၂၀၂၂ ဧပြီလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပန်းချီဆရာကြီး MPP ဦးရဲမြင့်မှ ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားချပ်ကို လေလံပိတ်ပွဲကျင်းပမယ်
📌အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်တက္ကသိုလ်ကျောင်းကြီးဘဝထဲက အခြားသူများကိုအရေးယူရင်း ရာထူးယူလာခဲ့တယ်လို့ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်ဖွင့်ချဖော်ထုတ်
📌ရွှေကူမြို့ ကျောက်ကြီးရွာမှထွက်လာသော စကစရိက္ခာတင် စက်လှေ ၄ စီးအား မြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်
📌ကနီမြို့နယ်၊ လာပို့ရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစတပ်များ ရွာအတွင်းရှိ လူနေအိမ်နှင့်ဆိုင် (၁၅) လုံးအား ဖောက်ထွင်း၍ ပစ္စည်းများ ခိုးယူသယ်ဆောင်
📌ဖလန်ကိုင်း ရေနံမြေ ရဲစခန်းအား လက်နက်ကြီး လက်နက်ငယ်တို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
📌ကရင်နီဒေသအတွင်း သိန်းနှစ်ရာကျော်ဖိုး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို KNDF တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ ဖမ်းဆီးရမိ
📌မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း သင်္ကြန် ယိမ်းအကတိုက်နေတဲ့ စကစတပ်ကို မဟာမိတ်တပ်ဖွဲ့အင်အား ၄၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ရာရဲနှင့် စစ်သား ၁၅ ဦး ထက်မနည်း သေဆုံး
📌CDM မူလတန်းပြဆရာ ဆရာမများအား လစာငွေများကို MGF တပ်ဖွဲ့ဝင်များက ထောက်ပံ့ကူညီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပန်းချီဆရာကြီး MPP ဦးရဲမြင့်မှ ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားချပ်ကို လေလံပိတ်ပွဲကျင်းပမယ်
ဧပြီလ-၅ ရက်နေ့ တွင် D-Day Channel နှင့် Our Tomorrow Facebook Page များမှ Live ဖြင့် ကျင်းပပြုလုပ်သွားမည် ပန်းချီဆရာကြီး MPP ဦးရဲမြင့်မှ ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကားချပ်ကို ဧပြီလ ၅ ရက် နေ့မှာ လေလံပိတ်ပွဲကျင်းပမယ်လို့သတင်းရရှိပါတယ်။
လေလံပိတ်ပွဲမှာ အနိုင်ရရှိသူအား နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ CDM အရာရှိများ နှင့်အတူ ပြည်သူချစ် အနုပညာရှင်များမှ လည်း တိုက်ရိုက်ဆက်သွယ် အကြောင်းကြား ဂုဏ်ပြုသွားမှာလည်း ဖြစ်ပါတယ်။ ပန်းချီကားများ လေလံရောင်းချမှုမှ ရရှိလာသောငွေများကို လိုအပ်နေသော နေရာများကို တိုက်ရိုက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။
ပန်းချီဆရာကြီး MPP ဦးရဲမြင့်မှ ရေးဆွဲထားသော Oil Acrylic ပန်းချီကားများ ဖြစ်တဲ့ထွက်ပေါက် ပန်းချီကား နှင့် တပွင့်တည်းသော နှင်းဆီ ပန်းချီကား နှစ်ချပ်ကို လေလံတင်ရောင်းချထားတာဖြစ်ပါတယ်။
========================
📌📌အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်တက္ကသိုလ်ကျောင်းကြီးဘဝထဲက အခြားသူများကိုအရေးယူရင်း ရာထူးယူလာခဲ့တယ်လို့ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်ဖွင့်ချဖော်ထုတ်
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်တက္ကသိုလ်ကျောင်းကြီးဘဝထဲက အခြားသူများကိုအရေးယူရင်း ရာထူးယူလာခဲ့တယ်လို့ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်ဖွင့်ချဖော်ထုတ်လိုက်ပါတယ်။ ဧပြီ ၂ ရက် KNU-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့အစည်းများထံ လာရောက်ပူးပေါင်းခဲ့သည့် လေးကေကော်ဒေသကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် ခမရ -၅၈၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး တင်အောင်လင်းအား KIC ကမေးမြန်းရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
"သူကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတာလည်း စစ်တက္ကသိုလ်ကျောင်းကြီးဘဝထဲက သူက အခြားသူတွေကို အရေးယူပြီးတော့ပဲ သူ ရာထူးယူလာခဲ့တာ။ အဲလိုပြောရင်တော့ ကျနော်နည်းနည်းရိုင်းလိမ့်မယ်။ ကျနော်အဲလိုပဲ မြင်တယ်။ ငါတစ်ကိုယ်ကောင်းစားရေး အတွက်လုပ်တဲ့ အဲဒီလူနဲ့ ကျနော်ဆက်ပြီးတော့ တာဝန်မထမ်းဆောင်နိုင်တော့လို့ ကျနော်ဒီကို လာခဲ့ခြင်းဖြစ်တယ်"လို့ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်တွင်းမှာ စည်းလုံးပြိုကွဲမှုက ၇၅ ရာခိုင်နှုန်းထိရှိနေပြီလို့လည်း အလင်းဝင်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်ကသုံးသပ်ပြောကြားထားပါတယ်။ ခမရ (၅၈၅) ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ကော်ဘရာစစ်ကြောင်းထံ လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဧပြီ ၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌ရွှေကူမြို့ ကျောက်ကြီးရွာမှထွက်လာသော စကစရိက္ခာတင် စက်လှေ ၄ စီးအား မြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်
ဧပြီ ၃ ရက် နံနက် ၆ နာရီ ၃၀ အချိန် ရွှေကူမြို့ ကျောက်ကြီးရွာမှမြို့လှရွာဖက်သို့ စုန်ဆင်းထွက်လာသော စကစ ရိက္ခာတင် စက်လှေ ၄ စီးအား ဗိုလ်စနေ ဦးဆောင်သောမြို့လှ PDF တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ရာမှ စကစ စက်လှေ ၁ စီးနစ်မြုပ်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
"အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ရိက္ခာတင် စက်လှေ ၄ စီးကို မြို့လှ PDF တပ်မှ 79 mm ကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး စကစ ရိက္ခာတင်စက်လှေ ၁ စီး ဘိုကုန်းရွာအနီး၌ ရေဝင်နစ်မြုပ်ခဲ့ပါတယ်။ စကစတပ်မှ ရိက္ခာများအား အရေးတကြီးဆယ်ယူနေပြီး စကစဖက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ စကစ၏ ကမ်းစောင့်တပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မြို့လှ PDF တပ်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌ကနီမြို့နယ်၊ လာပို့ရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်တဲ့ စကစတပ်များ ရွာအတွင်းရှိ လူနေအိမ်နှင့်ဆိုင် (၁၅) လုံးအား ဖောက်ထွင်း၍ ပစ္စည်းများ ခိုးယူသယ်ဆောင်
ဧပြီလ (၁) ရက်နေ့တွင် စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ လာပို့ရွာတွင် စခ၊ ပျူများသည် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအတွင်းရှိ လူနေအိမ်နှင့်ဆိုင် (၁၅) လုံးအား ဖောက်ထွင်း၍ ပစ္စည်းများ ခိုးယူသယ်ဆောင်ခဲ့သလို ကျေးရွာအတွင်းမှ ဝက်တစ််ကောင်အား ပစ်သတ်ခဲ့ပြီး ကျန်တစ်ကောင်အား ၎င်းတို့စစ်ကားပေါ်သို့ တင်ဆောင်သွားပါတယ်"လို့သိရပါတယ်။
ဧပြီ ၃ ရက်နေ့မှာ စကစတပ်များလုပ်ဆောင်ချက်နဲ့ပတ်သတ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တပ်ရင်း၂ ကဆိုပါတယ်။ ထို့နောက် စကစ တပ်နဲ့ပျူများမှ ၎င်းတို့၏ တပ်ဆက်သွယ်ရေး Station စခန်းသို့ ရိက္ခာ၊ လက်နက်များချထားပြီး နေ့လယ် (၁) နာရီခွဲခန့်တွင် လာရာလမ်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။
========================
📌📌ဖလန်ကိုင်း ရေနံမြေ ရဲစခန်းအား လက်နက်ကြီး လက်နက်ငယ်တို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား
ဧပြီ၂ရက်နေ့ ညနေ၅နာရီ၃၅မိနစ်ခန့်က မကွေးတိုင်း မြိုင်မြို့နယ် ဖလန်ကိုင်း ရေနံမြေ ရဲစခန်းအား လက်နက်ကြီး လက်နက်ငယ်တို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ God Of Myaingအဖွဲ့က ပြောဆိုထားပါတယ်။
"ဧပြီ၂ရက်နေ့ ညနေ၅နာရီ၃၅အချိန်God Of Myaingနှင့် Myaing PDFတို့ပူးပေါင်း၍ ဖလန်ကိုင်း ရေနံမြေ ရဲစခန်းအား လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ရာအပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀တိတိ ကြာမြင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။ဖလန်ကိုင်းရေနံမြေရဲစခန်းအား ယခင်ကလည်းဝင်ရောက်တိုက်ခိုက်မှုတို့ရှိခဲ့တယ်လို့ သိရပြီး လတ်တလော စကစတပ်ဘက်မှအကျအရှုံး အတိအကျ မသိရသေးပေမယ့် ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌ကရင်နီဒေသအတွင်း သိန်းနှစ်ရာကျော်ဖိုး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို KNDF တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ ဖမ်းဆီးရမိ
ဧပြီ ၂ ရက်နေ့ မှာ ကရင်နီဒေသအတွင်း သိန်းနှစ်ရာကျော်ဖိုး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနှစ်ဦးကို KNDF တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့ ဖမ်းဆီးရမိတယ်လို့ KNDF တပ်ရင်း (၁၂) ကဆိုပါတယ်။ "ဧပြီ ၂ ရက် ကျနော်တို့ KNDF/B-12 နှင့် KA တို့မှ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသော ဦး.....နှင့် ဦး....၊ နှစ်ဦးအား မူးယစ်ဆေးဝါး ၄၀,၀၀၀ ကျော် (သိန်း နှစ်ရာကျော်တန်ဖိုးရှိ) နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။ ၎င်းနှစ်ဦးနှင့်တကွ ပစ္စည်းများကို သက်ဆိုင်ရာသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ ကထုတ်ပြန်ပါတယ်။
========================
📌📌မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း သင်္ကြန် ယိမ်းအကတိုက်နေတဲ့ စကစတပ်ကို မဟာမိတ်တပ်ဖွဲ့အင်အား ၄၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ရာရဲနှင့် စစ်သား ၁၅ ဦး ထက်မနည်း သေဆုံး
ဧပြီ ၁ ရက် ည ၁၀ နာရီ ၃၀ အချိန် စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း သင်္ကြန် ယိမ်းအကတိုက်နေတဲ့ စကစတပ်ကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေ မဟာမိတ်တပ်ဖွဲ့ အင်အား ၄၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ရဲနှင့် စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုကို People's Defence Force-South Monywa နဲ့ Blace Dragon Special Task Force အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Golden Eagle Force၊Knights Of The Red Land၊ Naung Yoe LDF၊ Monywa Fighter Group နဲ့ ပတ္တမြားညီနောင် အဖွဲ့က လူအင်အား (၄၀) ကျော်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ People's Defence Force-South Monywa အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
========================
📌📌CDM မူလတန်းပြဆရာ ဆရာမများအား လစာငွေများကို MGF တပ်ဖွဲ့ဝင်များက ထောက်ပံ့ကူညီ
CDM မူလတန်းပြဆရာ ဆရာမများအား လစာငွေများကို MGF တပ်ဖွဲ့ဝင်များက ထောက်ပံ့ကူညီခဲ့တယ်လို့ MYINGYAN GUERRILLA FORCE (MGF) ကဆိုပါတယ်။ "ချင်းတွင်းမှ စာသင်ကျောင်း ဆက်လက်ရပ်တည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်များ၊ စာအုပ်များ၊ ရံပုံငွေနှင့် CDM မူလတန်းပြဆရာ ဆရာမများအား လစာငွေများကို MGF တပ်ဖွဲ့ဝင်များက လှူဒါန်းခဲ့ပါတယ်"လို့ဆိုပါတယ်။
MGF တပ်ဖွဲ့ဝင်များအတွက် တော်လှန်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် ထုတ်လုပ်ခြင်းများကြောင့် နိုင်သလောက်သာ ထောက်ပံ့လှူဒါန်းနိုင်ပါတယ်လို့ လည်းဖော်ပြပါတယ်။ "ယခုလမှစ၍ MGF က တတ်နိုင်သလောက် လစာနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါတယ်"လို့လည်း ဆိုပါတယ်။
MGF တပ်ဖွဲ့ဝင်များသည် တော်လှန်ရေးကိစ္စများသာမက နယ်မြေစိုးမိုးရေးလုပ်ငန်းများနှင့် ဖွံဖြိုးရေးလုပ်ငန်းများကိုလည်း ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment