5th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး၊ ဒုဝန်ကြီးများနဲ့ မြောင်ပညာရေးကွန်ရက်တို့တွေ့ဆုံ၍ မြေပြင်ပညာရေးဖော်ဆောင်နေမှုတို့ဆွေးနွေး
📌“အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ မြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှုကို ကိုးကားပြောဆို”
📌ရွှေပြည်သာ အထက (၅) စာသင်ကျောင်းအနီးရှိ စကစတပ်များဂိတ်စခန်းတစ်ခုကို မြို့ပြပြောက်ကျားများမိုင်းခွဲရာ စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရ
📌ကရင်ပြည်နယ် မြဝတီအမတ် ကိုသန့်ဇင်အောင် ရွှေဆိုင်နဲ့ မိဘနေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရ
📌Yangon Revolution Force ၏ မြေပေါ်မြေအောက် လှုပ်ရှားမှုများ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ “သံမဏိနှင်းဆီ” ပန်းချီကားအား လေလံတင်
📌ရေစကြိုမြို့နယ် ကျွဲကုန်းရွာတွင် တပ်စွဲထားတဲ့ စကစတပ်များ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက ရွှေထည်နဲ့ ငွေကြေး ၁၄ သိန်းဖိုး လုယူသွား
📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ အကြမ်းဖက် စစ်တပ်ကို အမြစ်ပြုတ်တိုက်ခိုက်မယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး၊ ဒုဝန်ကြီးများနဲ့ မြောင်ပညာရေးကွန်ရက်တို့တွေ့ဆုံ၍ မြေပြင်ပညာရေးဖော်ဆောင်နေမှုတို့ဆွေးနွေး

ဧပြီ ၅ ရက်နေ့တွင် မြောင်နယ်ပညာရေး ကွန်ရက်မှ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့နဲ့ မြောင်ပညာရေးကွန်ရက်တို့တွေ့ဆုံ၍ မြေပြင်ပညာရေးဖော်ဆောင်နေမှုတို့ကို ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

ဧပြီ ၄ ရက်နေ့က ဆွေးနွေးရာ နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီခွဲ အထိ ၃ နာရီခွဲ ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးချက်များအရ များမကြာမီကာလတွင် မြောင်မြို့နယ်အတွင် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မြောင်ပညာရေးကွန်ရက် @Myaung Education Network ၊ မြောင်ဘုတ်အဖွဲ့ နှင့် PEC တို့နှင့်အတူ မြေပြင်ပညာရေးဖော်ဆောင်နေသည့် အခရာများနှင့်အတူ ပူးပေါင်းသည့် ကော်မတီတစ်ရပ်ဖြင့် စတင်တော့မည်ဖြစ်တယ်လို့သိရပါတယ်။

========================

📌📌“အိမ်ဖြူတော် သတင်းစာရှင်းပွဲမှာ မြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှုကို ကိုးကားပြောဆို”

ယူကရိန်းနိုင်ငံ Bucha ဘူချာမြို့မှာ ဆုတ်ခွာသွားတဲ့ ရုရှားတပ်ဖွဲ့တွေက သတ်ဖြတ်ပြီး အစုအပြုံလိုက်ထားခဲ့တဲ့ မြို့သား ၃ဝဝ နီးပါးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတဲ့ သတင်းဟာ ဒီကနေ့ ကမ္ဘာ့ ထိတ်တန်းသတင်းဖြစ်နေပါတယ်။ အလောင်းတွေကို အစုလိုက်အပြုံလိုက်တွေ့ရပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ရုရှားတပ်တွေဟာ ယူကရိန်းမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲ ဆင်နွှဲခဲ့တယ်လို့ စွပ်စွဲပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဒါဟာ Genocide ဂျီနိုဆိုဒ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် အမေရိကန် သမ္မတ ဘိုင်ဒင်ကတော့ အဲဒီမြို့မှာဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူး၊ war crime စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပဲ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
မနေ့က နေ့လည်ပိုင်းပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ အခုလို့ ဘူချာမြို့မှာ ရုရှားတပ်ဖွဲ့တွေက မြို့သားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အမေရိကန်အစိုးရအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ အိမ်ဖြူတော်အရာရှိက ဒီကနေ့အထိတော့ ယူကရိန်းမှာ ဖြစ်ခဲ့တာတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မသတ်မှတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီစကားလုံးကို သတ်မှတ်သုံးစွဲဖို့အတွက် အချက်အလက်တွေ အများကြီး လေ့လာစုဆောင်းပြီးမှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ စစ်တပ်က ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် ခြေမှုန်းသတ်ဖြတ်ခဲ့တာတွေကိုလည်း ကာလတခုအထိ သက်သေအချက်အလက်တွေကို အဖက်ဖက်က ထောင့်စုံအောင် စုဆောင်းပြီးမှ ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ မိမိတို့အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်လို့ တကြိမ်မက ဥပမာပြ ပြောဆိုသွားပါတယ်။ ၂ဝ၁၇ ခုနှစ်ကရခိုင်ပြည်နယ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့စတဲ့ လုပ်ရပ်တွေပြုလုပ်ခဲ့တာဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်ဆိုတဲ့ အပြင်းထန်ဆုံး စကားလုံးကို အမေရိကန်ပြည်ထောင်စုက ၅ နှစ်အကြာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကမှ သတ်မှတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။

========================

📌📌ရွှေပြည်သာ အထက (၅) စာသင်ကျောင်းအနီးရှိ စကစတပ်များဂိတ်စခန်းတစ်ခုကို မြို့ပြပြောက်ကျားများမိုင်းခွဲရာ စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရ

ဧပြီ ၅ ရက် မနက် ၇ နာရီ ၄၀ အချိန်က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ် (၉) ရပ်ကွက်၊ အထက (၅) စာသင်ကျောင်းအနီးရှိ စစ်ခွေး/ရဲခွေး ​ ပူပေါင်း လုံခြုံရေးဂိတ်တခုအား မြို့ပြပြောက်ကျားများ မိုင်းခွဲရာ စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ SHWEPYITHER DEFENCE FORCE ကဆိုပါတယ်။

"တိုက်ခိုက်မှုတွင် SHWEPYITHER DEFENCE FORCE ၏ညီနောင်မဟာမိတ်ဖြစ်သော YUGA(MO-7 Eagle) မှ ရဲဘော်များက မိုင်း(၄)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရန် စီစဉ်ခဲ့ရာအကြောင်းကြောင်းကြောင့်မိုင်း(၁)လုံးသာထားရှိခွင့်ရခဲ့ပါတယ်။ ယင်းမိုင်းအား ဖောက်ခွဲခဲ့ရာ ရဲတစ်ဦးစစ်သားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက် မှုမှာရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စာမေးပွဲရက်ဖြစ်သဖြင့် ကျောင်းသား/မိဘများ အထိအခိုက်မရှိစေရန် စစ်ရေးပစ်မှတ်ကိုသာ အထူးသတိထားဆောင်ရွက်ခဲ့ပါတယ်လို့ဆိုပါတယ်။

========================

📌📌ကရင်ပြည်နယ် မြဝတီအမတ် ကိုသန့်ဇင်အောင် ရွှေဆိုင်နဲ့ မိဘနေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရ

ဧပြီ ၄ ရက်နေ့မှာ ကရင်ပြည်နယ် မြဝတီအမတ် ကိုသန့်ဇင်အောင် ရွှေဆိုင်နဲ့ မိဘနေအိမ်ကို စကစတပ်များက လာရောက်သိမ်းဆည်းချိတ်ပိတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ "ရွှေဆိုင်နဲ့ မိဘတွေရဲ့ နေအိမ်ကိုပါ ချိတ်ပိတ်သွားပါတယ်။အိမ်မှာထားတဲ့ ရွှေဆိုင်က အပေါင်ပစ္စည်းတွေကိုပါ အတင်းအဓမ္မ သိမ်းဆည်းသွားပါတယ်။ ထောင်သွင်းအကျဉ်းချခံနေရတဲ့သူတွေ၊ အသက်ကိုပါ ပေးဆပ်လိုက်ရတဲ့သူတွေထက်စာရင် ကျနော်က အများကြီး ကံကောင်းနေပါသေးတယ်။ချွေးနည်းစာစစ‌်စစ်နဲ့ ရှာဖွေထားတဲ့ ပစ္စည်းတွေအပါအဝင် ( ၇ )ရက်သားသမီးများရဲ့ အပေါင်ပစ္စည်းတွေပါဝင်နေတာကြောင့် စားထိုက်ရင်တော့ စားကြပါဗျာ"လို့ဆိုထားပါတယ်။

AAPP မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၄၇) ခုထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

========================

📌📌Yangon Revolution Force ၏ မြေပေါ်မြေအောက် လှုပ်ရှားမှုများ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ “သံမဏိနှင်းဆီ” ပန်းချီကားအား လေလံတင်

ဧပြီ ၅ ရက်နေ့မှာ Yangon Revolution Force ၏ မြေပေါ်မြေအောက်လှုပ်ရှားမှုများ လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ “သံမဏိနှင်းဆီ” ပန်းချီကားအား လေလံတင်ရောင်းချမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ "YRF အနေနှင့် မြေပေါ်မြေအောက် လှုပ်ရှားမှုများကို လုပ်ကိုင်ဆောင်ရွက်ရန် အကူညီ လိုအပ်နေပါဖြင့် အဖွဲ့ကို လှူဒါန်းထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားချပ်ကို လေလံတင်ရောင်းချလိုပါတယ်"လို့ဆိုပါတယ်။

ပန်းချီကားကို Artist Nova မှ ရေးဆွဲထားပြီး “သံမဏိ နှင်းဆီ” လို့ အမည်ပေးထားကာပန်းချီကားမှာ ၃၀ လက်မ x ၄၃ လက်မ အရွယ်အစားရှိပါတယ်။ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ပြည်ပမှ Bank Account များဖြင့်သာ ငွေလက်ခံပေးနိုင်မှာဖြစ်ပြီး လေလံအောင်သူရှိရာ ပြည်ပနိုင်ငံများသို့လဲ ရောက်အောင်ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ လေလံကို Aprilလ ၈ ရက်နေ့ ညနေ (၆)နာရီတွင် ပိတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

========================

📌📌ရေစကြိုမြို့နယ် ကျွဲကုန်းရွာတွင် တပ်စွဲထားတဲ့ စကစတပ်များ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက ရွှေထည်နဲ့ ငွေကြေး ၁၄ သိန်းဖိုး လုယူသွား

ဧပြီ ၄ ရက်နေ့က မကွေးတိုင်း ရေစကြိုမြို့နယ် ကျွဲကုန်းရွာတွင် တပ်စွဲထားတဲ့ စကစတပ်များ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက ရွှေထည်နဲ့ ငွေကြေး ၁၄ သိန်းဖိုး လုယူသွားတယ်လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။ "မနေ့ညက ဘုန်းတော်ပြည့် ကျွဲကုန်းရွာတွင် တပ်စွဲထားသော စကစတပ်များဟာကျေး နေအိမ်များကို ဖျက်ဆီး​​နေထိုင်စားသောက်ကာ ညအိပ်သွားပါတယ်။ စစ်ဘေးရှောင် ပြည်သူ အမျိုးသမီး တစ်ဦးထံမှ ရွှေထည် နှင့် ငွေကြေးများ လုယူ ဓါးပြတိုက်သွားပီး ကာလတန်းဖိုးမှာ ဆယ့်လေးသိန်းခန့် ပါသွားကြောင်း သိရှိရပါတယ်"လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်ကို စကစတပ်များဟာ စစ်ကြောင်းသုံးကြောင်းခွဲရောက်ရှိနေပြီးတော့ ရွာများကိုမီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်လျက်ရှိပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ အကြမ်းဖက် စစ်တပ်ကို အမြစ်ပြုတ်တိုက်ခိုက်မယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ထုတ်ပြန်

ဧပြီ ၅ ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူ အကြမ်းဖက် စစ်တပ်ကို အမြစ်ပြုတ်တိုက်ခိုက်မယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ထုတ်ပြန်လိုက်ပါတယ်။ "တော်လှန်ရေးစတင်ခဲ့တဲ့အချိန်မှစတင်ပြီး ယနေ့အချိန်အထိမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၏ တူမီးမှစပြီးလက်လုပ်များနှင့်အော်တိုအဆင့်အထိ အကြမ်းဖက်စစ်တပ်အား အမြစ်ဖြုတ်နေသည့်ကာလတစ်လျှောက်လုံးတွင် ဝိုင်းဝန်းထောက်ပို့ကူညီပေးကြသည့် ပြည်တွင်းပြည်ပမှ ထောက်ပို့တပ်သားများအား CDSOMအဖွဲ့သားများအားလုံးမှ အထူးကျေးဇူးတင်ရှိကြောင်းလေးစားစွာပြောကြားလိုက်ပါတယ်။ကျွနု်ပ်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် NUG နှင့်အတူအကြမ်းဖက်စစ်တပ်အမြစ်ပြုတ်တိုက်ထုတ်ပြီး စစ်မှန်ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကြီးပေါ်ထွန်းလာသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ လက်နက်များကို လိုအပ်ချက်နဲ့နေရာဒေသအလိုက် ချပေးရန် စီစဥ်နေကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution📌📌
Share:

No comments:

Post a Comment