၂၀၂၂ ဧပြီလ ၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
📌အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချပြီးဖြစ်
📌မုံရွာထောင်တွင်း ဆန္ဒပြမှုဖြစ်ပေါ်နေပြီး စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်
📌ဘက် မလိုက်ပြောက်ကျားအဖွဲ့ထံ လာရောက်အလင်းဝင်လာတဲ့ မြိတ်အခြေစိုက်၊ (၁၀၁) ခြေလျင်တပ်ရင်းမှတပ်သားကို ငွေကျပ်သိန်းသုံးဆယ်ချီးမြှင့်
📌ကန့်ဘလူမြို့နယ်က မူလတန်းပြ CDM ကျောင်းဆရာမကို PDF များကို ထောက်ပံ့နေတယ်လိုဆိုကာ ပုဒ်မ ၅၀ည နဲ့ ထောင် ဆယ်နှစ်ချ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ အကြမ်းဖက်စကစက လက်နက်ကြီးများဖြင့်ပစ်ခတ်၊ နေအိမ်များကို မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အပြည့်အစုံမှာ - အကြမ်းဖက်စကစက ခင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၊ နေအိမ်များကို မီးရှို့ခဲ့
ဧပြီလ (၃) ရက်နေ့၊ ၂၀၂၂ ခုနှစ် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်မှ စကစတပ်များက ရေဦးမြို့နယ်မှတစ်ဆင့် ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်နေသည်မှာ (၁၀) ရက်ခန့်ရှိနေပြီဖြစ်သည်။ ဧပြီလ (၁) ရက်နေ့၊ မနက်(၇)နာရီခန့်က စကစတပ်သားများ ထနောင်ကိုင်းကြီးကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး မနက် (၉:၁၀) မိနစ်တွင် စိုက်ကွင်းလုပ်သား ကျေးရွာရှိနေအိမ်များကို မီးတင်ရှို့ခဲ့ရာ နေအိမ်အများစုမီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ကယ်အချို့လည်း မီးလောင်ပျက်စီးခဲ့သည်။
စကစတပ်များက ခင်ဦးမြို့နယ်၊ စိုက်ကွင်းလုပ်သားကျေးရွာတွင် (၂)ရက်သာ တပ်စွဲထားခဲ့ပြီး ယနေ့မနက်ပိုင်းက ငါးတင်းကြီးကျေးရွာသို့ (၄၀)မမ၊ (၆၀)မမ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ရှင်းလင်းဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို (၃)နေရာခွဲပြီးမီးရှို့ခဲ့သည်။ စကစတပ်သားများ ဝင်ရောက်လာမှုကြောင့် ထနောင်းကိုင်းကြီးကျေးရွာ၊ စိုက်ကွင်းလုပ်သားကျေးရွာနှင့် ငါးတင်းကြီးကျေးရွာရှိ ဒေသခံ (၂၀၀၀) ကျော် နေအိမ်များစွန့်ခွာ ထွက်ပြေး စစ်ဘေးရှောင်နေခဲ့ရသည်။ စစ်ကောင်စီ၏ အထက်ပါလုပ်ရပ်များသည် စစ်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Military Code of Conducts) ကို ချိုးဖောက်နေကြောင်း ပြသနေပြီး ဒေသခံ ပြည်သူ များ၏လူသားလုံခြုံရေး (Human Security) ကို ပြောင်ပြောင်တင်းတင်းအန္တရယ် ပြုနေခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ခုခံတွန်းလှန်စစ်အားကောင်းသော စစ်ကိုင်းတိုင်းကို သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်ဝင်ရောက်နေပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားသည်မှာ တစ်လ ခန့်ရှိနေပြီဖြစ်သည်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချပြီးဖြစ်
အမျိုးသားညီညွတ်ရေးအစိုးရက ငွေတိုက်စာချုပ်ပေါင်း ၇၀၀၀၀ ကျော်ရောင်းချပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၃ ရက်နေ့မှာ ယူနိုက်တက်ဘွန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ယခုဆိုရင် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များ၏ အကူအညီဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ငွေတိုက်စာချုပ်များကို ရောင်းချခဲ့သည်မှာ ၃ လ ဆိုတဲ့ အချိန်ကာလကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေးကာလ တစ်လျှောက်လုံးပြည်သူလူထု၏ နည်းမျိုးစုံဖြင့် တတ်စွမ်းသမျှ ထောက်ပံ့ခဲ့ကြတဲ့အထဲ၌ ငွေတိုက်စာချုပ်များဝယ်ယူပြီး တော်လှန်ရေးကို ယုံကြည်မှုအပြည့်နဲ့ ရင်းနှီးမြှုပ်နှံတဲ့ပမာဏဟာ အများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ငွေတိုက်စာချုပ်ပေါင်း ၇၀,၀၀၀ ကျော် ရောင်းချပြီးချိန်တွင် ယခုလောက် ဘဏ္ဍာငွေရရှိတယ်ဆိုလျှင် မြန်မာနိုင်ငံသား သန်း ၅၀ ၏ အင်အားဖြင့်အတူ ရှေ့ဆက်ပြီး အောင်ပွဲအမြန်ဆုံးရရှိချိန်အထိ တိုက်ပွဲဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအတွက် လုံလောက်တဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိအောင် ပြည်သူလူထုနှင့် ငွေတိုက်စာချုပ်ကိုယ်စားလှယ်များက အတူတကွ အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားဖို့ ယုံကြည်ချက်အပြည့်ဖြင့် တောင်းဆိုပါရစေ"လို့ဆိုထားပါတယ်။
========================
📌📌မုံရွာထောင်တွင်း ဆန္ဒပြမှုဖြစ်ပေါ်နေပြီး စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်
စစ်ကောင်စီက မတရားပုဒ်မမျိုးစုံတပ်ဖမ်းဆီးထားတဲ့ မုံရွာအကျဉ်းထောင်တွင်းမှာ အေပရယ်လ ၃ ရက်နေ့ ညနေ ငါးနာရီခန့်က ဆန္ဒပြမှုတရပ်ဖြစ်ပေါ်ခဲ့ပါတယ်။ "ထောင်အတွင်းထဲကနေ ဆူညံသံတွေ ကြားနေရတယ်။ သေနတ်ပစ်သံတွေလည်း ကြားလိုက်တယ်။ အခြေအနေက ရှုပ်ထွေးနေတယ်" ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်မှာ ဆန္ဒပြသံများ စတင်ကြားရပြီး ညနေ ၅ နာရီ ၁၂ မိန်စခန့်မှာတော့ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့တယ်လို့ မုံရွာမြို့ ဒေသခံ သတင်းစာမျက်နှာများမှာ ရေးသားဖော်ပြထားကြပါတယ်။ ဒါ့အပြင် အကျဉ်းထောင်အတွင်းသို့ လူနာတင်ကားနှင့် ဆေးရုံကားအချို့ မောင်းဝင်သွားကြောင်းနှင့် ညနေ ၅ နာရီ ၅၈ မိနစ်တွင် 40 MM လောင်ချာ ပစ်ခတ်သံကြားရတယ်လို့လည်း ဆက်လက်သတင်းထုတ်ပြန်ထားကြောင်း သိရပါတယ်။ အခုလိုထောင်တွင်း ဆန္ဒပြပွဲဖြစ်ပွားရခြင်းဟာ မုံရွာထောင်တွင်းက စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များရဲ့ မတရားညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်ဖြစ်တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါ မုံရွာအကျဉ်းထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါအဝင် အာဏာသိမ်းစစ်အုပ်စုကမတရား ဖမ်းဆီးခံထားရသည့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ နာမည်ကြီးသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ကိုဟန်ဇာမြေမွန်တို့လည်း ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
========================
📌📌ဘက် မလိုက်ပြောက်ကျားအဖွဲ့ထံ လာရောက်အလင်းဝင်လာတဲ့ မြိတ်အခြေစိုက်၊ (၁၀၁) ခြေလျင်တပ်ရင်းမှတပ်သားကို ငွေကျပ်သိန်းသုံးဆယ်ချီးမြှင့်
ဘက် မလိုက်ပြောက်ကျားအဖွဲ့ထံ လာရောက်အလင်းဝင်လာတဲ့ မြိတ်အခြေစိုက်၊ (၁၀၁)ခြေလျင်တပ်ရင်းမှတပ်သားကို ငွေကျပ်သိန်းသုံးဆယ်ချီးမြှင့်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ကွပ်ကဲရေးအဖွဲ့မှ သိန်းသုံးဆယ် ချီးမြှင့်ခဲ့တယ်လို့ ဧပြီလအတွင်း၊ တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့တပ်သားမောင်ဇော်ဟာမြိတ်အခြေစိုက်၊ (၁၀၁) ခြေလျင်တပ်ရင်းမှဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ လက်တွဲ၍ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားမယ်လို့ပြောဆိုထားပါတယ်။ လတ်တလောမှာ စကစတပ်က အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်များထဲမှာ ဗိုလ်ကြီးအဆက့်ကနေ ဗိုလ်မှူး၊ဒုတိယဗိုလ်မှူးကြီးအဆင့်အထိရှိလာခဲ့ပါတယ်။
========================
📌📌ကန့်ဘလူမြို့နယ်က မူလတန်းပြ CDM ကျောင်းဆရာမကို PDF များကို ထောက်ပံ့နေတယ်လိုဆိုကာ ပုဒ်မ ၅၀ည နဲ့ ထောင် ဆယ်နှစ်ချ
ကန့်ဘလူမြို့နယ်က မူလတန်းပြ CDM ကျောင်းဆရာမကို PDFများကို ထောက်ပံ့နေတယ်လိုဆိုကာ ပုဒ်မ ၅၀ည နဲ့ ထောင် ဆယ်နှစ်ချလိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မူလတန်းပြ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီက ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) အား ငွေကြေး ထောက်ပံပေးနေတယ်လို့စွပ်စွဲချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။
အသက် ၃၀ အရွယ်ရှိ CDM ကျောင်းဆရာမ ဒေါ်ဆန်းဆန်းစုဟာ ဘားအံမြို့သို့ သွားရောက်ကာ အလုပ် လုပ်နေရာမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် မတ် ၃၁ ရက်က ထောင်ဒဏ် ၁၀ နှစ် ချ မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အလားတူပင် စစ်ကောင်စီက ရခိုင်ပြည်နယ် သံတွဲမြို့တွင် PDF ကို ငွေကြေး ထောက်ပံ့သည်ဟူသော စွပ် စွဲချက်ဖြင့် အမျိုး သမီး ၃ ဦး ကိုလည်း မတ် ၃၁ ရက်က ပုဒ်မ ၅၀ (ည) ဖြင့် ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ပါသေးတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment