၂၀၂၅ သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲဆိုတာ နိုင်ငံရေး ထောင်ချောက်တခုဖြစ်တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး ဆို
📌 ၂။ အာရုံစိုက်ခံရမှုကနေ လွဲချော်နေတဲ့ မြန်မာနိုင်ငံကို မေ့ထားလို့မရဘူးလို့ ဂျာမနီသံရုံးအကြီးအကဲဆို
📌 ၃။ မော်လိုက်မြို့အနီး ရစ်ခ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ ABSDF နဲ့ မန္တလေးဒေသ တော်လှန်ရေးအင်အားစု ဆို
🚩 ၂။ မြင်းခြံနယ် ဆုံရွာကထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးသေပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိ
🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ကြေညာချက် ထုတ်ပြန်
🚩 ၄။ ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနမှ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း အပါတ်စဥ် (၃) အတွက် သင်တန်းသား ခေါ်ယူခြင်း
🚩 ၅။ ပုဇွန်တောင် ၉ ရပ်ကွက်ရုံး၌ ဗုံးတွေ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲဆိုတာ နိုင်ငံရေး ထောင်ချောက်တခုဖြစ်တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး ဆို
သြဂုတ်လ (၂၂)ရက်
အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဆိုတာဟာ သူတို့ရင်ဆိုင်နေရတဲ့ အထွေထွေ အကြပ်အတည်းတွေကို လျော့ချနိုင်ဖို့လုပ်တဲ့ နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်တခုသာဖြစ်တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး က ပြောဆိုလိုက်ပါတယ်။
အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး က အာဏာသိမ်းစစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သူတို့ရဲ့သဘောထားကို ဒီနေ့ ဩဂုတ် ၂၂ မှာ ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ ဆိုတာဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာအတွက် ထွက်ပေါက်မဟုတ်သလို အဖြေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေမဟုတ်တဲ့အပြင် ပြဿနာကို ပိုမိုရှုပ်ထွေးစေပြီး ပိုမို ခက်ခဲကြပ်တည်းစေတဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ အသိပေးပါတယ်။
စစ်အာဏာရှင်တွေ အာဏာ သက်ဆိုးရှည်ရေး၊ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရစေရေး၊ သူတို့ ရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေး စတဲ့ အထွေထွေအကြပ်အတည်းတွေကို လျော့ချနိုင်ရေး ရည်ရွယ်ဆောင်ရွက်နေတဲ့ နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဆန္ဒနဲ့အညီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က ဖျက်သိမ်း ခဲ့ပြီးဖြစ်တဲ့အတွက် စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ဖို့ ကြံစည်နေတာကို လုံးဝ လက်မခံဘူးလို့လည်း ပြေားထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၁၂ ရပ်၊ NUG နဲ့တကွ တော်လှန်ရေးအင်အားစုတွေ စွဲကိုင်ထားတဲ့ ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထားအပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောတူညီ ချက် နဲ့ ဘုံရည်မှန်းချက်တွေကသာ လက်ရှိ မြန်မာ့နိုင်ငံရေးရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်တယ်လို့ အာဏာရှင် စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေးက ယုံကြည်ထားပါတယ်။
လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကသာ မြန်မာ့နိုင်ငံရေးပြဿနာ ကို အပြီးသတ်ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းကောင်းဖြစ်တဲ့အတွက် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံးနဲ့အတူ ပြည်သူ့အားနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေးက ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
📌📌 ၂။ အာရုံစိုက်ခံရမှုကနေ လွဲချော်နေတဲ့ မြန်မာနိုင်ငံကို မေ့ထားလို့မရဘူးလို့ ဂျာမနီသံရုံးအကြီးအကဲဆို
သြဂုတ်လ (၂၂)ရက်
အာရုံစိုက်ခံရမှုကနေ လွဲချော်နေတဲ့ မြန်မာနိုင်ငံကို မေ့ထားလို့မရဘူးလို့ ရန်ကုန်မြို့တော်မှာရှိတဲ့ ဂျာမနီသံရုံး အကြီးအကဲ မားသီးရာ့စ်လစ်ရှ်ရှာ့စ် က ဆိုပါတယ်။
ရန်ကုန်မြို့တော်မှာရှိတဲ့ ဂျာမနီသံရုံးကိုရောက်တာ လဝက်ခန့်သာရှိသေးတဲ့ ဂျာမနီသံရုံး အကြီးအကဲ မားသီးရာ့စ် လစ်ရှ်ရှာ့စ် က ဒီနေ့ ဩဂုတ်လ ၂၂ ရက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့အကျပ်အတည်းမျိုးစုံရှိနေတဲ့ကာလမှာ မြန်မာနိုင်ငံဟာ မေ့လျော့ခံမဖြစ်သင့်ဘူးလို့ ဂျာမနီသံရုံး အကြီးအကဲက ဆိုပါတယ်။
ကမ္ဘာ့တဝှမ်းရဲ့အာရုံစိုက်မှုတွေက အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ယူကရိန်းစစ်ပွဲကို ရောက်ရှိနေကြတာကြောင့် မြန်မာနိုင်ငံ ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်ခံရမှုကနေ လွဲချော်နေတာလို့လည်း ရှင်းပြထားပါတယ်။
လူဦးရေ အရွယ်အစားနဲ့ဆိုရင် ပြင်သစ်နိုင်ငံနဲ့ဆင်တူတဲ့ မြန်မာနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာမှာရှိနေခြင်းက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုနဲ့ ဖြစ်တည်မှုအကျိုးကို ရစေပါတယ်လို့ နိုင်ငံခြားရေးပေါ်လစီ ကျွမ်းကျင်သူ တယောက်လည်းဖြစ်တဲ့ ဂျာမနီသံရုံး အကြီးအကဲ မားသီးရာ့စ် လစ်ရှ်ရှာ့စ် က ပြောထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေဟာ သတင်းကောင်းတွေဟုတ်မနေဘဲ ဆယ်စုနှစ်တခုစာ ထိလွယ်ရှလွယ် နုနယ်ခဲ့တဲ့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုတွေ ပျက်စီး သွားခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံကပဋိပက္ခတွေကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေကို ဖြစ်စေသလို နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေ အဖြစ် ဒုက္ခသည်တွေ စီးဆင်းမှု၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်အနီးက လက်နက်ကိုင်တိုက်ပွဲတွေ၊ ဆိုက်ဘာရာဇ၀တ်မှု၊ မူးယစ် ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်းမှု အပါအဝင် ဒေသဆိုင်ရာလုံခြုံရေးနဲ့ အခြားအန္တရာယ်တွေ ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဂျာမနီသံရုံး အကြီးအကဲ က ထောက်ပြထားပါတယ်။
ဒီလိုအခြေအနေတွေမှာ ပြည်တွင်းမှာဖြစ်စေ၊ နိုင်ငံပြင်ပမှာဖြစ်စေ သူတို့ရဲ့ အခွင့်အရေးတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာလူငယ်တွေနဲ့ အလုပ်ကြိုးစားတဲ့ မြန်မာလူမျိုးတွေအပေါ် ဂျာမနီအစိုးရအနေနဲ့ အာရုံစိုက်ပေးနေသလို မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံမှုဖို့ လိုအပ်နေဆဲဖြစ်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုရရှိရေး ပံ့ပိုးကူညီပေးကြဖို့ ရန်ကုန်မြို့တော်မှာရှိတဲ့ ဂျာမနီသံရုံး အကြီးအကဲ မားသီးရာ့စ်လစ်ရှ်ရှာ့စ် က တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ မော်လိုက်မြို့အနီး ရစ်ခ်တာစကေး ၅ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်
သြဂုတ်လ (၂၂)ရက်
စစ်ကိုင်းတိုင်း မော်လိုက်မြို့အနီးမှာ ရစ်ခ်တာစကေး ၅ဒသမ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်လ ၂၂ ရက် မြန်မာစံတော်ချိန် မနက် ၁၁ နာရီ ၂၆ မိနစ်ခန့်အချိန်မှာ မော်လိုက်မြို့ရဲ့ တောင် - အနောက်တောင် ဘက် ၃၅ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀၃ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ ရစ်ခ်တာ စကေး ၅ ဒသမ ၆ အဆင့် မြေငလျင်တခု လှုပ်ခတ်ခဲ့တာလို့ အသိပေးပါတယ်။
မနေ့ ဩဂုတ်လ ၂၁ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်တုန်းကလည်း ရန်ကုန်တိုင်း၊ သုံးခွမြို့ရဲ့ တောင် - အရှေ့တောင်ဘက် ၆၆ ကီလိုမီတာအကွာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာ စကေး ၄ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါသေးတယ်။
ထို့အတူ ဩဂုတ်လ ၂ဝ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်ခန့်အချိန်မှာ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက် ၆၃ ကီလို မီတာအကွာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့သလို ည ၁၀နာရီ ၄၉ မိနစ်ခန့်အချိန်မှာ လည်း သုံးခွမြို့ရဲ့ အရှေ့တောင်ဘက် ၆၈ ကီလိုမီတာအကွာ မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်းအနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာ စကေး ၄ ဒသမ ၁ အဆင့်ရှိတဲ့ မြေငလျင်တခု ထပ်လှုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာထောက်ထား ရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန မှတ်တမ်းအရ သိရပါတယ်။
မြန်မာ့ကမ်းရိုးတန်းအနီးမှာ ငလျင်ငယ်တွေ တောက်လျောက်လှုပ်ခတ်နေတဲ့အတွက် ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး မှုတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ လူသားစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အာဏာရှင်စနစ်ဆန့်ကျင်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ ABSDF နဲ့ မန္တလေးဒေသ တော်လှန်ရေးအင်အားစု ဆို
သြဂုတ်လ (၂၂)ရက်
အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူထုအကျိုးသယ်ပိုရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ မန္တလေးဒေသတော်လှန်ရေးအင်အားစု တို့က ပူးတွဲကြေညာ လိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့မန္တလေးဒေသတော်လှန်ရေးအင်အားစု (မန်း စုံညီ) တို့ မနေ့ ဩဂုတ်လ ၂၁ ရက်နေ့က အွန်လိုင်းကနေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ အခုလို ပူးတွဲကြေညာလိုက်တာဖြစ် ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ဗဟို အလုပ်အမှုဆောင် ကိုယ်စားလှယ်အဖွဲ့နဲ့ မန္တလေးဒေသတော်လှန်ရေးအင်အားစု (မန်း စုံညီ) တို့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ဒီတွေဆုံမှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဘက်က ၈ လေးလုံး လူထုအရေးတော်ကနေ လက်ရှိ နွေဦးတော်လှန်ရေးအထိ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေနဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး စစ်ရေးအခြေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ စစ်အာဏာရှင်ဆန်ကျင်ရေး ပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေး ကော်မတီအပါအဝင် မန္တလေးဒေသတော်လှန်ရေးအင်အားစု (မန်း စုံညီ) ဘက်ကလည်း မန္တလေးဒေသအတွင်း တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာမှုနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းများအရေးနဲ့ နိုင်ငံတကာရေးရာပူးပေါင်းဆောင်ရွက်ရေးအတွက် ပြင်ဆင်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဆွေးနွေးမှုကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ မန္တလေးဒေသတော်လှန်ရေးအင်အားစု (မန်း စုံညီ) တို့အနေနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံတကာရေးရာလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီမှုနဲ့ လူထဝန်ဆောင်မှုလုပ်ငန်းတွေ အရပ်သားပြည်သူကာကွယ်ရေး စတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး၊ လူထုအကျိုး သယ်ပိုရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်က ဆိုထားပါတယ်။
ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကိုတော့ ကဏ္ဍအလိုက် ဆက်လက်ဆွေးနွေးဖော်ထုတ်သွားဖို့ နှစ်ဖက် သဘောတူညီ ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မြင်းခြံနယ် ဆုံရွာကထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးသေပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိ
သြဂုတ်လ (၂၂)ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာက စစ်သားတွေလိုက်ပါလာတဲ့ ထော်လာဂျီနဲ့ ဆိုင်ကယ်တွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁ဝ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
မနေ့ ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ ဆုံရွာကနေ ထော်လာဂျီတစီး၊ ဆိုင်ကယ် ၃ စီး နဲ့ထွက်လာတဲ့ စစ်သားတွေ ကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် - ၁၀ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ မန္တလေးခရိုင် တပ်ရင်း - ၅၊ ကျားမင်း - LPDF၊ ငန်းနက် - LPDF၊ မြောက်ပိုင်းသား - LPDF၊ အမရပူရ - ပကဖ တို့က ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးခန့် သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရပြီး G3 ၃ လက်၊ MA-11 တလက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၁၆ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ နွားထိုးကြီး PDF က အသိပေးပါတယ်။
တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်တိုက်ခိုက်ချိန်မှာ စစ်သားတွေ ကစဉ့်ကလျားထွက်ပြေး သွားပြီးမှာ ပြန်လည်ခုခံတိုက်ခိုက် နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
မြင်းခြံမြို့နယ် ဆုံရွာမှာရှိတဲ့စစ်သားတွေနဲ့ ငါန်းဇွန်မြို့နယ် ငါန်းမြာရဲစခန်းက စစ်ကူတွေရောက်လာတဲ့အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိအောင် ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ နွားထိုးကြီး PDF ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ကြေညာချက် ထုတ်ပြန်
သြဂုတ်လ (၂၂)ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ( ၁/၂၀၂၅)ကြေညာချက်တစ်စောင်ကို သြဂုတ်လ (၂၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ခွင့်ပြုချက်(သို့မဟုတ်)ထောက်ခံချက် တစ်စုံတစ်ရာမပါဘဲ မိမိတို့တပ်ရင်း၏ အမည်ဖြင့် တော်လှန်ရေးနယ်မြေအချို့တွင် ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တပ်ရင်းပုံရိပ်ကို အလွဲသုံးစားလုပ်၍ ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်းများအား ရှောင်ကြဉ်ရန်နှင့်အလားတူဖြစ်ရပ်များ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ထုတ်ပြန်ကြေညာထားပါသည်။
========================
🚩🚩 ၄။ ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနမှ လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း အပါတ်စဥ် (၃) အတွက် သင်တန်းသား ခေါ်ယူခြင်း
သြဂုတ်လ (၂၂)ရက်
ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနမှ နှစ်စဥ်ပြုလုပ်လျှက်ရှိသော လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း အပါတ်စဥ် (၃)အတွက် သင်တန်းသားများကို ခေါ်ယူလျှက်ရှိတယ်လို့ သိရပါတယ်။
စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီနှင့် နိုင်ငံရေးခေါင်းဆောင်မှုပညာများကိုသိရှိနားလည်ပြီး အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် လူငယ်များဦးဆောင်ပါဝင်လာနိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းကာလ ၃(လ)ဖြစ်ပြီး၊သတ်မှတ်သင်တန်းသားဦးရေ (၄၅)ဦးဖြစ်ကာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းလျှောက်လွှာများအား စက်တင်ဘာလ (၁၀)ရက်နေ့အမှီ ကယန်းပြည်သစ်ပါတီဝင် လူငယ်ရုံးချုပ်သို့လာရောက် အပ်နှံလျှောက်ထားနိုင်ပါသည်။သင်တန်းအချက်အလက်များ၊ လျှောက်လွှာပုံစံများကို ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာန Pageတွင် အသေးစိတ် ဝင်ရောက်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါသည်။
ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနအနေနဲ့ ၂၀၂၃ခုနှစ်မှ စတင်ကာ ကယန်းဒေသအတွင်းရှိ လူငယ်များကို နိုင်ငံရေးဆိုင်ရာနှင့် အထွေထွေသုတ စွမ်းရည်များမြင့်တင်စေရန် နှစ်စဉ်ပြုလုပ်လျှက်ရှိသော သင်တန်းဖြစ်ပြီး အပတ်စဉ်(၁/၂)အတွင်း သင်တန်းသား/သူ (၅၄)ဦးအထိ သင်ကြားပို့ချပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီဝင်လူငယ် သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ပုဇွန်တောင် ၉ ရပ်ကွက်ရုံး၌ ဗုံးတွေ့
သြဂုတ်လ (၂၂)ရက်
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ ၉ ရပ်ကွက်ရုံး၌ ယနေ့ ဩဂုတ်လ ၂၂ ရက် မနက်တွင် ဗုံးတွေ့ရှိခဲ့ကြောင်း RangoonScoutNetworkတွင် အသိပေးဖေါ်ပြထားပါသည်။
မနက် ၁၀ နာရီခွဲခန့်တွင် DC ၂ စီး၊ ဆလွန်း ၁ စီးဖြင့် အကြမ်းဖက်စစ်တပ်မှ တပ်သားအများအပြားဟာ ၉ ရပ်ကွက်ရုံးသို့ ရောက်ရှိလာပြီးနောက် မနက် ၁၁ နာရီကျော်တွင် ရေကျော်လမ်း (ဗိုလ်ချုပ်လမ်းနှင့် ဦးရွှေဂွန်းလမ်းကြား)ကို ပိတ်ချလိုက်သည်။
ထို့နောက် မနက် ၁၁ နာရီ ၄၀ ခန့်တွင် ဗုံးကို သိမ်းယူသွားကြပြီး နေ့လည် ၁၂ နာရီ ၂၀ ခန့်တွင် ရေကျော်လမ်းကို ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ မရမ်းကုန်း၊ သာကေတ လှိုင်မြို့နယ် များတွင် လမ်းသွယ်တွေထဲအထိ အကြမ်းဖက်တပ်သားများမှ ဧည့်စစ်အင်အား စုစုပေါင်း ၃၀ ခန့်ဖြင့် ဧည့်စာရင်းဝင်စစ်နေခဲ့ကြောင်း သိရှိရသည်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်နွေဦးရွှေဝါတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment