၂၀၂၂ ဧပြီလ ၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံသားဖြစ်မှု ရုပ်သိမ်းကြောင်း ကြေညာချက်များ ဥပဒေအရ အကျုံးမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကြေညာထုတ်ပြန်
📌NUG အမျိုးသားညီညွတ်ရေးအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီး
📌(၅) ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီကို ဖိတ်ကြားမှုအား India For Myanmarက ကန့်ကွက်ကြောင်းစာများ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် သံရုံးများကိုပေးပို့
📌ပြည်သူ့ကာကွယ်ရေးတပ်သားတိုင်းဟာ အရပ်သားပြည်သူများကို ရိုသေစွာဆက်ဆံရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်ပြကာတွန်းများနဲ့အသိပညာပေး
📌DSA တွေဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြပါလိမ့်မယ်လို့ ကိုမင်းကိုနိုင်ဆို
📌နွေဦးတော်လှန်ရေးမှာ ရဲဘော်ညီညီအပါအဝင် အစ္စလာန်ဘာသာဝင် ၅၉ ဦးကျဆုံးခဲ့
📌Guys From Chin အဖွဲ့က ကျန်ဖိုင်ခရိုင် စစ်ဘေးရှောင်တွေကို ရူပီး ၇ သိန်းလှူဒါန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံသားဖြစ်မှု ရုပ်သိမ်းကြောင်း ကြေညာချက်များ ဥပဒေအရ အကျုံးမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကြေညာထုတ်ပြန်
အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံသားဖြစ်မှု ရုပ်သိမ်းကြောင်း ကြေညာချက်များ ဥပဒေအရ အကျုံးမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကြေညာထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီ လ ၄ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနကဆိုလိုက်တာပါ။
"အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်များနှင့် ထင်ရှားကျော်ကြားသော မြန်မာ့ဒီမိုကရေစီ ဘက်တော်သားများကို ခြိမ်းခြောက်ရန် မြန်မာနိုင်ငံသားဥပဒေကို အလွဲသုံးစားပြုခြင်းအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရမှ ပြင်းထန်စွာရှုံ့ချသည်။ စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးများ နှင့်ထင်ရှားကျော်ကြားသော ဝန်းရံသူများကို ဤကဲ့သို့ ယုတ်ညံ့စွာ ဒဏ်ခတ်အရေးယူခြင်းသည် နိုင်ငံတကာ ဥပဒေများအရ သော်လည်းကောင်း မြန်မာနိုင်ငံသား ဥပဒေအရ သော်လည်းကောင်း အကျုံးမဝင်ပါ"လို့ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထဲရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးသမားများနဲ့ အနုပညာရှင်များကို နိုင်ငံသားဖြစ်မှုကရပ်စဲတယ်လို့ကြေညာခဲ့ပါတယ်။
ယခုကဲ့သို့ နိုင်ငံရေး တိုက်ခိုက်မှုပြုလုပ်ခြင်းဖြင့် ၎င်းတို့တရားဝင်မှုရရှိအောင် ကြိုးပမ်း အားထုတ်ခြင်းသည် တရားဝင်မှု မရှိသလို ဥပဒေနှင့်လည်း ဆန့်ကျင်နေပါသည်။ စစ်အုပ်စုမှ မြန်မာနိုင်ငံသားဥပဒေ၏ ပုဒ်မ ၁၆ ကို ကျဉ်းမြောင်းသော အဓိပ္ပါယ် သတ်မှတ်ကန့်သက်မှု အခြေအနေတွင်သာ နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံကူး လက်မှတ်ရုပ်သိမ်းပိုင်ခွင့်ကို ကိုးကားထားပါသည်။ ဖော်ပြပါအခြေအနေအရ အခြားနိုင်ငံတစ်ခုတွင် ရာသက်ပန် နိုင်ငံသားခံယူမှုသာ ပါဝင်အကြုံးဝင်ပါတယ်လို့ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိသမ္မတကြီး ဒူဝါလရှီးလမှ စစ်အုပ်စု၏ အခြေအမြစ် မရှိသော စွပ်စွဲချက်အပေါ် ပြန်လည်ပြောကြားသည်မှာ - “နိုင်ငံသားဥပဒေ ပုဒ်မ ၁၆ နှင့် ၁၇မှ လုပ်ပိုင်ခွင့်မှာ မြန်မာနိင်ငံသား တစ်ဦးသည် အခြားနိုင်ငံတစ်ခုတွင် နိုင်ငံသားခံယူပြီး အခြေချ နေထိုင်မှသာ အကျုံးဝင်မည် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်များအားလုံးသည် တရားမဝင် အာဏာကို လုယူထားသော လူသတ်အဖွဲ့အား အနိုင်ယူပြီးပါက နိုင်ငံတော်သို့ ပြန်လည်ကာ တာဝန်ထမ်းဆောင်ကြမည်ကို ကျွန်ုပ်တို့နိုင်ငံသားအားလုံးမှ နားလည် သဘောပေါက်ပြီး ဖြစ်သည်။” လို့ဆိုပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကျွမ်းကျင်သူလည်း ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး မှလည်း - “အကြမ်းဖက်စစ်အုပ်စုသည် မြေပြင် တိုက်ပွဲများတွင် အကြိမ်ကြိမ် ထိခိုက်နစ်နာနေရသဖြင့် ယခုကဲ့သို့လုံးဝအခြေအမြစ်မရှိသည့် ထုတ်ပြန်ချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်မှာ သိသာထင်ရှားလျှက်ရှိသည်။ ယခုကဲ့သို့တိုက်ခိုက်မူသည် မည်သို့မျှ တရားမဝင်ကြောင်းကိုလည်း စစ်အုပ်စုမှသိရှိပြီး ဖြစ်သည်။ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၁၇ ပြဌာန်းချက်မှာ မြန်မာနိုင်ငံသားတဦးတယောက်သည် အခြားနိုင်ငံခြား တိုင်းပြည် တခုခုတွင် နိုင်ငံသားအဖြစ် ပြောင်းလဲခံယူပြီး၊ အခြေချနေထိုင်မှသာလျှင် ယခုကဲ့သို့ နိုင်ငံသားဖြစ်မူကို ရုပ်သိမ်းပိုင်ခွင့်ရှိခြင်း ဖြစ်သည်။ အခြားအကြောင်း တစုံတရာဖြင့် နိုင်ငံသားဖြစ်မူကို ရပ်စဲရုပ်သိမ်းပိုင်ခွင့် လုံးဝမရှိကြောင်း ဥပဒေတွင် အတိအလင်းပြဌာန်းထားသည်”- လို့ပြောကြားခဲ့ပါတယ်။
========================
📌📌NUG အမျိုးသားညီညွတ်ရေးအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီး
အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဟာ ဝါရှင်တန်ဒီစီကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦး လိုက်ပါလာပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ချမှတ်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်၊ လူသားချင်း စာနာထောက်ထားရေးအပါအဝင် အင်န်ယူဂျီအစိုးရ ဆောင်ရွက်နေတဲ့အစီအစဉ်တွေနဲ့ အမေရိကန် က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ငွေကြေးကိစ္စတွေလည်း ဆွေးနွေးမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီအထဲမှာ တရားမဝင် စစ်ကောင်စီကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက် ထားရေးဆိုင်ရာ အကျပ်အတည်းကိစ္စတွေကိုတင်ပြတဲ့အခါ ဒုက္ခသည်တွေနဲ့ အိုင်ဒီပီ ခေါ် ပြည်တွင်း နေရပ် စွန့်ခွါ ထွက်ပြေးကြရသူတွေရဲ့ လိုအပ်ချက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ ပြည်တွင်းမှာ တမျိုးသားလုံးဆိုင်ရာ တရားမျှတမှု ယန္တရားတရပ် ဇော်ဆောင်ဖို့တွက်လည်း အင်န်ယူဂျီက ကတိကဝတ်ပြုပြီးသား ဖြစ်တာကို အင်ယူဂျီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌(၅) ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီကို ဖိတ်ကြားမှုအား India For Myanmarက ကန့်ကွက်ကြောင်းစာများ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် သံရုံးများကိုပေးပို့
(၅) ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ စစ်ကောင်စီကို ဖိတ်ကြားမှုအား India For Myanmarက ကန့်ကွက်ကြောင်းစာများ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် သံရုံးများကိုပေးပို့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၄ ရက်နေ့မှာ ကန့်ကွက်ရှုတ်ချတဲ့စာများဖြန့်ဝေပေးပို့တယ်လို့ India For Myanmar ကဆိုပါတယ်။
"India For Myanmar သည် (၅) ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ မင်းဦးလှိုင်ဦးဆောင်သည့် စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံ ကိုယ်စားပြုအစိုးရအဖြစ်ဖိတ်ကြားမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို BIMSTEC အဖွဲ့ဝင်နိုင်ငံများ သိရှိစေရန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံအခြေစိုက် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ ကန့်ကွက်ရှုတ်ချစာပို့ဆောင်ခြင်းကို ဧပြီ ၄ ရက် မှစတင်ပြုလုပ်နေပြီး ၅.၄.၂၀၂၂ တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
Idia For Myanmar အနေဖြင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံကိုယ်စားပြုအစိုးရအဖြစ် ဆက်ဆံနေမှု၊ စစ်ကောင်စီကိုအသိအမှပြုနေမှု မရပ်တန့်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်တယ်လို့ဖော်ပြပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာရှိသော တော်လှန်ရေးအင်အားစုများအနေဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်။
========================
📌📌ပြည်သူ့ကာကွယ်ရေးတပ်သားတိုင်းဟာ အရပ်သားပြည်သူများကို ရိုသေစွာဆက်ဆံရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်ပြကာတွန်းများနဲ့အသိပညာပေး
ပြည်သူ့ကာကွယ်ရေးတပ်သားတိုင်းဟာ အရပ်သားပြည်သူများကို ရိုသေစွာဆက်ဆံရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်ပြကာတွန်းများနဲ့အသိပညာပေးဖော်ပြလိုက်ပါတယ်။ ဧပြီ ၄ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။ ရုပ်ပြကာတွန်းပုံထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံများစိုက်ပျိုးရေးလုပ်ငန်းကို ကူညီရိတ်သိမ်းပေးပုံတွေနဲ့ သက်ကြီးရွယ်အိုတွေကို သယ်ချီပို့ဆောင်ပေးတာတွေ စတဲ့ရုပ်ပြပုံများပါဝင်ပါတယ်။
"ပြည်သူကနေပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတိုင်းဟာ အရပ်သားပြည်သူများကို ရိုသေစွာဆက်ဆံရမှာဖြစ်ပါတယ်။"လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသနဲ့ ကရင်ပြည်နယ်တို့မှာလည်း စစ်ဘေးရှောင်ကလေးငယ်များပညာသင်ကြားရေး၊ နေထိုင်ရေးစတဲ့အရာများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌DSA တွေဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြပါလိမ့်မယ်လို့ ကိုမင်းကိုနိုင်ဆို
DSA တွေဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြပါလိမ့်မယ်လို့ ကိုမင်းကိုနိုင်ဆိုလိုက်ပါတယ်။ ဧပြီ ၄ ရက်နေ့ လူမှုကွန်ရက်ကနေ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ရေးသားပြောကြားခဲ့ပါတယ်။
"ဒီနိုင်ငံသမိုင်းတလျောက်မှာ စစ်တပ်ထိခိုက်အကျအဆုံး အများဆုံးနှစ်ဖြစ်တဲ့အထိ ပြန်တိုက်နိုင်ခဲ့ပြီ။ ”ရှင်လူမုန်း ရှုံးတော့သေ“ စစ်သားတွေ ပြည်သူ့ရင်ခွင်ဆီ စုပြုံတန်းစီဝင်လာတာမျိုး၊ ဘာလို့ပြည်သူတွေမလုပ်နိုင်ရမှာလဲ။ စိတ်ညီလက်ညီလို့ပဲ silent strike လို ကမ္ဘာကျော်သပိတ်နွဲပြခဲ့ပြီးပြီ။ မနေ့ တနေ့ကပဲ ၂ ရက်ထဲနဲ့ ရံပုံငွေ သိန်းကိုးထောင် ရအောင်ညီပြလိုက်ပြန်ပြီ။ မီးလောင်ပြင်မှာတော့ ပန်းမပွင့်ဘူးပေါ့။ ဒါပေမဲ့ ”တောမီးလောင်ပြီးပြီးချင်းပွင့်ရဲတဲ့ Fire LiLiလိုပန်းမျိုး” တကယ်ရှိပါတယ်။
DSA တွေဖျက်ဆီးခဲ့တဲ့တိုင်းပြည်ကို တိုင်းရင်းသား၊ PDF နဲ့ GenZ တွေက ပြန်တည်ဆောက်ပြပါလိမ့်မယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပါတယ်။ လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ထားသူ လူတစ်သောင်းကျော်နီးပါးရှိပြီးတော့ စစ်အာဏာရှင်ဆန့်ရှင်လှုပ်ရှားရေးဆောင်ရွက်သူများနဲ့ အရပ်သား သေဆုံးသူ ထောင်နဲ့ချီ ရှိပြီဖြစ်ပါတယ်။
"ခုဟာက တစ်စုတစ်ဖွဲ့ချင်းကိစ္ စမဟုတ်ပါ။ ပြည်သူတစ်ရပ်လုံးက မြို့တိုင်း လမ်းတိုင်း နယ်တိုင်း ရွာတိုင်းမှာ တိုက်နေကြတာ၊ သေနတ်ကိုင်တာနဲ့ မကိုင်တာပဲကွာပါတယ်။ ဒါလည်း လူတိုင်းသိတဲ့လျှို့ဝှက်ချက်ပဲ။ ဒါမှ ပြည်သူတော်လှန်ရေးမဟုတ်ရင် ဘယ်ဟာကပြည်သူ့တော်လှန်ရေးလဲ။ တဖက်ကလည်း သင်္ကန်းဝတ်တွေကိုပါ လက်နက်တပ်ဆင်ပေးနေတဲ့ပုံတွေ ထုတ်ပြလာတယ်။ ဒါစစ်ဖြစ်နေတယ်ဆိုတာ ဝန်ခံတာပါပဲ။ သူတို့ထဲမှာလည်း တစ်ယောက်ကို တစ်ယောက်မယုံကြည်။ ဒီလိုပဲသူဌေးတွေကအစ အန္တရာယ်ရှိနေတာ လူတိုင်းသိတဲ့လျို့ဝှက်ချက်ပါ။ အရင်အစိုးရလက်ထက်က အလှူကြီးလုပ်ခဲ့ ဘွဲ့တံဆိပ်ရခဲ့သူတွေကို စာရင်းကောက်နေတာ ဒါဘာသဘောလဲ။ သူဌေးတွေကို ဘာအမှာစကားပေးချင်တာလဲ။ ခြိမ်းခြောက်နေတာလား။ ငွေတောင်းနေတာလား။ နှစ်မျိုးလုံးဖြစ်ပါတယ်။ သေချာတာက အလွှာအသီးသီးကို သူတို့ဖဲ့ယူကိုက်စားတော့မှာပါ"လို့ ကိုမင်းကိုနိုင်ကဆိုပါတယ်။
========================
📌📌နွေဦးတော်လှန်ရေးမှာ ရဲဘော်ညီညီအပါအဝင် အစ္စလာန်ဘာသာဝင် ၅၉ ဦးကျဆုံးခဲ့
နွေဦးတော်လှန်ရေးအစကနေ အခုအချိန်အထိ ရဲဘော်ညီညီ (ခ) ကိုမျိုးမင်းထွန်း အပါအဝင် အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၅၉ ဦးကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင်လူမျိုးစု အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ပါတယ်။ မနေ့က ဧပြီ ၃ ရက် မှာ Yangon Federal Army - Y.F.A ၏ တိုက်ခိုက်ရေးနှင့် သင်တန်းရေးရာမှူးဖြစ် သော အသက် ၃၀ အရွယ် ရဲဘော်ညီညီ (ခ) ကိုမျိုးမင်းထွန်း ဟာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မူဆလင်လူမျိုးစု အတိုင်ပင်ခံကောင်စီက မတရားမှုကို အံတုဆန့်ကျင် တော်လှန်ခဲ့တဲ့ ရဲဘော်ညီညီကို ရှဟီဒ် အာဇာနည်အဖြစ်မှတ်တမ်းတင်တယ် လို့ဖော်ပြပါတယ်။ ထို့အပြင် ပြည်သူလူထုအနေနဲ့လည်း ကျဆုံးသွားတဲ့ သူတွေရဲ့ စွန့်လွတ်ပေးဆပ်မှုကို အတုယူပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်ကြဖို့နဲ့ တရားမျှတတဲ့ လူ့ဘောင်ပေါ်ပေါက်လာရေး အတွက် အစွမ်းကုန်ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌Guys From Chin အဖွဲ့က ကျန်ဖိုင်ခရိုင် စစ်ဘေးရှောင်တွေကို ရူပီး ၇ သိန်းလှူဒါန်း
Guys From Chin အဖွဲ့က အွန်လိုင်း ရန်ပုံငွေရှာဖွေရေး ဖျော်ဖြေပွဲပြုလုပ်ပြီး ရရှိတဲ့ အလှူငွေ ရူပီး ၇ သိန်း (မြန်မာငွေ သိန်း ၁၆၀ ကျော်) ကို မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်သာရ်ရွာမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေ အတွက် မနေ့က ဧပြီလ ၃ ရက်နေ့မှာ လှုဒါန်းခဲ့တယ်လို့ Zalen မီဒီယာက ဖော်ပြထားပါတယ်။ အလှူငွေအားလုံးကို ဇိုခေါ်သာရ် ကျေးရွာအုပ်ချုပ်ရေးနဲ့လူမှုရေးအဖွဲ့အစည်းတွေက လက်ခံထားပြီး လိုအပ်တဲ့ စစ်ဘေးရှောင်တွေထံ ပြန်လည်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဇိုခေါ်သာရ်ရွာမှာ ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့နဲ့ ဟိုင်မွှောလ်ကျေးရွာက စစ်ရှောင်တွေ သွားရောက်ခိုလှုံကြပြီး အဆိုပါရွာတွေမှာ စစ်ဘေးရှောင် ၂ ထောင်ကနေ ၃ ထောင်ကြားဟာ ဝက်ခြံ၊ ကြက်ခြံတွေမှာ ခက်ခက်ခဲခဲ နေထိုင်နေကြရတယ်လို့သိရပါတယ်။ Guys From Chin အဖွဲ့က ထောင်ဘွဲ့၊ ဒေးဗစ်လိုင်၊ ဘင်ဂျာမင်ဆုမ်းနဲ့ ယောဂီတို့က သွားရောက်ပေးအပ်ခဲ့ကြတာပါ။ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်ကလည်း မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ကျပီးကျေးရွာက စစ်ဘေးရှောင်တွေ အတွက် ရူပီး ၆ သိန်းကျော်ကို Guys From Chin အဖွဲ့က သွားရောက်ပေးအပ်ခဲ့ကြပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment