4th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စကစတပ်များ ရွာများကို မီးရှို့ကာ မွှေနှောက်သောင်းကျန်းနေ
📌အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်တွင် ပါဝင်ခြင်းမပြုရန် GZP Madalay ကကြေညာ
📌မုံရွာ အကျဥ်းထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားများကို သေနတ်အချက် သုံးဆယ်ကျော်ပစ်ခတ်၍ ဖြိုခွင်းမှုကြောင့် တစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ
📌ဒီးမောဆိုအရှေ့ဖက်ခြမ်းကို စကစတပ်များမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ လူနေအိမ်များထိမှန်ပျက်စီး
📌ပလက်၀မြို့နယ်၊ ဆမီးမြို့၊ မြို့အ၀င်ဂိတ်ကို CDF-Paletwa နှင့် CNA တို့မှ ပူးပေါင်း၀င်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး
📌ဆားလင်းကြီး မြို့နယ်ရဲစခန်းကို ၆၀ မမ လက်နက်နဲ့ ပစ်ခံရ၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်
📌နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးလာတဲ့ စကစတပ်အင်အား( ၃၀ ) ခန့်ကို မတ္တရာပကဖက မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေ၊ ဆယ်ဦးကျော် ဒဏ်ရာရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စကစတပ်များ ရွာများကို မီးရှို့ကာ မွှေနှောက်သောင်းကျန်းနေ

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းသုံးကြောင်းခွဲကာရောက်ရှိနေတဲ့စကစတပ်များ ရွာများကိူ မီးရှို့ကာ မွှေနှောက်သောင်းကျန်းနေတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းအထိ ပန်းညိုကျေးရွာကို စကစတပ်များ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ ဒုတိယစစ်ကြောင်းမှာ ဘီးစပ်ကုန်းရွာမှနေအိမ်များကို မီးရှို့ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့များကဆိုပါတယ်။

"ရေလယ်ကျွန်းသို့ဝင်လာသော စစ်ကြောင်းသုံးကြောင်းအနက် ပထမစစ်ကြောင်းမှာ သာဂေါင်ကျေးရွာမှ ပန်းညို ကျေးရွာ ရွာသာကုန်းသို့ ရောက်ရှိနေပြီး ပန်းညိုဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ထားပါတယ်။ ဒုတိယစစ်ကြောင်းမှာ ဘီးစပ်ကုန်းရွာအတွင်း နေအိမ်များမီးရှို့ကာ ၊ တတိယစစ်ကြောင်းမှာ မင်းရွာ တွင်သာ နေထိုင်ဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။

မတ်လ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ်က ဖြုံဘူး၊ ဘိုကုန်း၊ တောင်ကုန်း၊ ခြောက် မူးကျွန်းရွာများကို စကစတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဘီလုံးပြောက်ကျားတပ်ကဆိုပါတယ်။

စကစတပ် စစ်ကြောင်းများဟာ ဧပြီ ၂ ရက်နေ့ မှစ၍ ရေလယ်ကျွန်းဒေသသို့ စီနင်းဝင်ရောက်လာက လှေခုတ်၊ မိဖုရား၊ မီးလောင်ကျွန်းကျေးရွာများမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

========================

📌📌အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်တွင် ပါဝင်ခြင်းမပြုရန် GZP Madalay ကကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်တွင် ပါဝင်ခြင်းမပြုရန် GZP Madalay ကဧပြီ ၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ သင်္ကြန်ပွဲတော်အပါအဝင် စစ်ကောင်စီက ကျင်းပတဲ့ မည်သည့် အတုအယောင် ပျော်ပွဲရွှင်ပွဲကိုမှ နားလည်ပေးမှာမဟုတ်ဘူးလို့ GZP Madalay ကဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ရေးများကိုလည်း သင်္ကြန်ပွဲတော်ရက် များတွင်လုပ်ဆောင်မည်ဖြစ်၍ မိဘပြည်သူလူထုများအနေနဲ့ စကစတပ်များနဲ့ဝေးရာသို့ ရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တွင် မဟာသင်္ကြန်ကာလကို တော်လှန်သောသင်္ကြန်အဖြစ်သတ်မှတ်ကာ ရေပက်ကစားခြင်းမပြုလုပ်ကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ယမန်နေ့ကထုတ်ပြန်ထားပါတယ်။

========================

📌📌မုံရွာ အကျဥ်းထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားများကို သေနတ်အချက် သုံးဆယ်ကျော်ပစ်ခတ်၍ ဖြိုခွင်းမှုကြောင့် တစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ

ဧပြီ ၃ ရက်နေ့ ညနေ ငါးနာရီ အချိန်က စစ်ကိုင်းတိုင်းမုံရွာ အကျဥ်းထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဥ်းသားများကို သေနတ်အချက်သုံးဆယ်ကျော်ပစ်ခတ်၍ ဖြိုခွင်းမှုကြောင့် တစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။

"မုံရွာအကျဉ်းထောင်ထဲမှာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ထောင်တွင်းဖိနှိပ်မှုတွေရှိခဲ့ပါတယ်။ အခုထိလည်းရှိနေဆဲပါပဲ ယမန်နေ့ညနေမှာဆိုရင်တော့ " တို့ပြည်သူတွေညီရဲ့လားဟေ့ " ဆိုတဲ့အထဲကရဲ‌ဘော်တွေရဲ့ကြွေးကြော်သံဟာ ထောင်နံရံကို ဖောက်ထွက်ပြီး ပြည်သူတွေရဲ့ နှလုံးသားထဲထိ စိမ့်ဝင်စေခဲ့ပါတယ်။ ထောင်ထဲက ရဲဘော်များက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်ပြသနေတဲ့အချိန်မှာ အကျဥ်းဦးစီးမှူးက အကြမ်းဖက်ကာ သေနတ်အချက် သုံးဆယ်ကျော်ပစ်ခတ်ပြီးဖြိုခွင်းခဲ့ပါတယ်"လို့ မုံရွာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကထုတ်ပြန်ပါတယ်။

မုံရွာ အကျဉ်းထောင်ထဲတွင် မတရားမှုကို တော်လှန်ဆန္ဒပြနေသော အချိန်တွင် ပြင်ပမှ တော်လှန်ရေး လှုပ်ရှားနေသော Unity Force Monywa, Brother Defense Force နှင့် မြို့ပေါ် ပြောက်ကျား UG မဟာမိတ်အဖွဲ့များမှညနေ (6:30) အချိန်တွင် မုံရွာမြို့ မြို့လည်မီးပွိုင့်၊ ဇရပ်ဝိုင်းမီးအပွိုင့်အနီး၊ ကျောက်က္ကာလမ်းသီတာလမ်းထိပ်၊ ကျောက္ကာလမ်ပေ(၈၀)လမ်းထိပ်၊ကျောက္ကာလမ်းကမ္ဘောဇminiဘဏ်ခွဲဟောင်းရှေ့နှင့် ပြည်ထောင်စုလမ်းမပေါ်နေရာအသီးသီးတွင်ဝန်းရံဖောက်ခွဲ ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါဖောက်ခွဲတိုက်ခိုက် မှုကြောင့်လည်းစကစတပ်များထိခိုက်နိုင်တယ်လို့သိရပါတယ်။

========================

📌📌ဒီးမောဆိုအရှေ့ဖက်ခြမ်းကို စကစတပ်များမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ လူနေအိမ်များထိမှန်ပျက်စီး

ဧပြီ ၄ ရက်နေ့ နံနက် ၄ နာရီအချိန်က တိုက်ပွဲမရှိတဲ့ ဒီးမောဆိုအရှေ့ဖက်ခြမ်းကို စကစတပ်များမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်၍ လူနေအိမ်များထိမှန်ပျက်စီးခဲ့တယ်လို့ KNDF တပ်ရင်း ၁၀ ကသတင်းရရှိပါတယ်။
" အကြမ်းဖက် စစ်ကောင်စီတပ်မှ ရည်ရွက်ချက်ရှိရှိ 120မမ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး ထီးသဲကလိုးကျေးရွာရှိ နေအိမ်တစ်လုံးပျက်စီး ဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စကစတပ်က မကြာခဏဆိုသလို အနီးအနား ကျေးရွာများကို ပစ်ခတ်လေ့ရှိပြီ ပြည်သူ ​ လူ​ထုများက ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်လျက်ရှိကြောင်းသိရပါတယ်။

========================

📌📌ပလက်၀မြို့နယ်၊ ဆမီးမြို့၊ မြို့အ၀င်ဂိတ်ကို CDF-Paletwa နှင့် CNA တို့မှ ပူးပေါင်း၀င်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး

ဧပြီ ၃ ရက် ည ၈ နာရီ ၃၀ အချိန်က ချင်းပြည်နယ် ပလက်၀မြို့နယ်၊ ဆမီးမြို့၊ မြို့အ၀င်ဂိတ်ကို CDF-Paletwa နှင့် CNA တို့မှ ပူးပေါင်း၀င်ရောက်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးတယ်လို့ chninland defense force-Paletwa ကဆိုပါတယ်။ ထိုတိုက်ခိုက်မှုတွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် မိနစ် (၃၀) ခန့် အပြန်လှန်ထိတွေ့ပစ်ခတ်ကြရာ စကစတပ်ဖက်မှ (၆) ဦးသေဆုံး၊ အများပြား ထိခိုက်ဒဏ်ရာရရှိပါတယ် လို့ဆိုပါတယ်။

တိုက်ပွဲတွင် CDF-Paletwa ဖက် မှ အထိခိုက်မရှိ လုံခြုံစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ချင်းပြည်နယ်ကို စကစတပ်များဟာလက်ရှိမှာ စစ်ကြောင်းများခွဲကာ ဝင်ရောက်၍ ထိုးစစ်ဆင်နွှဲလျက်ရှိပါတယ်။

========================

📌📌ဆားလင်းကြီး မြို့နယ်ရဲစခန်းကို ၆၀ မမ လက်နက်နဲ့ ပစ်ခံရ၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်

ဧပြီလ ၃ ရက်နေ့ ည ၉ နာရီကျော် အချိန်မှာ စစ်ကိုင်းတိုင်း ဆားလင်းကြီး​ မြို့နယ်ရဲစခန်းကို ၆၀ မမ လက်နက်နဲ့ အချက် ၄၀ ကျော် ပစ်ခံရ၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်တယ်လို့ Unity Force Monywa အဖွဲ့က ဆိုပါတယ်။

"စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးရဲစခန်းကို PDF ၁၀ ဖွဲ့ပေါင်းပြီး ၆၀ မမ လက်နက်စိန်ပြောင်း ၇ လက် နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ မနေ့က ည ၉ နာရီကျော်လောက်မှာ စတင်ပစ်ခတ်ခဲ့ပြီးတော့ စုစုပေါင်း အချက်ရေ ၄၀ ချက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်"လို့ Unity Force Monywaအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒီလိုတိုက်ခိုက်တာဟာ ဆားလင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်ရှိအိမ် အိမ်များကိုချိတ်ပိတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းတွေမတရားရယူ​ခြင်းတို့ကို ကာကွယ်ရေးတပ်များထံပြည်သူများကတိုင်ကြား၍ ပူးပေါင်း၁၀ဖွဲ့ကအရေးယူတိုက်ခိုက်ခြင်းဖြစ်တယ်လို့်သိရပါတယ်။

ဆားလင်းကြီးရဲစခန်းမှာ စစ်ကောင်စီက တပ်ဆွဲထားပြီး စစ်သားနဲ့ ရဲ အင်အား ၂၀၀ နီးပါးရှိနေတာကြောင့် Unity Force Monywa၊ Brother Defense Force အပါအဝင် မဟာမိတ် ၈ ဖွဲ့နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးလာတဲ့ စကစတပ်အင်အား( ၃၀ ) ခန့်ကို မတ္တရာပကဖက မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေ၊ ဆယ်ဦးကျော် ဒဏ်ရာရ

ဧပြီ ၃ ရက် ညနေ လေးနာရီ အချိန်က မတ္တရာအရှေ့ပိုင်းနယ်ကို နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးလာတဲ့ စကစတပ်အင်အား ( ၃၀ ) ခန့်ကို မတ္တရာပကဖက မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေ၊ဆယ်ဦးကျော်ဒဏ်ရာ ရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မတ္တရာကဆိုပါတယ်။

"ဧပြီ ၃ ရက် မတ္တရာအရှေ့ပိုင်းနယ်သို့ နယ်မြေရှင်းလင်းရေးအဖြစ် စစ်ကြောင်းထိုးလာသော အင်အား( ၃၀ ) ခန့်ရှိ စကစစစ်ကြောင်းတစ်ခုကို မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာ အရှေ့မြောက်ဘက်ရှိ နဂါးပတ်တောင်အနီးတွင်ညနေ (၁၆:၀၃) အချိန် ပ.က.ဖ-မတ္တရာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစဘက်မှ စကစတပ်ဖွဲ့ (၄) ယောက်သေပြီး (၁၀) ယောက်ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ပ/က.ဖ-မတ္တရာမှ အတည်ပြုနိုင်ခဲ့ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment