7th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အရှေ့အာရှဆိုင်ရာ အမေရိကန်အကြီးတန်း ညွှန်ကြားရေးမှူးနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ
📌မန္တလေးတိုင်းဒေသကြီးတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစီအစဥ်နဲ့ ဖက်ဒရယ်ကျောင်း ၆ ကျောင်းအထိဖွင့်လာနိုင်
📌သုံးလတာ ကာလအတွင်း စစ်ဘေးဒဏ်ခံနေရသော ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၂၅၀၀ ကျော်အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ကူညီထောက်ပံ့နိုင်ခဲ့
📌ဝက်လက်မြို့နယ် ရွာနန်းရွာကို စကစတပ်နဲ့ပျူများ မီးရှို့ဖျက်ဆီး
📌ချောင်းဦးမြို့နယ်မှ မုံရွာ-မန္တလေး ကားလမ်းကြီးအတိုင်း ဖြတ်သန်းလာတဲ့ စစ်ကားတန်းကို ကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်
📌ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော စကစ စစ်ကြောင်းနှင့် CDF - Matupi တို့ တိုက်ခိုက်ရာ စကစဘက်က ၅ ဦး သေဆုံး
📌၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်အုပ်စုတို့၏ ”တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူများနှင့်ကလေးတက္ကသိုလ်ဝင်ခွင့်စာရင်း” အား အသိအမှတ်မပြုဘူးလို့ကြေညာ
📌အမေရိကန်နိုင်ငံ နယူးဂျက်စီတွင် မြန်မာ့နှစ်သစ်ကူး စျေးရောင်းပွဲတော်ကျင်းပရင်းနဲ့ ငွေတိုက်စာချုပ်များရောင်းချပေးမယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အရှေ့အာရှဆိုင်ရာ အမေရိကန်အကြီးတန်း ညွှန်ကြားရေးမှူးနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Mr. Egatd Kavan နဲ့ တွေ့ဆုံထားပါတယ်။ ဒီလိုတွေ့ဆုံခဲ့တာကို ဝန်ကြီးက သူ့ရဲ့လူမှုကွန်ယက်ကနေ ဒီနေ့ ဧပြီလ ၇ ရက်မှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

အမေရိကန်အစိုးရနဲ့ရော ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေကပါ မြန်မာလူထုကို လက်တွေ့ကျကျ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ၀န်ကြီးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုနှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနဲ့လည်း မနေ့က တွေ့ဆုံထားတယ်လို့သိရပါတယ်။

ဆက်လက်ပြီး ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်းကို အမေရိကန်အစိုးရက လက်ခံကြေညာခဲ့တာကြောင့် တရားမျှတမှု ဖော်ဆောင်နိုင်ရေးမှာ NUG က ပူးပေါင်းလုပ်ဆောင်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးက ပြောထားပါတယ်။

အ​မေရိကန်အစိုးရနဲ့ ဒေသအတွင်းကမိတ်ဖက်နိုင်ငံ​တွေ ပူးပေါင်းပြီး မြန်မာ​နွေဦး​တော်လှန်​ရေးတွင် ကူညီနိုင်မဲ့နည်းလမ်းတွေကို ပွင့်လင်းစွာ ​ဆွေးနွေးနိုင်ခဲ့ပါတယ်လို့ရေးသားဖေါ်ပြပါတယ်။

၂၀၂၂ ခုနှစ်အတွက် အမေရိကန်ဘဏ္ဍာရေးအသုံးစရိတ်မှာ NUG ကို ထောက်ပံ့ကူညီမယ့်အပိုင်းလည်း ပါဝင်တာကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ NUG ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

========================

📌📌မန္တလေးတိုင်းဒေသကြီးတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစီအစဥ်နဲ့ ဖက်ဒရယ်ကျောင်း ၆ ကျောင်းအထိဖွင့်လာနိုင်

မန္တလေးတိုင်းဒေသကြီးတွင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစီအစဥ်နဲ့ ဖက်ဒရယ်ကျောင်း ၆ ကျောင်းအထိဖွင့်လာနိုင်တယ်လို့ဧပြီ၇ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် တိုင်း၁လွှတ်တော်ကိုယ်စားလှယ် ဦးသူရလင်းကဆိုပါတယ်။

"ပညာရေးမှာဆိုလည်း မန္တလေးဖက်ဒရယ်ကျောင်းပေါ့။အခုဆို ၆ ကျောင်းအထိဖြစ်လာဖို့ရှိပါတယ်ဗျ။ ၄ ကျောင်းကတော့ဖွင့်ပြီးသွားပြီ။ကျန်တဲ့ ၂ ကျောင်းဖွင့်ဖို့ရှိပါတယ်"လို့ဆိုပါတယ်။ မန္တလေးတိုင်းတွင်း အုပ်ချုပ်ရေးနဲ့ပညာသင်ကြားရေးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြောင်မြို့နယ်တွင်လည်း ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသားကျောင်းသူသုံးထောင် ကျော်ကို ပညာသင်ကြားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနထံတင်ပြပြီးဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌သုံးလတာ ကာလအတွင်း စစ်ဘေးဒဏ်ခံနေရသော ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၂၅၀၀ ကျော်အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ကူညီထောက်ပံ့နိုင်ခဲ့

၂၀၂၂ ခုနှစ် သုံးလတာ ကာလအတွင်း စစ်ဘေးဒဏ်ခံနေရသော ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၂၅၀၀ ကျော်အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှ ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ ဧပြီ ၇ ရက်နေ့မှာ ဝန်ကြီးဌာနက တရားဝင် အချက်အလက်များကိုထုတ်ပြန်ချက်တွေအရ သိရရှိပါတယ်။

" မြန်မာနိင်ငံအတွင်းရှိ စစ်ဘေးဒဏ်ခံနေရသော ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင် ၂၅၀၀ ကျော်အား အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ၀န်ကြီးဌာနမှတဆင့် ကူညီဆောင်ရွက်ပေးနိင်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။

ဤကဲ့သို့ ကူညီထောက်ပံ့ပေးနိင်စေရန် ဝိုင်းဝန်းပံ့ပိုးပေးကြသော ပြည်တွင်း၊ပြည်ပမှ အလှုရှင်များနှင့်တကွ ကိုယ်ဝန်ဆောင်မိခင်များထံသို့ တိုက်ရိုက်ရောက်ရှိအောင် ကူညီပေးသူများအားလည်း အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ်ရေးရာ ရေးရာ၀န်ကြီးဌာနမှ ကျေးဇူးအထူးတင်ရှိပါတယ်လို့ဆိုထားပါတယ်။

========================

📌📌ဝက်လက်မြို့နယ် ရွာနန်းရွာကို စကစတပ်နဲ့ပျူများ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာနန်းရွာကို ယနေ့မနက် စကစတပ်နဲ့ပျူများ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဧပြီ ၇ ရက် မနက်ပိုင်းမှာ ညောင်ငုပ်တိုမှ စကစတပ်နှင့် ပျူစောထီးအဖွဲ့ ရွာနန်းရွာကို ဝင်ရောက်လာပြီးမွှေနှောက်ကာ မနက် ၆ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်များထံကသိရပါတယ်။

စစ်ကိုင်းတိုင်းမှာ မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်တာ ကာလအတွင်း အိုးအိမ်ပေါင်း ( ၇၁၃ ) အိမ်မီးလောင်ဆုံးရှုံးခြင်းခံခဲ့ရပါတယ်။

ထိုကြောင့်စစ်ကိုင်းတိုင်း ဒေသကြီးတွင် မတ်လအတွင်း တစ်နေ့လျှင် ပျှမ်းမျှ အိုးအိမ်ပေါင်း ( ၄၈ ) အိမ်နှုန်းဖြင့် မီးလောင်တိုက်သွင်းခြင်း ခံနေရ တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေဆီကသိရပါတယ်။

========================

📌📌ချောင်းဦးမြို့နယ်မှ မုံရွာ-မန္တလေး ကားလမ်းကြီးအတိုင်း ဖြတ်သန်းလာတဲ့ စစ်ကားတန်းကို ကာကွယ်ရေးတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

ဧပြီ ၇ ရက် နံနက်၂ နာရီ ၃၀ အချိန်က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ မုံရွာ-မန္တလေး ကားလမ်းကြီးအတိုင်း ဖြတ်သန်းလာတဲ့ စစ်ကားတန်းနတ်ရေကန် နှင့် ငါးယှန် အကြားကာကွယ်ရေးတပ်ဖွဲ့များမိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးမိုင်းထိပျက်စီးခဲ့တယ်လို့အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W မှဆိုပါတယ်။

"ယနေ့ နံနက် (၂:၃၀) မိနစ်အချိန်တွင် ချောင်းဦးဘက်မှ မုံရွာ-မန္တလေး ကားလမ်းကြီးအတိုင်း ခိုးကြောင်ခိုးဝှက် သွားလာနေသော စစ်ကောင်စီအကြမ်းဖက်သမားများ၏ ယာဥ်တန်းအား နတ်ရေကန် နှင့် ငါးယှန် အကြားတွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့-CDSOM၊Myaung Union Army နှင့် စစ်ကိုင်းခရိုင်တပ်ရင်း-၂ တပ်ခွဲ (၁) တို့ ပူးပေါင်းဆောင်ရွက်သော မိုင်းစစ်ဆင်ရေးတွင် ကျွန်မတို့ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်)-M2W မှ ထုတ်လုပ်သော ပဒေသာမိုင်း ဖြင့် တော်လှန်သကြန် အကြိုအနေဖြင့် ဧည့်ခံ ကြွေးမွေးခဲ့ရာ ယာဥ်တန်းအနက်မှ ကားနှစ်စီး ပျက်စီးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာစကစတပ်အသေအပျောက်စာရင်း နှင့် ဒဏ်ရာရ စာရင်းကို သိရှိနိုင်စေရန် ဆက်လတ်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

========================

📌📌ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော စကစ စစ်ကြောင်းနှင့် CDF - Matupi တို့ တိုက်ခိုက်ရာ စကစဘက်က ၅ ဦး သေဆုံး

ဧပြီ ၇ ရက်မှာ ကျောက်ထုမှ မတူပီသို့ စစ်အင်အားဖြည့်တင်းရန်လာသော စကစ စစ်ကြောင်းနှင့် CDF - Matupi တို့ မနက် ၆:၄၀ နာရီ မှစတင်တစ်နာရီကြာတိုက် ပွဲဖြစ်ပွားခဲ့၍ စကစဘက်က၅ဦးသေဆုံးခဲ့တယ်လို့ CDF- Matupi ကထုတ်ပြန်ထားပါတယ်။

တစ်နာရီကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စကစဘက်ကငါးဦးကျပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ကာကွယ်ရေးတပ်ဘက်ကအထိအခိုက် မရှိဘူးလို့သိရပါတယ်။

စကစတပ်များဟာ မတူပီကို အင်အားရာနဲ့ချီဖြည့်တင်းလျက်ရှိပြီးတော့ ကာကွယ်ရေးတပ်များကို ထိုးစစ်ဆင်ဖို့ အမြဲမပြတ်ကြိုးပမ်းလျက်ရှိပါတယ်။

========================

📌📌၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်အုပ်စုတို့၏ ”တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူများနှင့်ကလေးတက္ကသိုလ်ဝင်ခွင့်စာရင်း” အား အသိအမှတ်မပြုဘူးလို့ကြေညာ

၂၀၂၂ ခုနှစ် အကြမ်းဖက်စစ်အုပ်စုတို့၏ ”တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူများနှင့်ကလေးတက္ကသိုလ်ဝင်ခွင့်စာရင်း” အား အသိအမှတ်မပြုဘူးလို့ ကလေးတက္ကသိုလ်ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီက ဧပြီ၇ရက်နေ့မှာ ကြေညာချက်အမှတ် ၁/၂၀၂၂ နဲ့ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတို့၏”တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသူများကို အသိအမှတ်မပြုဘဲ စစ်အုပ်စုနဲ့ပတ်သတ်ရင် အမည်ပျက်စာရင်းတင်သွင်းမယ်လို့ ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီကဆိုပါတယ်။

"အကြမ်းဖက်စစ်အုပ်စုဟာ ပညာတတ်မြှောက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိအာဏာတည်မြဲရေးကိုပြသရန် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျင်းပလျက်ရှိတယ်"လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အကြမ်းဖက် နှိမ်နင်းလုပ်ရပ်များကြောင်း ကလေးတက္ကသိုလ်မှကျောင်းသား ၆ ဦး၊ ကျောင်းသူ ၁ ဦးနဲ့ ကျောင်းသားတချို့ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ဆိုပါတယ်။

========================

📌📌အမေရိကန်နိုင်ငံ နယူးဂျက်စီတွင် မြန်မာ့နှစ်သစ်ကူး စျေးရောင်းပွဲတော်ကျင်းပရင်းနဲ့ ငွေတိုက်စာချုပ်များရောင်းချပေးမယ်

အမေရိကန်နိုင်ငံ နယူးဂျက်စီတွင် မြန်မာ့နှစ်သစ်ကူး စျေးရောင်းပွဲတော်ကျင်းပရင်းနဲ့ ငွေတိုက်စာချုပ်များရောင်းချပေးမယ်လို့ ဧပြီ ၇ ရက်နေ့မှာ ယူနိုက်တက် ဘွန်း၏သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရအတွက် လိုအပ်နေတဲ့ ဘဏ္ဍာငွေကို ဖြည့်ဆည်းနိုင်ရန် အဓိက အထောက်အကူဖြစ်တဲ့ ငွေတိုက်စာချုပ်များကို အမေရိကန်နိုင်ငံနယူးဂျက်စီတွင် ကျင်းပပြုလုပ်မည့်
မြန်မာ့နှစ်သစ်ကူး စျေးရောင်းပွဲတော်မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်"လို့ဖော်ပြထားပါတယ်။

အဆိုပါနှစ်ကူးပွဲတော်ကို ဧပြီ ၂၄ ရက် နေ့လည်၁၂ နာရီမှ ညနေ ၄ နာရီအထိ အမေရိကန်နိုင်ငံ နယူးဂျက်စီမှာကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ငွေတိုက်စာချုပ်ပေါင်း ခုနစ်သောင်းကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရကရောင်းချခဲ့ရပြီးဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment