၂၀၂၂ ဧပြီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ကရောင်းရတဲ့ အမေရိကန်ဒေါ်လာ ၃၃ မီလီယံကို လူထုအလိုချင်ဆုံးနဲ့ တောင်းဆိုတဲ့နေရာတွေမှာ သုံးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား
📌ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေ
📌ရက္ခိုင့်တပ်တော် AA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးမှာ တစ်လှေတည်းစီး တစ်ခရီးထဲသွားသူတွေဖြစ်ပြီးတော့ နှစ်ဖက်တွေ့ဆုံရေး ဆက်လက်ချိတ်ဆက်ဆောင်ရွက်နေ
📌အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ပြည်ထောင်စုတွင် ဆက်ဆံရေး ရုံးဖွင့်လှစ်မယ်
📌မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ဗြိတိန်နိုင်ငံ ဝေလမင်းသားက ဆုမွန်ကောင်းတောင်း
📌စကစတပ်များ လက်နက်၊ ခဲယမ်း (Equipment) အပြည့်အစုံဖြင့် အလင်းဝင်လာပါက ဆုကြေးငွေကျပ် သိန်း (၅၀) ချီးမြှင့်မယ်လို့ YDF(Htilin) ကြေညာ
📌ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအောင်ဇေယျတပ်ကုန်းမှ စကစတပ်နဲ့ ရဲများလိုက်ပါလာတဲ့ကားနှစ်စီး ပဒေသာမိုင်းငါးလုံးမိ၍ တစ်စီးထိမှန်ပျက်စီး
📌ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာဘက်သို့ အကြမ်းဖက် စစ်ကောင်စီဖက်မှလက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့ရာ လူနေအိမ်နဲ့ဘုန်းကြီး ကျောင်း အပါအဝင် အမျိုးသမီးတစ်ဦးလက်နက်ကြီး အစများထိမှန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ကရောင်းရတဲ့ အမေရိကန်ဒေါ်လာ ၃၃ မီလီယံကို လူထုအလိုချင်ဆုံးနဲ့ တောင်းဆိုတဲ့နေရာတွေမှာ သုံးနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား
ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ကရောင်းရတဲ့ အမေရိကန်ဒေါ်လာ ၃၃ မီလီယံကို လူထုအလိုချင်ဆုံးနဲ့ တောင်းဆိုတဲ့နေရာတွေမှာ သုံးနေတယ်လို့ ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရတစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့ပါတယ်။
အဲဒီလောက်ရထားတဲ့ငွေကြေးကို ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ စနစ်တကျထုတ်ယူသုံးစွဲပြီးတော့ သူ့ရဲ့ကဏ္ဍအလိုက် ဘတ်ဂျက်ချပေးထုတ်ယူသုံးစွဲနေတာမျိုးတွေရှိပါတယ်။ လူထုအလိုချင်ဆုံးနေရာတွေမှာကျနော်တို့သုံးပါတယ်။ အခု လူထုကအော်ဟစ်ပြီးတောင်းဆိုနေတာ။ ဒါကျနော်တို့အကုန်လုံးသိပြီးသားပါ။ အဲဒီနေရာတွေမှာ ၉၉ ရာခိုင်နှုန်းသုံးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ သန်း (၃၀) ခန့်အား ရှာဖွေစုဆောင်း သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေ
ဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတယ်လို့ ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ဆေးတက္ကသိုလ်များကိုပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးဆန့်ကျင်လှုပ်ရှားတဲ့အများစုဝန်ထမ်းများဟာ ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီးတော့ ဆေးတက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားများလည်းပါဝင်ပါတယ်။
ဒါ့အပြင်အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာတို့ကို (၂၈၆) မြို့နယ်တွင် ပညာရေးဘုတ်အဖွဲ့များ ဖွဲ့စည်းကာ အွန်လိုင်းမှတဆင့် သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။
စိုးမိုးနယ်မြေအချို့တွင်လည်း မြေပြင် သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ကျန် (၂.၇၃) ဘီလီယံခန့် ထောက်ပံ့မှုပြုလုပ် ထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌ရက္ခိုင့်တပ်တော် AA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးမှာ တစ်လှေတည်းစီး တစ်ခရီးထဲသွားသူတွေဖြစ်ပြီးတော့ နှစ်ဖက်တွေ့ဆုံရေး ဆက်လက်ချိတ်ဆက်ဆောင်ရွက်နေ
ရက္ခိုင့်တပ်တော် AA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးမှာ တစ်လှေတည်းစီး တစ်ခရီးထဲသွားသူတွေဖြစ်ပြီးတော့ နှစ်ဖက်တွေ့ဆုံရေး ဆက်လက်ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှ Press Secretary ဦးနေဘုန်းလတ်ကဖြေကြားခဲ့ပါတယ်။
"AA နဲ့တွေ့ဆုံဖို့ဆိုပြီးတော့ ကျနော်တို့ ကော်မတီဘက်က စာပို့ထားတာရှိတယ်။ အဲဒီ စာနဲ့ပတ်သက်ပြီးတော့ ထပ်မံတွေ့ဆုံရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ AA နဲ့ NUG ဟာ တော်လှန်ရေးမှာ တစ်ခရီးတည်းသွားနေကြသူတွေဖြစ်ပြီးတော့ သက်ဆိုင်သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
NUG ရဲ့တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကိုအပြုသဘောဆောင်ကြိုဆိုပြီး ဆက်လက်လုပ်ဆောင်စရာတွေ လုပ်ဆောင်သွားမယ်လို့ ဧပြီ ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆိုထားပါတယ်။ လက်ရှိမှာ အနီးစပ်ဆုံး ဧပြီ ၁၃ ရက်နေ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် မင်းပြား -မြေပုံလမ်းမပေါ် အနီးကရွာတစ်ရွာမှာ စကစတပ်နဲ့ AA တို့ဟာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသေးတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ပြည်ထောင်စုတွင် ဆက်ဆံရေး ရုံးဖွင့်လှစ်မယ်
အမျိုးသားညီညွတ်ရေးအစိုးရက အမေရိကန်ပြည်ထောင်စုတွင် ဆက်ဆံရေး ရုံးဖွင့်လှစ်မယ်လို့ ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ချက်သမ္မတနိုင်ငံ၊ ယူကေ နိုင်ငံ၊ နော်ဝေ ၊ ပြင်သစ် ၊ သြစတေးလျ ၊ တောင်ကိုရီးယား ၊ ဂျပန် တို့တွင် ကိုယ်စားလှယ်များ ခန့်အပ် ထားရှိပြီး အာဆီယံနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အတွက် Nonresidential Representative ခန့်အပ်ထားရှိ၍ သော်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီးရုံးမှ တိုက်ရိုက်သော်လည်းကောင်း ဆက်သွယ် ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်အမေရိကန်ပြည်ထောင်စုတွင်လည်း ဆက်ဆံရေး ရုံးဖွင့်လှစ်ထားရှိရန်ပြင်ဆင် ဆောင်ရွက်နေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွတ်လပ်တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုအခြေခံ၍ အကြမ်းဖက် စစ်ကောင်စီအား နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်မှု မရရှိစေရေး ၊ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုစေရေးနှင့် မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးကို အားပေးထောက်ခံမှုများ ရရှိစေရေးတို့ကို ရည်မှန်းချက်ထားကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ဗြိတိန်နိုင်ငံ ဝေလမင်းသားက ဆုမွန်ကောင်းတောင်း
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတွက် ဗြိတိန်နိုင်ငံ ဝေလမင်းသားက ဆုမွန်ကောင်းတောင်းပေးလိုက်တယ်လို့ ဧပြီ ၁၇ ရက်မှာ UK သံရုံးရန်ကုန်က ထုတ်ပြန်ခဲ့ပါတယ်။
“ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာပြည်သူတွေရဲ့ အတာသင်္ကြန်ပွဲတော်နဲ့ မြန်မာ့နှစ်သစ်ကူးအခါသမယကို ရောက်ရှိလာတာနဲ့အမျှ မြန်မာနိုင်ငံအနှံ့က မိတ်ဆွေတွေ၊ လူ့ဘောင်အဖွဲ့အစည်းအသီးသီးက လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် လုပ်ဆောင်နေကြတဲ့ ပြည်သူအားလုံးနဲ့အတူ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီများ ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြသူတွေအားလုံးကို သတိရမိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ပြည်သူတွေနဲ့ ထိုက်တန်တဲ့ တောက်ပတဲ့ အနာဂတ်တွေ ရရှိပါစေလို့ မျှော်လင့်ရင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာပြည်သူတွေကို မမေ့လျော့ဘဲ တသားတည်း အမြဲအတူရှိနေပါတယ်။"လို့ဆိုပါတယ်။ လက်ရှိမြန်မာအရေးမှာ UK နိုင်ငံကလည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
========================
📌📌စကစတပ်များ လက်နက်၊ ခဲယမ်း (Equipment) အပြည့်အစုံဖြင့် အလင်းဝင်လာပါက ဆုကြေးငွေကျပ် သိန်း (၅၀) ချီးမြှင့်မယ်လို့ YDF(Htilin) ကြေညာ
စကစတပ်များ လက်နက်၊ ခဲယမ်း (Equipment) အပြည့်အစုံဖြင့်အလင်းဝင်လာပါက ဆုကြေးငွေကျပ် သိန်း (၅၀) ချီးမြှင့်မယ်လို့ YDF(Htilin) ကဧပြီ ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
" ရဲနဲ့ စကစတပ်များအနေဖြင့် အာဏာရူးမင်းအောင်လှိုင်၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ရင်း ပြည်သူများ၏မုန်းတီးမှုကို ခါးစည်းခံကာ အသေခံမည်လော၊ CDM လုပ်၍ပြည်သူ့ရင်ခွင်ခိုလှုံကာ တရားဓမ္မဘက်မှရပ်တည်မည်လော ဖြစ်ရပ်များကိုထောက်ရှု၍ တွေးတောဆင်ခြင်ကြစေလိုပါတယ်။ လက်နက်၊ ခဲယမ်း (Equipment) အပြည့်အစုံဖြင့်အလင်းဝင်လာပါက ဆုကြေးငွေကျပ်သိန်း (၅၀) ချီးမြှင့်သွားဦးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် YDF(Htilin) အနေဖြင့် အမှားကိုမြင်၍အမှန်ဘက်ရပ်တည်လာသော မည်သည့်ရဲသား၊ စစ်သားကိုမဆို အချိန်မရွေးနွေးနွေးထွေးထွေး ကြိုဆိုကာ လွတ်မြောက်နယ်မြေများသို့ တာဝန်ယူပို့ဆောင်ပေးလျက်ရှိကြောင်းလည်းဖော်ပြပါတယ်။
========================
📌📌ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအောင်ဇေယျတပ်ကုန်းမှ စကစတပ်နဲ့ ရဲများလိုက်ပါလာတဲ့ကားနှစ်စီး ပဒေသာမိုင်းငါးလုံးမိ၍ တစ်စီးထိမှန်ပျက်စီး
ဧပြီ ၁၇ ရက် နံနက် ၈ နာရီက ယင်းမာပင်မြို့နယ် ရွှေတောင်ဦးအောင်ဇေယျတပ်ကုန်းမှ စကစတပ်နဲ့ ရဲများလိုက်ပါလာတဲ့ ညကားနှစ်စီး ပဒေသာမိုင်းငါးလုံးမိ၍ တစ်စီးထိမှန်ပျက်စီးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကဆိုပါတယ်။ လတ်တလောစကစတပ်များထိခိုက်သေဆုံးမှုအတည်ပြုနေဆဲဖြစ်ပါတယ်။ ကာကွယ်ရေးတပ်များထိခိုက်မှုမရှိလို့သိရပါတယ်။
========================
📌📌ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာဘက်သို့ အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့ရာ လူနေအိမ်နဲ့ဘုန်းကြီး ကျောင်း အပါအဝင် အမျိုးသမီးတစ်ဦးလက်နက်ကြီး အစများထိမှန်
ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာဘက်သို့ အကြမ်းဖက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့ရာ ယနေ့မနက်မှာ လူနေအိမ်နဲ့ဘုန်းကြီးကျောင်းအပါအဝင် အမျိုးသမီးတစ်ဦးလက်နက်ကြီးအစများထိမှန်ခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ ကဆိုပါတယ်။
ကရင်နီပြည်တွင်း တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွား နေသလို အကြမ်းဖက်စကစ ဘက်မှ ပြည်သူ့အသက်၊အိုးအိမ်ကို မငဲ့ကွက်ဘဲ စစ်ရာဇဝတ်များ ပြောင်ပြောင်တင်းတင်းကျူးလွန်လျက် ရှိနေတယ်လို့သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment