၂၀၂၂ ဧပြီလ ၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ရဲစွမ်းသတ္တိရွှေတံဆိပ်ဆု ရရှိပြီးတစ်လတောင်မခြားဘဲ KWO ကချီးမြှင့်တဲ့ Excellent Service Award ဆုကို ဝန်ကြီးနော်စူဆန်နာလှလှစိုး ထပ်မံရရှိ
📌လူထုဆန္ဒကို အလေးမထားဘဲ စစ်ကောင်စီနဲ့ ဆွေမျိုးပေါက်ဖော်လုပ်နေသ၍ကတော့ မြန်မာပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တရုတ်နိုင်ငံအနေနဲ့ တည်ဆောက်ဖို့ ခက်မယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်က ပြောဆိုလိုက်ပါတယ်
📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုထားမှု ဆက်လက်စစ်ဆေး
📌လက်နက်ကြီးနဲ့မိုင်းများ အန္တရာယ်ကင်းစွာ ထုတ်လုပ်အောင်မြင်နေတယ်လို့ MGF ဆို
📌သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုပဲ "တော်လှန်သင်္ကြန်" အဖြစ် သတ်မှတ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် သတိပေးထုတ်ပြန်
📌ဧပြီလအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများ ကိုမင်းကိုနိုင်ရဲ့အမှတ်တရလက်ဆောင် ပန်းချီပို့စကဒ်ပါထည့်ပေးမယ်
📌ရက္ခိုင့်တပ်တော်နေ့ ကျင်းပပြီးသည့်နောက်ပိုင်းမှသာ NUG နှင့် တွေ့ဆုံရေး ဆုံးဖြတ်မယ်လို့ ULA / AA ကပြောပါတယ်
📌ကော့ကရိတ်-မြဝတီလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီရဲ့နယ်မြေစိုးမိုးရေးကြိုးပမ်းနေမှုကို KNLA က ထိုင်ကြည့်နေမှာမဟုတ်ကြောင်း KNU ကပြောဆိုလိုက်ပါတယ်
📌စစ်တပ်မှာ ပါဝင်နေတဲ့ စစ်မှုထမ်းတွေ၊ ရဲအမှုထမ်းတွေအားလုံး PDF တွေထံ အမြန်ပူးပေါင်းဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ဖိတ်ခေါ် ပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထားတဲ့ နယ်မြေဒေသတွေရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရဲစွမ်းသတ္တိရွှေတံဆိပ်ဆု ရရှိပြီးတစ်လတောင်မခြားဘဲ KWO ကချီးမြှင့်တဲ့ Excellent Service Award ဆုကို ဝန်ကြီးနော်စူဆန်နာလှလှစိုး ထပ်မံရရှိ
ရဲစွမ်းသတ္တိရွှေတံဆိပ်ဆု ရရှိပြီးတစ်လတောင်မခြားဘဲ KWO ကချီးမြှင့်တဲ့ Excellent Service Award ဆုကို ဝန်ကြီးနော်စူဆန်နာလှလှစိုး ထပ်မံရရှိခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ ၃၇ နှစ်မြောက် ကရင်အမျိုးသမီးများအစည်းအရုံး (Karen Women Organization - KWO)က Excellent Service Award ဆုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
" Karen Women's Organization - KWO ကရင်အမျိုးသမီးအစည်းအရုံးမှ ပေးအပ်သော ဤနိုင်ငံရေးနှင့် ကရင်ပြည်သူလူထုတိုးတက်ရေးထမ်းဆောင်မှုဆုကို ရရှိသည့်အတွက် ဂုဏ်ယူမိပါတယ်။ ၃၇ နှစ်မြောက်နှစ်ပတ်လည်နေ့ကျရောက်သော KWO နှင့် ဆုရရှိသူအားလုံးကို ဂုဏ်ယူပါတယ်" လို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး ကပြောပါတယ်။ Free Burma Ranger အဖွဲ့က လည်းမတ်လကရဲစွမ်းသတ္တိရွှေတံဆိပ် (FBR Gold Medal) ကို ပူပူနွေးနွေးပဲ ဝန်ကြီးထံပေးအပ်ထားတာဖြစ်ပါတယ်။
========================
📌📌လူထုဆန္ဒကို အလေးမထားဘဲ စစ်ကောင်စီနဲ့ ဆွေမျိုးပေါက်ဖော်လုပ်နေသ၍ကတော့ မြန်မာပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တရုတ်နိုင်ငံအနေနဲ့ တည်ဆောက်ဖို့ ခက်မယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်က ပြောဆိုလိုက်ပါတယ်
မြန်မာလူထုဆန္ဒ ကို အလေးမထားဘဲ စစ်ကောင်စီ နဲ့ ဆွေမျိုးပေါက်ဖော်လုပ်နေသ၍ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ ခက် မယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်က ပြောဆိုလိုက်ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒုဝန်ကြီး အိသဉ္ဇာမောင်ကလူမှုကွန်ရက်နေရေးသားပြောကြားလိုက်တာပါ။
"ကျမတို့ဟာ အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ပတ်သက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ လူထုဆန္ဒ ကို အလေးမထားဘဲ စစ်ကောင်စီ နဲ့ ဆွေမျိုးပေါက်ဖော်လုပ်နေသ၍ကတော့ မြန်မာပြည်သူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ပါမယ်။ လူထုကိုဆန့်ကျင်ရင် လူထုကလည်းပြန်ဆန့်ကျင်လိမ့်မယ်။ ဒီနွေဦးတော်လှန်ရေး အခန်းဆက် ကာလမှာ တရုတ်အစိုးရရဲ့ရပ်တည်မှု ပုံစံတွေဟာ တကယ့် အိမ်နီးချင်းကောင်းတဦးရဲ့ အပြုအမူ မဟုတ်ခဲ့ရင်တော့ မြန်မာပြည်သူတယောက်ခြင်းစီရဲ့ ရင်ထဲမှာ သေသည့်အထိ ကျန်ရစ်နေမှာဖြစ်တဲ့အပြင် ဒီမိုကရေစီမျိုးဆက်သစ်တိုင်းကိုလည်း လက်ဆင့်ကမ်းသွားမယ့် အကြောင်းအရာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
တရုတ်အစိုးရဟာ စကစကခန့်တရားမဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပြီးတော့ မိတ်ဘက်အဖြစ် ဆက်ဆံခဲ့ပါတယ်။
"မြန်မာပြည်သူ၊ ပြည်သားတွေနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို အမှန်တကယ် ရေးရှုတယ်ဆိုရင် တရုတ်အစိုးအရအနေနဲ့ ပြတ်ပြတ်သားသားလုပ်ဆောင်နိုင်တာတွေကို မြန်မာပြည်သူ၊ ပြည်သားတိုင်း သိနေပါတယ်။ ဒီလို လုပ်ရပ်တွေကိုလည်း လူထု က “သတိ” နဲ့ စောင့်ကြည့်နေပါတယ်"လို့ ဒုဝန်ကြီးကထပ်မံဆိုပါတယ်။
========================
📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုထားမှု ဆက်လက်စစ်ဆေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုထားမှု ဆက်လက်စစ်ဆေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၅ ရက်နေ့ ဇမ္ဗူသီရိ အထူးတရားရုံးမှာ အမှုကို ဆက်လက်ကြားနာတယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
"အမှုကိုတရားလိုဖြစ်တဲ့ ဦးအောင်ခကထွက်ဆိုခဲ့တယ်။ ဧပြီ ၁၉ ရက်နေ့ကို ရုံးချိန်းထပ်ချိန်းတယ်"လို့ တရားရုံးအသိုင်းအဝိုင်းကဆိုပါတယ်။ အဆိုပါအမှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုပါ ရဟတ်ယာဉ် ငှားရမ်းဝယ်ယူမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရုံးချိန်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရတယ်လို့သိရပါတယ်။
========================
📌📌လက်နက်ကြီးနဲ့မိုင်းများ အန္တရာယ်ကင်းစွာ ထုတ်လုပ်အောင်မြင်နေတယ်လို့ MGF ဆို
လက်နက်ကြီးနဲ့မိုင်းများ အန္တရာယ်ကင်းစွာ ထုတ်လုပ်အောင်မြင်နေတယ်လို့ MGF ဆိုလိုက်ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ လက်နက်ကြီးများနဲ့မိုင်းများထုတ်လုပ်မှု အောင်မြင်နေတယ်လို့ MYINGYAN GUERRILLA FORCE (MGF) ကဆိုပါတယ်။
"MYINGYAN GUERRILLA FORCE (MGF) နှင့် ချင်းတွင်းမှ မဟာမိတ်ညီနောင်များ ပူးပေါင်း၍ တော်လှန်ရေးပစ္စည်းများ- M40များ၊ မိုင်းများ၊ R ကြီးနှင့် အခွံထိုးများ အန္တရာယ်ကင်းစွာ ထုတ်လုပ်အောင်မြင်ပါကြောင်းနှင့် ဆက်လက်ထုတ်လုပ်နေပါကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များကို တိုက်ခိုက်ရန် တတောင့်ထိုး ရိုင်ဖယ်သေနတ်များ၊ တူမီးသေနတ်များ၊ ၆၀မမများကို ကာကွယ်ရေးတပ်များကတီထွင်ထုတ်လုပ်လျက်ရှိနေပါတယ်။
"လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် MGF ကို ယုံကြည်စွာ ထောက်ပံ့လှူဒါန်းပေးပါသော အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကုန်ကြမ်းပစ္စည်းများကို ကုန်းလမ်းရေလမ်းဖြင့် ခက်ခက်ခဲခဲဝယ်ယူသယ်ဆောင်ပေးပါသော MGF ခေါင်းဆောင်အားလည်း MGF အဖွဲ့ဝင်များအားလုံးက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြထားပါတယ်။
========================
📌📌သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုပဲ "တော်လှန်သင်္ကြန်" အဖြစ် သတ်မှတ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် သတိပေးထုတ်ပြန်
သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုပဲ "တော်လှန်သင်္ကြန်"အဖြစ် သတ်မှတ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ် သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၅ ရက်နေ့မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တနင်္သာရီမြို့နယ်ကကြေညာခဲ့တာပါ။
"တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့ညမပြတ် ဆောင်ရွက်နေကြသည့်ကာလဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုပဲ "တော်လှန်သင်္ကြန်"အဖြစ် သတ်မှတ်ကြရန်၊ သင်္ကြန်မဏ္ဍပ်များအနီးသို့ လုံးဝ(လုံးဝ)သွားရောက်ခြင်း မပြုကြရန်အသိပေးအပ်ပါတယ်"လို့ဖော်ပြထားပါတယ်။
ဒါ့အပြင်တော်လှန်ရေးကာလအတွင်း ထိခိုက်ကျဆုံးခဲ့ရသောပြည်သူများ၊တော်လှန်ရေးအတွက် အဖက်ဖက်မှ စွန့်စားဆောင်ရွက်နေရသော တော်လှန်ရေးအင်အားစုများ နှင့် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် စစ်ဘေးရှောင်နေကြရသော ပြည်သူများ၏ အခက်အခဲများကို စာနာထောက်ထားသောအားဖြင့် ပြည်သူများအားလုံးမှ "တော်လှန်သင်္ကြန်"အဖြစ် သတ်မှတ်လိုက်နာပေးကြပါရန် အသိပေးပန်ကြားအပ်ပါတယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။
တနင်္သာရီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ မတရားနှိပ်စက်မှုများကြောင့် တစ်နှစ်တာကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် များစွာအခက်အခဲဖြစ်ပေါ်နေလျှက်ရှိပါတယ်။
========================
📌📌ဧပြီလအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများ ကိုမင်းကိုနိုင်ရဲ့အမှတ်တရလက်ဆောင် ပန်းချီပို့စကဒ်ပါထည့်ပေးမယ်
ဧပြီလအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများ ကိုမင်းကိုနိုင်ရဲ့အမှတ်တရလက်ဆောင် ပန်းချီပို့စကဒ်ပါထည့်ပေးမယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁ ရက်နေ့ကနေ ၃၀ ရက်အထိ ဖောင်ဘီ အချိန်မီဖြည့်သူများကို ငွေတိုက်စာချုပ် ပေးပို့ချိန်မှာ လက်ဆောင်ပါထည့်ပေးသွားမှာလို့သိရပါတယ်။
ဂျပန်ပြည်မှာ တော်လှန်ရေး ရန်ပုံငွေ သင်္ကြန်ပွဲတော်လည်းရှိမှာဖြစ်ပြီးတော့ သင်္ကြန်ပွဲမှာဝယ်ယူသူတွေအတွက် မြန်ရင် ၂၄ နာရီ ကြာရင် ၃ ရက်အတွင်းငွေတိုက် စာချုပ်ရရှိမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကရောင်းချတဲ့ အမေရိကန်ဒေါ်လာတစ်ရာတန်မှ ငါးထောင်တန် ငွေတိုက်စာချုပ်ပေါင်း လက်ရှိမှာ ခုနစ်သောင်းကျော် ရောင်းချရပြီးဖြစ်ပါတယ်။
========================
📌📌ရက္ခိုင့်တပ်တော်နေ့ ကျင်းပပြီးသည့်နောက်ပိုင်းမှသာ NUG နှင့် တွေ့ဆုံရေး ဆုံးဖြတ်မယ်လို့ ULA / AA ကပြောပါတယ်
အမျိုးသားညီညွှတ်ရေး အစိုးရ NUG က အလွတ်သဘောတွေ့ဆုံရန် ကမ်းလှမ်းထားချက်နဲ့ပက်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းမှုကို အေပရယ်လ ၅ ရက်နေ့မှာကျင်းပတဲ့ ULA/AA သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက တပ်တော်နေ့ နောက်ပိုင်းမှသာ ဆွေးနွေးဆုံးဖြတ်ဖို့ရှိပါတယ်” လို့ပြန်လည် ဖြေကြားခဲ့ပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ "NUG က ကျွန်တော်တို့ဆီကို စာပို့ထားတာတော့မှန်ပါတယ်။ အခုကတော့ ကျွန်တော်တို့ ရက္ခိုင်တပ်တော်နေ့ ကိစ္စတွေနဲ့ အလုပ်များနေကြတဲ့အတွက် ဒီကိစ္စကို ကျွန်တော်တို့ တပ်တော်နေ့ နောက်ပိုင်းမှသာလျှင် ULA/AA ဗဟိုကော်တီမှာ ဆွေးနွေးဆုံးဖြတ်သွားဖို့ရှိပါတယ်" လို့ သူက ပြောဆိုလိုက်တာပါ။ ရက္ခိုင်တပ်တော် အနေဖြင့် NUG ၏ ကမ်းလှမ်းမှုကို အပြုသဘောဖြင့် ကြိုဆိုပြီး တဖက်တွင်လည်း စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် ကြိုးစားနေကြသည့် မျိုးဆက်သစ် လူငယ်တွေကိုလည်း ချီးကျူးအသိမှတ်ပြုတယ်လို့ ပြောဆိုပါတယ်။
မကြာခင်ကျရောက်လာတော့မယ့် ဧပြီလ ၁၀ ရက်နေ့မှာ ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ရခိုင်ပြည်နယ်အချို့နှင့် ပြည်တွင်း ပြည်ပ နေရာများတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ခိုင်သုခက ထပ်မံအသိပေးပြောဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/AA မှ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတို့အား လုပ်ဆောင်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှ နှောင့်ယှက်လာမှု ရှိလာရင် စစ်ရေးအရ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်ကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထည်သွင်းပြောကြားခဲ့ကြောင်းပါ
========================
📌📌ကော့ကရိတ်-မြဝတီလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီရဲ့နယ်မြေစိုးမိုးရေးကြိုးပမ်းနေမှုကို KNLA က ထိုင်ကြည့်နေမှာမဟုတ်ကြောင်း KNU ကပြောဆိုလိုက်ပါတယ်
ကော့ကရိတ်-မြ၀တီအာရှလမ်းမနဲ မြ၀တီ-ဝေါ်လေလမ်းပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အာရှလမ်းပိုင်းမှာသွားလာနေတဲ့ ယာဉ်တချို့ ပစ်ခတ်ခံခဲ့ရတာကြောင့် လူသေဆုံးမှုရှိတွေရှိခဲ့ပါတယ်။ ခုလိုထိခိုက်သေဆုံးမှုတွေ ဖြစ်ပြီးနောက်မှာ ပြည်သူတွေဟာ KNU ရဲ့သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာပြီး တော်လှန်ရေးကိုပူးပေါင်းပါဝင်သင့်တဲ့အကြောင့် KNU မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ "ကျနော်တခုပြောရမှာကတော့ စစ်ရေးဆိုင်ရာလုပ်ဆောင်တဲ့အခါမှာ ကျနော်တို့အဲ့လို မြွေမသေတုတ်မကျိုးနဲ့ ကျနော်တို့ ဘယ်လိုမှအလုပ်လုပ်လို့မရဘူးလေ။ စစ်ရေးနဲ့ပတ်သက်တဲ့လုပ်ဆောင်မှုတွေကတော့ စစ်ရေးနဲ့တူအောင်တန်အောင်တော့ လုပ်ရမှာပဲလေ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ပြောချင်တာက ဒီအချိန်အခါမှာ ကျနော်တို့နဲ့ပူးပေါင်းပါဝင်ပါ။ တတ်နိုင်သမျှ စစ်ကောင်စီနဲ့မဖြတ်နိုင်သေးပေမယ့် ဒီအချိန်ဒီကာလမှာတော့ အတတ်နိုင်ဆုံးဖြတ်ကြပါ။ မဟုတ်ရင်တော့ အဲ့ဒီမှာရောရောနှောနှောပါသွားနိုင်တယ်ဆိုတာ ဒါကတော့ စစ်ရေးအစဉ်အလာလုပ်ဆောင်တဲ့အခါမှာ ဒါတွေကမလွဲမသွေဖြစ်လာမှာပဲ"လို့ ပဒိုစောတောနီးက ဆိုပါတယ်။ ကော့ကရိတ်မှာ စစ်ကောင်စီနှင့် တော်လျန်ရေးတပ်များ တိုက်ပွဲစတင်ခဲ့တဲ့အချိန်ကစပြီး အဆိုပါကော့ကရိတ်မြဝတီလမ်းကြောင်းကို အဓိကအားထားပြီး စစ်ကောင်စီဘက်က လူအင်အားစစ်လက်နက်အင်အားများ သယ်ယူပို့ဆောင်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို စစ်ရေးလှုပ်ရှားမှုတွေကို ကြိုတင်ဟန့်တားနိုင်ဖို့အတွက် ပြည်သူလူထုတွေအနေနဲ့ သွားလာတာတွေယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က ပြီးခဲ့တဲ့မတ်လ ၂၆ ရက်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ တပ်အင်အားတွေအားလုံးထုတ်သုံးပြီး နယ်မြေစိုးမိုးရေးကို ရအောင်လုပ်ဆောင်သွားမှာဖြစ်ကာ ဒီလိုလုပ်ဆောင်လာတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ ဒီအတိုင်ထိုင်ကြည့်လို့မရပဲ လုပ်စရာရှိတာဆက်လုပ်သွားမှာလို့ ပဒိုစောတောနီးက ဆိုပါတယ်။
"ဒီတပ်တွေတိုးလာဖို့ဆိုတာ ဘယ်လမ်းကနေလာမလဲ။ ဒီအာရှလမ်းကပဲ ဝင်လာမယ်။ တခြားလမ်းမရှိဘူးလေ။ ဆိုတော့ ကျနော်တို့ အဲ့ဒါပိတ်ထားတယ်ဆိုတာ အလဟသလျှောက်ပြီးတော့ အခြေမရှိအမြစ်မရှိလျှောက်ပြီးတော့ လုပ်နေတာတော့မဟုတ်ဘူး။ တကယ်လုပ်နေပါတယ်။ ကျနော်တို့ရင်ဆိုင်နေရတဲ့ ရန်သူတွေက ဒီလမ်းကိုအသုံးပြုနေတယ်ဆိုတာ တကမ္ဘာလုံးသိနေတဲ့အပေါ်မှာ ကျနော်တို့က မရှိမဖြစ်လုပ်နေတဲ့ကိစ္စပဲဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ယာယီရပ်ဆိုင်းထားတဲ့အခါမှာတော့ လူထုအနေနဲ့ အဲ့ဒါနားလည်ပေးဖို့ဆိုတာ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပြီးသားပါ။ ပြည်သူလူထုအနေနဲ့ ရှောင်စရာရှိတာရှောင် သွားသင့်တာသွား။ အဲ့ဒီအပေါ်မှာတော့ သတိဝိရိယနဲ့သွားဖို့လိုတယ်" လို့ ပဒိုစောတောနီးက ပြောပါတယ်။ တပ်မဟာ ၆ နယ်မြေအတွင်းကိုကျူးကျော်နေရာယူထားတဲ့ စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာပေးဖို့၊ KNU / KNLA ဘက်က ကြိုတင်သတိပေးထားခဲ့ပြီး အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေလမ်းကိုလည်း ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေ ယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူက စာထုတ်ပြန်ခဲ့ပေမယ့် လေးကေကော် ဖလူး သေ့ဘောဘိုး ဝေါ်လေ စုကလိ ကော့ကရိတ် တောင်ကြာအင်း ကြာအင်းဆိပ်ကြီး စတဲ့ နေရာတော်တော်များများမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။
========================
📌📌စစ်တပ်မှာ ပါဝင်နေတဲ့ စစ်မှုထမ်းတွေ၊ ရဲအမှုထမ်းတွေအားလုံး PDF တွေထံ အမြန်ပူးပေါင်းဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ဖိတ်ခေါ် ပြောကြား
စစ်တပ်မှာ ပါဝင်နေတဲ့ စစ်မှုထမ်းတွေ၊ ရဲအမှုထမ်းတွေအားလုံး PDF တွေထံ အမြန်ပူးပေါင်းဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ဖိတ်ခေါ် ပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဧပြီလ ၅ ရက် မနက် ၁၀ နာရီမှာကျင်းပရာမှာ ယာယီသမ္မတ ဒူဝါလရှီးလ ကဆိုလိုက်တာပါ။
"ဒီတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ နိုင်ငံတဝှမ်းလုံးရှိ ပြည်သူပြည်သား၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ ပါတီစုံမှ လူငယ်လူရွယ်များ၊ ကျောင်းသား၊ အမျိုးသား၊ အမျိုးသမီး၊ တိုင်းရင်းသားလက်နက်ကိုင် အား လုံးကို တရားမျှတသော ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် တည်ထောင်ဖို့ ဦးဆောင်နေတာဖြစ်တဲ့အတွက် မွန်မြတ်တယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရတာဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်တယ်။ တော်လှန် ရေး အ ရှိန်အဟုန်မြင့်လာတဲ့ အချိန်မှာအကြောင်းအမျိုးမျိုးကြောင့် ပြည်သူကို နှိပ်စက်ညှင်းပန်းနေတဲ့ စစ်တပ်မှာ ပါဝင်နေတဲ့ စစ်မှုထမ်းတွေ၊ ရဲအမှုထမ်းတွေအားလုံး အမှန်တရားကိုသိရှိပြီး ဖြစ်တဲ့အားလျော်စွာ နိုင်ငံတည်ဆောက်ရေးအတွက် PDFတွေထံအမြန်ပူးပေါင်းဖို့ ထပ်မံဖိတ်ခေါ်လိုတယ်"လို့ဆိုပါတယ်။လက်ရှိမှာလည်း ပြည်သူ့ရင်ခွင်ကနေ ကြုိဆိုလျက်ရှိပြီး အလင်းဝင်လာတဲ့စကစတပ်များကို လက်ခံပေးလျက်ရှိပါတယ်။
စကစတပ်များဟာ နေ့စဥ်တပ်တွင်းကနေ ပြေးထွက်လာပြီးတော့ လက်နက်အပါ ခိုလှုံပါက ပြည်သူ့ကာကွယ်ရေးတပ်များက ငွေကျပ် သိန်းသုံးဆယ်ကနေ သိန်းငါးဆယ်အထိ ဆုကြေးပေးအပ်လျက်ရှိပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထားတဲ့ နယ်မြေဒေသတွေရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စိုးမိုးထားတဲ့ နယ်မြေဒေသတွေရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် အသိပေးပြောကြားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး ဧပြီ ၅ ရက် မနက် ၁၀ နာရီမှာ ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုလိုက်တာပါ။
"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နယ်မြေစိုးမိုးထားနိုင်တဲ့ဒေသတွေ အတွက် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေမှာလည်း တဖြေးဖြေးနဲ့ မြေပြင်နဲ့ပိုမိုအချိတ်အဆက်တွေရရှိလာပြီး ဝန်ကြီးဌာနအ ချင်း ချင်းလည်း ပူးပေါင်းဆောင်ရွက်နိုင်မှုတွေ တိုးတက်လာတာတွေ့ရလို့ အားရကျေနပ်မိတယ်။ တဘက်ကလည်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ကဏ္ဍအလိုက်တွေ့ဆုံဆွေးနွေးပြီး အတူပူးပေါင်းဆောင်ရွက် ကြမယ့်ကိစ္စတွေ၊ ကူညီပံ့ပိုးနိုင်မယ့်ကိစ္စတွေ တိုင် ပင်ဆွေးနွေးခြင်းကို အားစိုက်ပြီး စီမံဆောင်ရွက်နေတယ်"လို့ဆိုခဲ့ပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်နဲ့ကရင်နီဒေသ စတဲ့နယ်မြေတွေမှာ နယ်မြေစိုးမိုးရေးကို အသည်းအသန်ကြိုးစားနေရပါတယ်။
"အဘက်ဘက် ကဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစပေါ်ကိုရောက်နေ ပြီဖြစ်တဲ့ ကျနော်တို့ နိုင်ငံဟာ တိုင်းပြည်အပေါ်စေတနာမဲ့လွန်းသူတွေတစုကြောင့် တနှစ်အတွင်းမှာပဲ ကဏ္ဍစုံမှာ နောက်ကြောင်း ပြန်တဲ့အ ခြေအနေတွေမြင်တွေ့ရတာ တိုင်းပြည်အတွက် အင်မတန် စိတ်မကောင်းဖြစ်ရတယ်။ ဒါ့ကြောင့် တော်လှန်ရေးဟာ တရက်စောပြီး အောင်မြင်ရင် တရက်ဆိုသလို ပြည်သူတွေအတွက် ခံစားနေရတဲ့ ဒုက္ခပေါင်းစုံက သက်သာ မှာဖြစ်လို့ ကျနော်တို့တော်လှန်ရေး အင်အားစုတွေအားလုံး တက်ညီလက်ညီ ဆက် လက်ကြိုးပမ်း ပေးကြဖို့လည်းတိုက်တွန်းလိုတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကထပ်မံဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment