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ဒေါ်အေးအေးဝင်း၏ အသက် ၁၁ နှစ် အရွယ် သမီး မသင်းသင်းမိုး ရုပ်အလောင်းကို မတ်လ ၈ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပြပါတယ်။ လူမဆန်တဲ့အဆိုပါဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့ညပိုင်းကတည်းက စစ်ကောင်စီတပ်များက အင်းငယ်ဒေါင့်ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်စီးနင်းနေစဉ် သမီးငယ်နှင့်အတူ ထွက်ပြေးရန် ပြင်ဆင်တဲ့ ဒေါ်အေးအေးဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ နေအိမ်ရှေ့ ဇရပ်ပေါ်မှာ မုဒိန်းကျင့်သတ်ဖြတ်ပြီး အသက် ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါဓားဖြင့် ထိုးသတ်သွားကာ အသက် ၁၁ နှစ် အရွယ် သမီး မသင်းသင်းမိုးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ အခုလိုအလောင်းသာပြန်လည်တွေ့ရှိခဲ့ရတာပါ။ ကျေးရွာအတွင်းရှိ ကလေးငယ် ၉ ဦး၊အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၈ ဦးတို့ကိုလည်း လူသားဒိုင်းအဖြစ် ပြုုလုပ်ကာ ဖမ်းဆီးခေါ်သွားကြပါတယ်။ ဖမ်းဆီးခံသွားရသူ ပြည်သူ ၂၉ ဦး၏ အခြေအနေတော့ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုပါတယ်။ လူမဆန်တဲ့စစစ်ကောင်စီအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်ကိုင်စွဲတော်လှန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ကျေးရွာများကိုစီးနင်းဝင်ရောက်လာတိုင်း အခုလိုရက်စက်ယုတ်မာမှုလုပ်ရပ်များဖြင့် လူထုရဲ့အကြောက်တရားကို ဖန်တီးနေတာကြောင့် နေ့စဉ်လိုလို စိတ်ထိခိုက်စရာ သေကြေမှုများ ပေါ်ပါက်လျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment