၂၀၂၂ ဧပြီလ ၁၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစစ်မျက်နှာပြင်သို့ ကွင်းဆင်း၍ မြေပြင်အခြေအနေများကို ကွပ်ကဲ
📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံအရ စိုးမိုးထားတဲ့နယ်မြေတွေမှာ ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီလို့ဆို
📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရုပ်သံနဲ့ အသံလွှင့် အစီအစဥ်မှာ စကစတပ်က ရှေ့တန်းရောက်ရဲဘော်များ တော်လှန်ရေးသီချင်းလွှင့်ပေးရန်တောင်းဆိုခဲ့
📌PDF နဲ့ EROS အဖွဲ့အစည်းများအားလုံးရဲ့နယ်မြေစိုးမိုးမှု တစ်နိုင်ငံလုံးဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ
📌စစ်ဗိုလ်ချုပ်တွေဟာ ကျည်ဆန်မပါဘဲ မြန်မာပြည်သူလူထု ထမင်းငတ်ပြီးအစုလိုက်အပြုံလိုက်သေအောင် လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား
📌လေယာဥ်နဲ့တကွ အလင်းဝင်လာဖို့ ဆက်သွယ်တဲ့ စကစတပ်ဖွဲ့ဝင်များ အယောက်၂၀ ကြားမှ ၃၀ အထိရှိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစစ်မျက်နှာပြင်သို့ ကွင်းဆင်း၍ မြေပြင်အခြေအနေများကို ကွပ်ကဲ
အမျိုးသားညီညွတ်ရေးအစိုးရမှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစစ်မျက်နှာပြင်သို့ ကွင်းဆင်း၍ မြေပြင်အခြေအနေများကို ကွပ်ကဲကြီးကြပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီလအတွင်းမှာ ရှေ့တန်းစစ်မျက်နှာပြင်ရောက်ရှိနေတဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ရဲ့မှတ်တမ်းဓာတ်ပုံများထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်အရ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း စိုးမိုးနယ်မြေများတိုးလာရန်၊ တော်လှန်ရေးအပြီးသတ်အောင်မြက်ရန် ဆောင်ရွက်မယ်လို့သိရပါတယ်။ လတ်တလောမှာ အမျိုးသားညီညွတ်ရေးအစိုးရက နယ်မြေစိုးမိုးမှုရရှိထားတဲ့မြို့နယ်များရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံအရ စိုးမိုးထားတဲ့နယ်မြေတွေမှာ ကြားကာလ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီလို့ဆို
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံအရ စိုးမိုးထားတဲ့နယ်မြေတွေမှာ ကြားကာလ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများစတင်ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာအစိုးရသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားခဲ့ပါတယ်။
"အခုလက်ရှိအချိန်ဟာ ကြားကာလဖြစ်တယ်။ကြားကာလမှာ NUGအစုိးရအဖွဲ့ဟာ NUCCကချပေးထားတဲ့ အတိုင်းဆောင်ရွက်နေတယ်။အခုက ဘယ်အခြေအနေရောက်နေပြီလဲဆိုရင် ကြားကာလမှာ တော်လှန်ရေးအောင်မြင်ဖို့ကို ဆောင်ရွက်နေတယ်။အဲဒီလိုအောင်မြင်ဖို့ကလည်းပြည်သူလူထုအားနဲ့ဆောင်ရွက်နေတယ်။ တော်လှန်ရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အားနဲ့ NUCCနိုင်ငံရေးလမ်းညွှန်နဲ့သွားနေတယ်။ နယ်မြေစိုးမိုးရေးကို တိုးချဲ့ပြီး ဆောင်ရွက်နေတယ်။စိုးမိုးထားတဲ့နယ်မြေတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်နေတယ်"လို့ဆိုပါတယ်။
လက်ရှိ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးရဲ့ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ပါတယ်။ ထို့အပြင် စိုးမိုးနယ်မြေများမှာ ဆေးရုံ ၅၁ ရုံနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဆေးခန်း ၅၅ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီးတော့ ရွေ့လျားဆေးခန်း ၁၆၇ ခုဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။
=======================
📌📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရုပ်သံနဲ့ အသံလွှင့် အစီအစဥ်မှာ စကစတပ်က ရှေ့တန်းရောက်ရဲဘော်များ တော်လှန်ရေးသီချင်းလွှင့်ပေးရန်တောင်းဆိုခဲ့
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရုပ်သံနဲ့ အသံလွှင့် အစီအစဥ်မှာ စကစတပ်က ရှေ့တန်းရောက်ရဲဘော်များ တော်လှန်ရေးသီချင်းလွှင့်ပေးရန်တောင်းဆိုခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့ပါတယ်။
"ပြောရမယ်ဆိုလို့ရှိရင် ဒီအရာရှိ၊အရာခံ မိသားစုတွေ၊ သူတို့ရဲ့ဇနီးသားမယားတွေက ကျနော်တို့ NUG အစိုးရရဲ့ထုတ်လွှင့်ပြောဆိုတာတွေကို နားထောင်ပြီးတော့ သူတို့ရဲ့မိသားစုတွေအပေါ် ပြန်ပြီးသက်ရောက်ဖိအားပေးတယ်။သူတို့ရဲ့ စစ်တပ်ထဲခေါင်းဆောင် တွေကို ပြန်ပြီးသက်ရောက်ဖိအားပေးတယ်။နောက်ထပ်ထူးထူးခြားခြားပြောရရင် ရှေ့တန်းမှာရောက်နေတဲ့ အခုလက်ရှိထိုးစစ်ဆင် ဒေသတွေမှာရှိတဲ့ ကျနော်တို့ရဲ့မဟာမိတ်တွေ သူတို့ရဲ့ကြားထဲမှာ ရေဒီယိုဆက်သွယ်ရေးက ရရှိနေတဲ့ သတင်းအရဆိုလို့ရှိရင် သူတို့က ကျနော်တို့ဆီမှာလွှင့်နေတဲ့ အစီအစဥ်မှာ တော်လှန်ရေးသီချင်းတွေ လွှင့်ပေးပါဗျာလို့ တောင်းဆိုနေတာတောင်ရှိတယ်။ရှေ့တန်းရဲဘော်တွေက စကစကိုမယုံတော့ဘူး။ကျနော်တို့ရဲ့ ပြည်သူ့ရင်ခွင်ကိုခိုလှုံဖို့ အဆင်သင့်ရှိနေတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စကစတပ်နဲ့ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံလာမှု အယောက်တစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။ စကစဖက်မှ လတ်တလော သတင်းမှားများ လုပ်ကြံထုတ်လွှင့်သော်လည်း ပြည်သူလူထုက ကြည့်ရှုအားပေးသူမရှိတဲ့အပြင် စကစတပ်ဘက်မှ အရာရှိများကိုယ်တိုင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်လွှင့်ပြောဆိုမှုများကိုသာ နားထောင်တော့ကြာင်းသိရပါတယ်။
========================
📌📌PDF နဲ့ EROS အဖွဲ့အစည်းများအားလုံးရဲ့နယ်မြေစိုးမိုးမှု တစ်နိုင်ငံလုံးဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရကြေညာ
PDF နဲ့ EROS အဖွဲ့အစည်းများအားလုံးရဲ့နယ်မြေစိုးမိုးမှု တစ်နိုင်ငံလုံးဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာလိုက်ပါတယ်။ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
တစ်နှစ်တာကာလအတွင်း PDF တပ်ရင်းတပ်ဖွဲ့ရာဂဏန်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ ၂၅၀ ကျော်ဖွဲ့စည်းပြီးဖြစ်ကာ MOD နဲ့ ချိတ်ထားပြီးဖြစ်တဲ့ ဒေသတော်လှန်ရေးအဖွဲ့အစည်း LDF ၃၅၄ ဖွဲ့ အနက် ၁၀၀ ကျော်အား ဝန်ကြီးဌာနလက်အောက်တပ်ရင်းတပ်ဖွဲ့များတွင် ဖွဲ့စည်းပြီးဖြစ်တယ်လို့ သိရပါတယ်။
တစ်နှစ်တာကာလအတွင်းမှာ စစ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်အား ရှာဖွေ စုဆောင်းသုံးစွဲခဲ့ပြီးဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့တပ်မတော် PDF၊ ဒေသတော်လှန်ရေးအဖွဲ့အစည်း LDF များ၊ တိုင်းရင်းသားအင်အားစု EAOs EROs အဖွဲ့အစည်းများအားလုံးရဲ့ နယ်မြေစိုးမိုးနိုင်မှုမှာ တစ်နိုင်ငံလုံးရဲ့ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ပါတယ်။
========================
📌📌စစ်ဗိုလ်ချုပ်တွေဟာ ကျည်ဆန်မပါဘဲ မြန်မာပြည်သူလူထု ထမင်းငတ်ပြီးအစုလိုက်အပြုံလိုက်သေအောင် လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြောကြား
စစ်ဗိုလ်ချုပ်တွေဟာ ကျည်ဆန်မပါဘဲ မြန်မာပြည်သူလူထု ထမင်းငတ်ပြီးအစုလိုက်အပြုံလိုက်သေအောင် လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကပြောကြားလိုက်ပါတယ်။ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒေါက်တာဆာဆာကပြောပါတယ်။
"စစ်ဗိုလ်ချုပ်တွေက မြန်မာပြည်သူလူထုကို လက်နက်နဲ့တင်သတ်တာမဟုတ်ဘဲနဲ့ ထမင်းငတ်ပြီးတော့ အစုလိုက် အပြုံလိုက် သေအောင် သူတို့လုပ်နေတာဖြစ်တယ်။ ကျည်ဆန်ကို အသုံးမပြုဘဲနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မရှိဘဲနဲ့ မြန်မာပြည်သူလူထုဟာ အစုလိုက်အပြုံလိုက်သေအောင်ဆိုပြီးတော့ ဒါလုပ်နေတယ်"လို့ဆိုပါတယ်။
လက်ရှိတွင်မြန်မာနိုင်ငံတွင် အဟာရဓာတ်ချို့တဲ့သူလူသိန်း၂၀ရှိပြီးတော့ မိုးလုံလေလုံမှုမရှိတဲ့ လူဦးရေမှာ ၁၇သိန်းရှိကြောင်းသိရပါတယ်။ ထို့အပြင် စစ်ဘေးရှောင်ပြည်သူလူထုမှာ ၅၅၆၀၀၀ ကျော်ရှိကာ နေစရာမရှိတဲ့ လူဦးရေမှာ ၄၇၀၀၀၀ ကျော်ရှိကြောင်းသိရပါတယ်။
========================
📌📌လေယာဥ်နဲ့တကွ အလင်းဝင်လာဖို့ ဆက်သွယ်တဲ့ စကစတပ်ဖွဲ့ဝင်များ အယောက်၂၀ ကြားမှ ၃၀ အထိရှိနေ
လေယာဥ်နဲ့တကွ အလင်းဝင်လာဖို့ ဆက်သွယ်တဲ့ စကစတပ်ဖွဲ့ဝင်များ အယောက်၂၀ ကြားမှ ၃၀ အထိရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ က Press Secretary ဦးနေဘုန်းလတ်ကပြောကြားလိုက်ပါတယ်။ ဧပြီ ၁၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ လေတပ် CDM နဲ့ပတ်သတ်လို့ မေးမြန်းမှုအပေါ် Press Secretary ဦးနေဘုန်းလတ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ဘယ်ကွင်း၊ ဘယ်ကွင်းတွေမှာ ဆင်းလို့ရတယ်ဆိုတာတော့ ဒါလုံ ခြုံရေးအရ မပြောပါဘူး။ ဒါပေမဲ့ ဒါနဲ့ပတ်သတ်လို့ ကျနော်တို့ကို ဆက်သွယ်ဆောင်ရွက်နေတာတွေ အများကြီးကြုံတွေ့နေပါတယ်။ ကျနော်တို့ဆီကို ဆက်သွယ်လာတာတွေရှိပါတယ်။ ကျနော်တို့ အစုိးရအဖွဲ့ ဝန်ကြီးတွေဆီကို ဆက်သွယ်တာရှိပါတယ်။ အဲဒီလိုဟာမျိုးတွေကို စနစ်တကျ စိစစ်ဖို့ အဖွဲ့အစည်းဖွဲ့ပြီးဆောင်ရွက်နေတာရှိပါတယ်။ သူတို့က တကယ် CDM ဝင်ချင်တာလား။ ကျနော်တို့လုပ်ငန်းစဥ်တွေနှောက့်နှေးအောင်လုပ်ချင်တာလားပေါ့။ စီစစ်လို့မှန်ကန်ရင်တော့ တကယ်လက်ခံသွားမှာပါ။ တရားဝင်တယ်လီဂရမ်ကဆက်သွယ်လာတာတော့ ၂၀နဲ့၃၀ကြားရှိပါတယ်။ ဒါအခုထုတ်ပြန်တာပေါ့။ မကြာခင် လက်တွေ့လည်းထွက်လာတာ မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။
တိုက်လေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်းပေးမယ်လို့ ဧပြီလ (၇) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကကြေညာခဲ့ပါတယ်။
မည်သူမဆို- ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀"ပေးအပ်မယ်လို့ဆိုထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment