သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ခံရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လက်နက်၊ ခဲယမ်းဝယ်ယူခြင်းအတွက် ၆၀ ရာခိုင်နှုန်းကျော် အချိုးကျခွဲဝေပြီးဖြစ်
📌အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဒုဝန်ကြီးနဲ့ သရုပ်ဆောင်ဒေါင်း တို့ပါဝင်ကာ ပုလော PDF ကို စိတ်ဓာတ်မြင့်တင်ရေးဟောပြောဆွေးနွေး
📌ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် စည်ပင်ဝန်ကြီးဦးမင်းအောင် တို့ မဲမသမာမှုပုဒ်မ ပုဒ်မ ၁၃၀(က)နဲ့ ငွေဒဏ် ၅ သောင်းချရာ ဒဏ်ငွေမဆောင်ဘဲ ထောင်လေးလကျခံ
📌မြန်မာနိုင်ငံအနောက်မြောက်ဒေသတစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့ UN OCHA ထုတ်ပြန်
📌ထောက်ပို့ရဲဘော်များ ထောက်ပို့မှုနဲ့ ကျပ်သိန်းပေါင်းတစ်ထောင်ကျော် ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် တပ်ရင်း ၈ ရင်းသို့ ဖြန့်ဝေပေးပို့နိုင်ခဲ့
📌မတ်လအတွင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၃၅၀ အထိမီးလောင်ပျက်စီးခဲ့ပြီး သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်
📌လက်ပြန်ကြိုးတုပ်ကာ စကစတပ်များက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို KNDF B-09 ရဲဘော်များမှကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့
📌မြင်းမူ MMDF မှ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်
📌စစ်အာဏာရှင်တော်လှန်ရေး Ghost Ranger အဖွဲ့ စစ်ကောင်စီအဖွဲ့ရဲ့စီးနင်းဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်
📌စစ်ခေါင်းဆောင်တွေကို ကာကွယ်ဖို့ရှေ့တန်းရောက်နေတဲ့ စစ်သည်များဟာ KNU ထံအလင်းဝင်မှုပိုမိုများပြားလာနေပါတယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ခံရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လက်နက်၊ ခဲယမ်းဝယ်ယူခြင်းအတွက် ၆၀ ရာခိုင်နှုန်းကျော် အချိုးကျခွဲဝေပြီးဖြစ်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ခံရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လက်နက်၊ ခဲယမ်းဝယ်ယူခြင်းအတွက် ၆၀ ရာခိုင်နှုန်းကျော် အချိုးကျခွဲဝေပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ကို လေ့ကျင့်ရေးစရိတ်အတွက် ၄.၉၂ ရာခိုင်နှုန်း၊ လက်နက်ခဲယမ်းဝယ်ယူတပ်ခြင်းအတွက် ၆၀.၀၉ ရာခိုင်နှုန်း၊ လက်နက်ထုတ်လုပ်မှု ငွေလုံးငွေရင်းအသုံးစရိတ်အတွက် ၂၄.၉၅ ရာခိုင်နှုန်း၊ မဟာမိတ်မျှဝေမှု ၇.၀၉ ရာခိုင်နှုန်း၊ ကျဆုံး ဒဏ်ရာရရဲဘော်ထောက်ပံ့စရိတ် ၀.၀၇ ရာခိုင်နှုန်း၊ အရေးပေါ် သုံးစွဲငွေ စီမံခန့်ခွဲမှုကုန်ကျစရိတ်နဲ့ အခြားအသုံးစရိတ်များ ၂.၈ ရာခိုင်နှုန်း ခွဲဝေပြီးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ PDF ရဲဘော်တစ်ဦးအတွက် အမေရိကန်ဒေါ်လာ လေးထောင်နဲ့ငါးထောင်ကြားရှိပြီး တပ်ရင်းတစ်ရင်းအတွက် ဒေါ်လာသုံး သန်းကနေ လေးသန်းကြား ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဒုဝန်ကြီးနဲ့ သရုပ်ဆောင်ဒေါင်း တို့ပါဝင်ကာ ပုလော PDF ကို စိတ်ဓာတ်မြင့်တင်ရေးဟောပြောဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရက ကာကွယ်ရေးဒုဝန်ကြီးနဲ့ သရုပ်ဆောင်ဒေါင်း တို့ပါဝင်ကာ ပုလော PDF ကို စိတ်ဓာတ်မြင့်တင်ရေးဟောပြောဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီလ (၆) ရက်နေ့ ဆွေးနွေးဟောပြောမှုကို တနင်္သာရီစစ်ဒေသ ကွပ်ကဲရေးအဖွဲ့ရဲ့ ဦးဆောင်စီစဉ်မှုဖြင့် တနင်္သာရီစစ်ဒေသ T2 ဇုံ တပ်ဖွဲ့ဝင်များနှင့် Ashin Htavara ၊ နိုင်ကောင်းရွက်(ဒု ကာကွယ်ရေးဝန်ကြီး)၏၊ ဒေါင်း (သရုပ်ဆောင်) တို့သည် "စိတ်ဓာတ်မြင့်တင်ရေးဟောပြောဆွေးနွေးခြင်း "ခေါင်းစဉ်ဖြင့် နေ့လည် (၁) နာရီ တွင် ဆွေးနွေးဟောပြောခဲ့ပါတယ်။ အစည်းအဝေးကို ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူမှ အဖွင့်အမှာစကားပြောကြားပြိး စတင်ခဲ့ကာ လိုအပ်သည်များ အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဆရာတော်မှ ဟောပြောမှုစတင်ကာ
- ပန်းပေါင်းလှဖို့ အခက်အခဲကြားကနေ ကြိုးစားကြဖို့၊ လူကို လူလို့သာ သိမြင်ဖို့
- အရည်အချင်းရှိဖို့ ကြိုးစားကြ ရန်
- လူသားဆန်ဖို့ လူပိသဖို့ ဓမ္မလမ်းကြောင်းကို မှန်မှန်ကန်ကန်လျောက်လှမ်းဖို့
- မတရားမှုမှာ ကြားနေဝါဒမရှိကြောင်း။
- ခေါင်းဆောင်က ပြတ်သားရမည်ဖြစ်ကြောင်း၊Team work ကောင်းကောင်းလုပ်ဆောင်ဖို့အကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟောပြောပြီး နောက် တပ်ဖွဲ့ဝင်များနှင့် ဟောပြောသူများအကြား အပြန်အလှန် မေးခွန်းမေးမြန်းဆွေးနွေးကာ ဇုံတာဝန်ခံမှ နိဂုံးချုပ်စကားပြောကြားခဲ့တယ်လို့သိရပါတယ်။
========================
📌📌ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် စည်ပင်ဝန်ကြီးဦးမင်းအောင် တို့ မဲမသမာမှုပုဒ်မ ပုဒ်မ ၁၃၀(က)နဲ့ ငွေဒဏ် ၅ သောင်းချရာ ဒဏ်ငွေမဆောင်ဘဲ ထောင်လေးလကျခံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် စည်ပင်ဝန်ကြီးဦးမင်းအောင် တို့ မဲမသမာမှုပုဒ်မ ပုဒ်မ ၁၃၀(က)နဲ့ ငွေဒဏ် ၅ သောင်းချရာ ဒဏ်ငွေမဆောင်ဘဲ ထောင်လေးလကျခံတယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၆ ရက်နေ့ ဥပဒေပုဒ်မ ၁၃၀(က)နဲ့ ထပ်တိုးစွဲထားတဲ့ ပုဒ်မအပေါ် အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။ ဝန်ကြီးချုပ်ဦးညီီပုနှင့် ဦးမင်းအောင်တို့ကို ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကိစ္စရပ်များကို ပြုလုပ်ခဲ့တယ်လို့ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) ဖြင့် စကစခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါသေးတယ်။
========================
📌📌မြန်မာနိုင်ငံအနောက်မြောက်ဒေသတစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့ UN OCHA ထုတ်ပြန်
မြန်မာနိုင်ငံအနောက်မြောက်ဒေသတစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပြီလို့ UN OCHA ကထုတ်ပြန်ပါတယ်။ ဧပြီ ၆ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ပတ်သတ်လို့ UN OCHA Myanmar ကဖော်ပြခဲ့ပါတယ်။ "ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသက ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ သိသိသာသာမြင့်တက်လာခဲ့လို့ မြန်မာနိုင်ငံအနောက်မြောက်ဒေသတစ်ခုတည်းမှာတင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေဟာ ပထမဆုံးအကြိမ် အဖြစ် လူ ၃၀၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကောလင်း၊ ကလေးနဲ့ ဝန်းသိုမြို့နယ်တွေမှာ လူ ၃၁,၀၀၀ လောက်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ လူ ၁,၅၀၀ လောက် အိုးအိမ်စွန့်ခွာရသူတွေ ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်တွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ အိုးအိမ်စွန့်ခွာသူဦးရေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့အစီရင်ခံစာကဆိုပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိကာလအထိ မြန်မာနိုင်ငံအနောက်မြောက်ဒေသမှာ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေအပါအဝင် လူနေအိမ်နဲ့ အရပ်သားပိုင်အခြားအိုးအိမ်ပစ္စည်း အနည်းဆုံး ၇,၂၄၆ လုံး မီးရှို့ဖျက်ဆီးခံရတဲ့သတင်းတွေ ကြားသိရပါတယ်လို့ဆိုထားပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄,၆၀၀ ရှိပြီး၊ ဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေဖြစ်ပါတယ်။
========================
📌📌ထောက်ပို့ရဲဘော်များ ထောက်ပို့မှုနဲ့ ကျပ်သိန်းပေါင်းတစ်ထောင်ကျော် ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် တပ်ရင်း ၈ ရင်းသို့ ဖြန့်ဝေပေးပို့နိုင်ခဲ့
ထောက်ပို့ရဲဘော်များ ထောက်ပို့မှုနဲ့ကျပ်သိန်းပေါင်းတစ်ထောင်ကျော် ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် တပ်ရင်း၈ရင်းသို့ ဖြန့်ဝေပေးပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ်ကိုရီးယားက ဧပြီ ၅ ရက်နေ့မှာ ကျပ်သိန်းပေါင်းတစ်ထောင်ကျော် သတင်းကို ဆိုပါတယ်။ ထောက်ပို့ရဲဘော်များရဲ့ ထောက်ပို့မှူကြောင့် သိန်း( ၁ ထောင် ၁ ရာ ၅ ဆယ် ၇ သိန်း )ကျပ် ကာကွယ်ရေးဝန်ကြီးဌာန မှတဆင့် တပ်ရင်း (၈)ရင်းသို့ ထောက်ပို့နိုင်ခဲ့ပါပြီ။ တနိုင်ငံလုံးတမျိုးသားလုံး စစ်အာဏာရှင်စနစ်ဆိုး လက်အောက်က လွတ်မြောက်ဖို့ အသက်သွေးချွေး နဲ့ ရင်းပြီး ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ ညီကိုမောင်နှမသွေးချင်းတွေကို ပြည်ပရောက် ညီကိုမောင်နှမသွေးချင်းများကလည်း ပြန်ရှာလို့ရတဲ့ငွေကြေးနဲ့ ထောက်ပို့ဝန်းရံကူညီပေးကြပါစို့"လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ ထောက်ပို့ရဲဘော်များကို မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ချုပ်ကိုရီးယားကလက်ခံပေးလျက်ရှိပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုကတ်ပြားများပြန်လည်ထုတ်ပေးလျက်ရှိပါတယ်။
========================
📌📌မတ်လအတွင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့မီးရှို့မှုကြောင့် နေအိမ်ပေါင်း ၃၅၀ အထိမီးလောင်ပျက်စီးခဲ့ပြီး သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မတ်လအတွင်းမှာ ဂန့်ဂေါမြိုနယ်က ပြည်သူနေအိမ်ပေါင်း ၃၅၀ ခန့် မီးလောင်ခံခဲ့ရပြီး ပြည်သူအချို့လည်း အသက်ဆုံးရှုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ်ကို မတ်လ တတိယပတ်ကတည်းက စစ်ကြောင်းသုံးကြောင်းနဲ့ သွားလာလှုပ်ရှားကာ အကြမ်းဖက်မှုတွေကျူးလွန်နေတာဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲရဲ့ အေပရယ်လ ၆ ရက် သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒ့ါအပြင် စစ်ကောင်စီတပ်များဟာ ပြည်သူ လူထုရဲ့အိမ်တွေကို မီးရှို့ဖျက် ဆီးတာအပြင် ဧပြီ ၄ ရက်က ဂန့်ဂေါမြို့နယ် ထယ်လှော်ကျေးရွာနေအ မျိုးသားတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေက ဂန့်ဂေါမြို့နယ်အတွင်း ပိုက်စိပ်တိုက်သွားလာနေတာ၊ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီးအကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာတို့ကြောင့် ပြည်သူတွေအနေနဲ့ လုံ ခြုံရေး အရ စိတ်ချရမယ့် အရပ်ဒေသမှာသာ နေထိုင်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အသိပေးထားပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ပြည်သူအချင်းချင်း စာနာထောက်ထားကူညီပေးကြဖို့လည်း သတိပေးနှိုးဆော်ထားတာတွေ့ရပါတယ်။ လက်ရှိစစ်ရေးအခြေအနေ နယ်မြေဒေသအခြေအနေတွေကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းနဲ့ ဂန့်ဂေါ-ထီးလင်း လမ်းပိုင်း တို့ကိုလည်း အရေးမကြီးဘဲ အကြောင်းမဲ့သွားလာတာတွေ မပြုကြဖို့လည်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
========================
📌📌လက်ပြန်ကြိုးတုပ်ကာ စကစတပ်များက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို KNDF B-09 ရဲဘော်များမှကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့
လက်ပြန်ကြိုးတုပ်ကာ စကစတပ်များက သတ်ဖြတ်ထားတဲ့ရုပ်အလောင်းကို KNDF B-09 ရဲဘော်များမှကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၆ ရက်နေ့မှာ KNDF B-09 က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ "ဧပြီ ၅ ရက်နေ့တွင် KNDF B-09 ရဲဘော်များမှ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် (၆) မိုင်ကျေးရွာအတွင်း (စကစ)များမှ ဖမ်းဆီးသတ်ဖျတ်ထားသော ရုပ်အလောင်းအားတွေ့ရှိပါတယ်။ ထိုရုပ်အလောင်းမှာ လက်နောက်ပြန်ကြိုးတုတ်လျှက်အနေအထားနှင် မီးရှို့ထားသည်ကို မြင်တွေ့ရပြီး KNDF B-09 ရဲဘော်များမှကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ကျန်ရှိမြေပြင် အနေထားများကို စုံစမ်းမှုများပြုလုပ်လျှက်ရှိပါတယ်လို့ KNDF_B_09 ကထုတ်ပြန်ပါတယ်။
========================
📌📌မြင်းမူ MMDF မှ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်
မြင်းမူ MMDF မှ တာဝေးပစ်လက်နက် များထုတ်လုပ်အောင်မြင်တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၆ရက်နေ့မှာ လက်နက်များတီထွင်ထုတ်လုပ်နေတယ်လို့ Myinmu defence forceကဆိုပါတယ်။ "MMDF ငြိမ်နေတယ်နော်လို့ မေးနေကြတဲ့ မိဘပြည်သူတွေ အတွက် ကျနော်တို့ လုပ်ဆောင်နေတဲ့ အများကြီးထဲက အစိတ်အပိုင်း သေးသေးလေး တစ်ခုကို ဖော်ပြပေးလိုက်ရတာပါ။ကျနော်အရှေ့ ရက်တွေမှာ တော်လှန်ရေး နောက်တစ်ဆင့် တက်ဖို့ကြိုးစားနေတယ်ဆိုတာ အသိပေးပြီးခဲ့ပါပြီ။ အခုပုံလေးပဲ တင်လိုက် လို့ ဒါလေးပဲ မထင်လိုက်ပါနဲ့ စစ်ရေးဗျူဟာအရ အများကြီး လျို့ဝှက် ထားတဲ့ အရာတွေ ရှိနေပါသေးတယ်"လို့ ဆိုပါတယ်။ ထုတ်လုပ်အောင်မြင်ထားတဲ့လက်နက်များကို Myinmu defence force ကဖော်ထုတ်ပြသခဲ့ပါတယ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ဟာ စကတပ်များ မိုင်းဆွဲခံရဆုံးနေရာလည်းဖြစ်ပါတယ်။
========================
📌📌စစ်အာဏာရှင်တော်လှန်ရေး Ghost Ranger အဖွဲ့ စစ်ကောင်စီအဖွဲ့ရဲ့စီးနင်းဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမှာ အေပရယ်လ ၅ ရက်နေ့ မနက် ကိုးနာရီက Ghost Ranger အဖွဲ့ဝင်အမျိုးသမီးတယောက်ကို စစ်အုပ်စုက ဖမ်းဆီးမိခဲ့ပီး တခြားအဖွဲ့ဝင်တွေ နေထိုင်ရာကို အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက ဝင်ရောက်စီးနင်းသွားပါတယ်။ အဲ့လိုဝင်ရောက်စီးနင်းမှုကြောင့် Ghost Rannger နောက်ထပ်အဖွဲ့ဝင်တွေ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူများကို ကယ်ဆယ်နိုင်ရန် Ghost Ranger အဖွဲ့များရောက်လာပြီးနောက် စစ်အုပ်စုနှင့်နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ အဖွဲ့ဒုတိယခေါင်းဆောင်ဗိုလ်ဆင်ကျားက DNA သတင်းဌာနကိုပြောကြားပါတယ်။ အဲ့ဒီလိုထိတွေ့တိုက်ပွဲများ ဖြစ်ပြီးနောက်မှာ လက်နက်နှင့်လူအင်အားကွာခြားမှုကြောင့် နောက်ထပ်အဖွဲ့ဝင် ၆ ဦးလည်းထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ် ကျနော်တို့ထပ်မံအသေးစိတ်စုံစမ်းချက်အရ အကုန်လုံးကပါသွားတာ သေချာပြီပေါ့နော် အခုလိုသတင်းပေးတာကလည်း ကျန်တဲ့အခြား ယူဂျီတွေအနေနဲ့ သိအောင်လို့ သတင်းပေးရခြင်းဖြစ်ကြောင်း ဗိုလ်ဆင်ကျားက ဆက်ပြောပါတယ် အခြားသော ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ကို တော်လှန်ရေးအဖွဲ့များအနေနဲ့ Ghost Ranger နဲ့အဆက်အသွယ်များရှိရင် အမြန်ဆုံးတိမ်းရှောင်ဖို့လိုမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
========================
📌📌စစ်ခေါင်းဆောင်တွေကို ကာကွယ်ဖို့ရှေ့တန်းရောက်နေတဲ့ စစ်သည်များဟာ KNU ထံအလင်းဝင်မှုပိုမိုများပြားလာနေပါတယ်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတော်အပေါ် မတရားပြုစေခိုင်းမှုတွေကို မလိုလားတဲ့ စစ်သည်များလည်း နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်တပ်များထဲကို အလင်းဝင်ရောက်လျက်ရှိနေပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကြောင်းထိုးနေရင်း စစ်အုပ်စုဘက်က ဗိုလ်မှူးတင်လင်းအောင်နှင့် အခြားစစ်သည်တဦးက ကေအန်ယူတပ်ဖွဲ့ထံအလင်းဝင်ရောက် လက်နက်ပေးအပ်ခဲ့မှုဟာ ထင်ရှားခဲ့ပါတယ်။ ဒီနောက်မှာတော့ (KNU) ထံ အလင်းဝင်ဘက်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေဟာ အရင်ကထက်ပိုမိုများပြားလာနေတယ်လို့သိရပါတယ်။ အဆိုပါအလင်းဝင်လာသူ စစ်အုပ်စုဘက်ကလူတွေကို ဘေးကင်းလုံခြုံရာမှာ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး နောက်ထပ်အမြင်မှန်ရ ဘက်ပြောင်းလာသူတွေကိုလည်း ဝမ်းပန်းတသာကြိုဆိုတဲ့အကြောင်း ကေအန်ယူပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုပါတယ် "ကျနော်တို့ဆီမှာ အဖမ်းခံရတာပြောပြော လက်နက်ချတာပဲပြောပြော ဒီလူတွေရှိသလို ဒီလိုမျိုး သူ့ဘာသာသူ ကူးပြောင်းလာတဲ့လူကလည်း ရှိနေတာပဲလေ။ အရေအတွက်ကတော့ အရင်ကထက်လုံး၀မတူတော့ဘူး။ ခပ်စိတ်စိတ်လေး ခပ်စိတ်စိတ်လေး တိုးလာနေတာကတော့ သေချာတယ်လေ"လို့ ပဒိုစောတောနီးက ပြောပြခဲ့ပါတယ်။ တပ်မဟာ ၆ နယ်မြေမှာ တိုးပွားလာနေတဲ့ စစ်အုပ်စုဘက်က အလင်းဝင်သူတွေရှိနေသလိုပဲ ဖာပွန်ခရိုင်တပ်မဟာ ၅ ဘက်မှာလည်း မှတ်တမ်းများအရ လက်နက်ချက်အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေဟာလည်း ၆၀ ဝန်းကျင်ခန့်ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ စစ်ကောင်စီဘက်ကလူတွေ အလင်းဝင်ရောက်လာတဲ့အပေါ်မှာ ယုံကြည်မှုမရှိဘဲ စိုးရိမ်တကြီးသတိထားသင့်ကြောင်း ထောက်ပြမှုတွေရှိနေပေမယ့်လည်း ကေအန်ယူအနေနဲ့ကတော့ လုပ်ငန်းသဘောအရ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တော်လှန်ရေးသတိ အမြဲရှိပါကြောင်းကိုလည်း ကေအန်ယူခေါင်းဆောင်များက ပြန်လည်အသိပေးပြောကြားထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment