၂၀၂၂ ဧပြီလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၏ တရုတ်အစိုးရအား အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချမှု့ကို ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်
📌အရပ်သားပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တဲ့ဗျူဟာ စစ်ကောင်စီက ပြောင်းလဲကျင့်သုံးလာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သတိပေး
📌မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြားခဲ့
📌အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူကို အလျှော့ပေးမဲ့အရိပ်အယောင်မပြသလို ၄င်းစစ်တပ်ကိုလည်းတန်ဖိုးမထားဘူးလို့ CDM ဗိုလ်ကြီး ညီသုတပြော
📌မကွေးတိုင်း မြို့နယ်တစ်နေရာတွင် ရာနဲ့ချီစစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို PRA_MAGWAY မှမိုင်းဆွဲတိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်
📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ရောက်ရှိနေတဲ့ စကစတပ် စစ်ကြောင်း ချင်းယားကျေးရွာကို ရမ်းကားပစ်ခတ်၍ မီးရှို့။
📌စစ်ကောင်စီတပ်များနဲ့ ဝေးဝေးနေကြရန် ပြည်သူများကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ကသတိပေးထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန၏ တရုတ်အစိုးရအား အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချမှု့ကို ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှ ကောက်နုတ်ချက် အချို့ကို တင်ပြပေးပါ့မယ်
🔹 မတ်လ ၂၈ ရက်ရက်စွဲဖြင့်ထုတ်ပြန်သော တရုတ်နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံခြားရေးဝန်ကြီး” ဝဏ္ဏမောင်လွင်မှ တရုတ်ပြည်ခရီးစဉ်ဖိတ်ကြားမှုအား လက်ခံလိုက်သည်ဟု ဖော်ပြပါရှိပါသည်။
🔹 မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအနေဖြင့် ကျွနိုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာသိမ်းစစ်တပ်မှ တရားမဝင်ဖွဲ့စည်းထားသော စစ်ကောင်စီ၏ လက်ကိုင် ဝဏ္ဏမောင်လွင်ဆိုသူအား “နိုင်ငံခြားရေးဝန်ကြီး” ဟူသောဂုဏ်ပုဒ်ဖြင့် မဆီလျှော်စွာ ဂုဏ်ပြုဖော်ပြထားသည်ကို အပြင်းထန်ဆုံး ကန့်ကွက်ရှုံ့ချသည်။
🔹 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝဏ္ဏမောင်လွင်နှင့်တကွ တရားမဝင်စစ်ကောင်စီ၏ အခြားသောအဖွဲ့ဝင်များအား မြန်မာပြည်ကိုယ်စားပြုသူများအဖြစ် တလေးတစား ဖိတ်ကြားခြင်းသည် အာဏာသိမ်းမှုကိုဖီဆန်နေသော မြန်မာပြည်သူလူထုအပေါ် အလေးဂရုမပြုရာ၊ စိတ်ကသိကအောက် ဖြစ်ရာဖြစ်ကြောင်း ပြုမူမှုတစ်ခုဖြစ်ကြောင်းလည်း နားလည်စေလိုသည်။
🔹 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ အကြမ်းပတမ်းနည်းဖြင့် အာဏာပိုင်စိုးရန်ကြိုးပမ်းနေမှုတို့အတွက် စစ်ရာဇဝတ်မှုများကျူးလွန်မှုများ၊ နိုင်ငံအနှံ့ပြည်သူလူထုတစ်ရပ်လုံးအပေါ် ရန်သူသဖွယ် တပ်ဖြန့်ချေမှုန်းနေမှုများအားလည်း မျက်ခြေမပြတ် ထောက်ပြပြောဆိုနေရမည်ဖြစ်သည်။ ဤသို့သော လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နာမည်ဆိုးနှင့်ကြော်ကြားသောအကြမ်းဖက်စစ်တပ်နှင့် မည်သို့သော လက်တွဲဆောင်ရွက်မှုမဆို တရုတ်ပြည်အစိုးရ၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေရုံမျှသာ တတ်နိုင်စေပါသည်။
🔹 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ၏ ပြည်သူအချင်းချင်းဆက်နွှယ်မှုပိုတိုးလုပ်ဆောင်ရန် ကြေညာသည်ကိုကြိုဆိုသော်လည်း စစ်တပ်၏ ညှင်းပမ်းနှိပ်စက်မှု အရပ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် မြန်မာပြည်သူတို့အဖို့ ယခုအချိန်တွင် အဓိပ္ပါယ်ရှိသော ပူးပေါင်းဆောင်ရွက်မှုများ မည်သို့မျှမဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိနေရပါသည်။
🔹 ချစ်ကြည်ရင်းနှီးသော အိမ်နီးနားချင်းဆက်ဆံရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး တည်တံ့နိုင်စေရန်အတွက် မြန်မာပြည်သူတို့၏ဆန္ဒကို အလေးအနက်ထားရန်နှင့် မြန်မာပြည်သူတို့၏အသံကို နားစွင့်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် မျှော်လင့်တောင့်တပါသည် စသဖြင့် ရေးသားဖေါ်ပြထားပါတယ်။
========================
📌📌အရပ်သားပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တဲ့ဗျူဟာ စစ်ကောင်စီက ပြောင်းလဲကျင့်သုံးလာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သတိပေး
ဧပြီ ၅ ရက် ထုတ်ပြန်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားတဲ့ပြည်သူ့ခုခံတော်လှန်စစ် အစီရင်ခံရာမှာ အရပ်သားပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တဲ့ဗျူဟာ စစ်ကောင်စီက ပြောင်းလဲကျင့်သုံးလာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကသတိပေးပြောကြားလိုက်ပါတယ်။
"ဒီအချိန်မှာ ရန်သူ့ဘက်က ကျင့်သုံး ပြောင်းလဲလာတဲ့ ဗျူဟာအခင်အကျင်းကိုလည်း သတိပြုကြဖို့လိုပါတယ်။ စစ်မြေပြင်မှာ PDF နဲ့မဟာမိတ်များကြောင့် အဖက်ဖက်က အထိနာနေတဲ့စကစဟာ အစွမ်းကုန် အကြမ်းဖက်ဗျူဟာကို ကျင့်သုံးလာတာတွေ့ရပါမယ်။ သူတို့ရဲ့ပစ်မှတ်ကအရပ်သားပြည်သူတွေကိုပါပဲ။ ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်တဲ့ ဗျုဟာပဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေအနေနဲ့ PDF တွေကိုထောက်ခံမှုမပြုရဲဖို့၊ PDF နဲ့ပြည်သူတွေကိုအဆက်ဖြတ်ဖို့၊ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး သူတို့ကိုကျိုးနွံလာဖို့လုပ်တယ်ဆိုတာ ထင်ရှားစွာတွေ့ရပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိနေအိမ်များကို စကစတပ်များက မီးရှို့ဖျက်ဆီးလျက်ရှိကြပါတယ်။ ဧပြီ ၁ ရက်နေ့မှာ Data for Myanmar ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ မတ်လ ၃၁ ရက်အထိ အိမ် ၇,၉၇၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မီးလောင်မှုဟာ စစ်တပ်နဲ့ ပျူစောထီးတို့က နေရာပေါင်း ၂၂၂ နေရာမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ယင်းမီးရှို့ဖျက်ဆီးခံရတဲ့အထဲကအိမ်ခြေ ၅၀၀၀ ဟာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်များဖြစ်ပြီးတော့ အိမ်ခြေ ၁၃၀၀ ဟာမကွေးတိုင်းထဲကမြို့နယ်များဖြစ်ပါတယ်။
========================
📌📌မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြားခဲ့
၂၀၂၂ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာမြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော သေစေနိုင်သည့်စစ်လက်နက်များကို အသုံးပြု၍ မြန်မာ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေပါကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့မှ တိုက်တွန်းထားသည့်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်များရောင်းချနေသည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် တောင်းဆိုလိုပါကြောင်း၊ မြန်မာစစ်တပ်သို့ လက်နက်များနှင့် ဆက်စပ်နည်းပညာများ ရောင်းချနေသော နိုင်ငံများကို တားမြစ်ပေးရန်နှင့် မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန်တို့အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့မြန်မာပြည်သူများ၏အသက်ကိုကယ်တင်ပေးနိုင်မှာလို့"ဆိုခဲ့ပါတယ်။
လက်ရှိတွင် မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများသည် ယင်းသို့ လက်နက်ကိုင်ထားသူများက လက်နက်များကို တာဝန်မဲ့စွာအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရတယ်လို့သိရပါတယ်။
========================
📌📌အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူကို အလျှော့ပေးမဲ့အရိပ်အယောင်မပြသလို ၄င်းစစ်တပ်ကိုလည်းတန်ဖိုးမထားဘူးလို့ CDM ဗိုလ်ကြီး ညီသုတပြော
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြည်သူကို အလျှော့ပေးမဲ့အရိပ်အယောင်မပြသလို ၄င်းစစ်တပ်ကိုလည်းတန်ဖိုးမထားဘူးလို့ ဧပြီ ၆ ရက်နေ့ လူမှုကွန်ရက်မှာ CDM ဗိုလ်ကြီး ညီသုတကရေးသားပြောကြားခဲ့တာဖြစ်ပါတယ်။
"စစ်တပ်ဘက်က ပြည်သူကို အလျော့ပေးမယ့် အရိပ်အယောင် အခုထိ မပြပါဘူး။ သူ့တပ်ကိုလည်း တန်ဖိုးမထားပါဘူး။ ပြည်သူနဲ့ လက်အောက်စစ်သားတွေကိုတန်ဖိုးမထားတဲ့ စစ်တပ်ကို ရင်ဆိုင်ရတာ ပုံမှန်ထက်ပိုကြာပါတယ်။စစ်တပ်ပြိုလဲဖို့က ၂ နှစ်ကနေ ၅ နှစ်လောက်ထိ ကြာနိုင်ပါတယ်။ အဲ့ဒီလောက်ကြာတာက ပုံမှန်ပါပဲ။ လပိုင်းအတွင်းကြီး အဆုံးသတ်ပြီးမယ်ဆိုတာမျိုး မမျှော်လင့်ထားစေချင်တာပါ။ ကြားထဲမှာ ပြည်သူကတောင့်မခံနိုင်တာ၊ အချင်းချင်း မညီညွတ်တာဆိုရင် ပိုကြာသွားမှာပါ"လို့ဆိုထားပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီဒေသနဲ့ စစ်ကိုင်းတိုင်းတို့မှာ စကစတပ်များဟာ အထိနာကျဆုံးလျက်ရှိပါတယ်။
========================
📌📌မကွေးတိုင်း မြို့နယ်တစ်နေရာတွင် ရာနဲ့ချီစစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို PRA_MAGWAY မှမိုင်းဆွဲတိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်
မကွေးတိုင်း မြို့နယ်တစ်နေရာတွင် ယနေ့မနက် ရာနဲ့ချီစစ်ကြောင်းထိုးလာတဲ့ စကစတပ်များကို PRA_MAGWAY မှမိုင်းဆွဲတိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၆ ရက်နေ့ မနက် ၉ နာရီ ၃၅ အချိန်မှာ စတင်တိုက်ပွဲဖြစ်ပွားတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး ) PRA ကဆိုပါတယ်။
"ဧပြီ ၆ ရက် မနက် ၉ နာရီ ၃၅ အချိန်စတင်တိုက်ပွဲဖြစ်ပါတယ်။ အကြမ်းဖက်စကစမှ အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းဖြန့်၍ စစ်ကြောင်းထိုးပါတယ်။ မိုင်းကွင်းသို့အရောက် စကစစစ်ကြောင်းကို PRA_MAGWAY မှ စတင်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ စကစအကျအဆုံးများနိုင်ပါတယ်"လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့တိုက်လေယာဉ်တစ်စီးလည်းရောက်လာခဲ့တယ်လို့သိရပါတယ်။
========================
📌📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ရောက်ရှိနေတဲ့ စကစတပ် စစ်ကြောင်း ချင်းယားကျေးရွာကို ရမ်းကားပစ်ခတ်၍ မီးရှို့။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ရောက်ရှိနေတဲ့ စကစတပ် စစ်ကြောင်း ယနေ့ချင်းယားကျေးရွာကို ရမ်းကားပစ်ခတ်၍ မီးရှို့နေတယ်လို့သိရပါတယ်။ ဧပြီ ၆ ရက်နေ့မှာ စကစတပ်ရဲ့ စစ်ကြောင်း သုံးကြောင်းအခြေအနေကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။
"ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာသော စစ်ကြောင်းများတွင် ပထမစစ်ကြောင်းမှာ ချင်းယားကျေးရွာတွင် ဝင်ရောက်၍ ပစ်ဖောက်ကာ မီးရှို့နေပါတယ်။ ညောင်ပင်ရွာလည်းပါနေပါပြီ။ ဒုတိယစစ်ကြောင်းမှာ ငတရော် မှ နန်းဦးစာသင်ကျောင်းသို့ဝင်ရောက်နေပါတယ်။ တတိယစစ်ကြောင်းမှာ ရေယှားကျေးရွာ ရောက်ရှိနေပါတယ်"လို့ဆိုပါတယ်။
========================
📌📌စစ်ကောင်စီတပ်များနဲ့ ဝေးဝေးနေကြရန် ပြည်သူများကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ကသတိပေးထုတ်ပြန်
စစ်ကောင်စီတပ်များနဲ့ ဝေးဝေးနေကြရန် ဧပြီ ၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ကသတိပေးထုတ်ပြန်လိုက်ပါတယ်။ “ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် ထပ်တူရပ်တည်လျက် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ပုလောမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်သွားလာလှုပ်ရှားရာတွင် အကြမ်းဖက်အုပ်စုနှင့် ဝေးရာ ရှောင်ကွင်းသွားလာကြရန်။ ဥပမာ - စစ်ကားယာဉ်တန်းနှင့် ဝေးရာမှ ယာဉ်မောင်းနှင်ခြင်း (ခ) မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် (ဂ) စစ်အုပ်စု မှ ဦးဆောင်ကျင်းပသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများသို့ သွားလာပါဝင်ဆင်နွဲခြင်း မပြုကြရန် ။ ဥပမာ - သင်္ကြန်ပွဲတော်"လို့ဖော်ပြထားပါတယ်။
ဒါ့အပြင်ပြည်သူလူထုကို ဒုက္ခပေးမည့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်တွင် မည်သည့်ကဏ္ဍမျိုးကိုမှ ပူးပေါင်းပါဝင်ခြင်း၊ အားပေးကူညီခြင်း၊ သတင်းပေးခြင်း မပြုလုပ်ကြဖို့လည်းဆိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment